Published 28 December 2021
ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့မှ Relief Flight ဖြင့် ပြန်လည်ရောက်ရှိလာတဲ့ မြန်မာနိုင်ငံသား(၄)ဦးထံတွင် အိုမီခရွန်မျိုးဗီဇကွဲကူးစက်မှုတွေ့ရှိရတယ်လို့ နစက ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ ဒီဇင်ဘာ ၂၈ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။
အဆိုပါတွေ့ရှိသူ(၄)ဦးမှာ ပြည်ပနိုင်ငံများမှပြန်လည်ရောက်ရှိလာကြပြီး ကိုဗစ်ကူးစက်မှုတွေ့ရှိရသူ(၃၀)ဦးတို့ကို ဒီဇင်ဘာ ၁၄ရက်နေ့တွင် မျိုးဗီဇကွဲစတင်စစ်ဆေးခဲ့ပါတယ်။ ထိုသို့စစ်ဆေးတဲ့အခါမှာ ဒီဇင်ဘာ ၂၈ရက်ယနေ့တွင်ရရှိတဲ့အဖြေများအရ ယူအေအီးနိုင်ငံ ဒူဘိုင်းကပြန်လည်ရောက်ရှိလာတဲ့ မြန်မာနိုင်ငံသား(၄)ဦးမှာ အိုမီခရွန်ကူးစက်ခံထားရတာကိုတွေ့ရှိရတာ ဖြစ်ပါတယ်။ကျန်(၂၆)ဦးကတော့ ဒဲလ်တာ မျိုးဗီဇကွဲကူးစက်ခံထားရတာကို တွေ့ရှိရတယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အိုမီခရွန်ကူးစက်ခံထားရတဲ့ (၄)ဦးအနက် (၁)ဦးသာ သာမန်ရောဂါလက္ခဏာတွေ့ရှိရပြီး ကျန်(၃)ဦးမှာ ရောဂါလက္ခဏာမတွေ့ရှိရဘူးလို့လည်းသိရပါတယ်။
အဆိုပါ(၄)ဦးစလုံးကို ကုသရေးစင်တာတွေမှာ စောင့်ကြည့်ကြည့်ရှုပြီး သတ်မှတ်ရက်ပြည့်ပြီးနောက် ကျန်းမာရေးကောင်းမွန်တဲ့အတွက် ကုသရေးစင်တာကနေ ဆင်းခွင့်ပြုခဲ့တယ်လို့လည်း ကြေညာချက်မှာဖော်ပြထားပါတယ်။
လက်ရှိအချိန်တွင်လည်း ထို(၄)ဦးစလုံး ကျန်းမာရေးကောင်းမွန်နေပါတယ်လို့လည်း သတင်းထုတ်ပြန်ချက်အရသိရပါတယ်။