#LocalNews

Published - 24 Dec 2021

 

ဒေသတွင်းတိုက်ပွဲများ လျော့ပါးစေရန်နှင့် ရပ်တန့်စေရန် ရှမ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေကို ဆက်လက်လုပ်ဆောင်နေတယ်လို့ ရှမ်းပြည်သံဃာနှင့် ပြည်သူငြိမ်းချမ်းရေးပူးပေါင်းဆောင်ရွက်ရေးကော်မတီမှ သိရပါတယ်။

 

အဆိုပါဆွေးနွေးမှုရလဒ်တွေကြောင့် လက်ရှိရှမ်းပြည်နယ်အတွင်းမှာ တိုက်ပွဲဖြစ်ပွားမှုတွေလည်း လျော့နည်းလာတယ်လို့ ရှမ်းငြိမ်းချမ်း ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက အခုလို ပြောပြခဲ့ပါတယ်။

 

" ဆွေးနွေးမှုတွေကို ကျွန်တော်တို့ ဆက်လုပ်နေပါတယ်။ တချို့အဖွဲ့ တွေနဲ့လည်း ဆွေးနွေးပြီးပြီ။ တချို့အဖွဲ့တွေနဲ့လည်း တွေ့ဆုံဆွေးနွေးခွင့်ရဖို့ ဆက်လက်ဆောင်ရွက်နေပါတယ်။ ပြောရရင် ညှိနှိုင်းဆွေးနွေးနေဆဲပါပဲ။ ဒေသတွင်းတိုက်ပွဲတွေကလည်း မရှိသလောက်နည်းသွားပါပြီ။ အခုနောက်ပိုင်းမှာတော့ ဒေသတွင်းတည်ငြိမ်လာပြီပေါ့။ သို့သော်လည်း စစ်ဘေးရှောင်ပြည်သူတွေကတော့ နေရပ်မပြန်နိုင်သေးဘူး၊ ကျောက်မဲမြို့ပေါ်မှာပဲ စစ် ရှောင်စခန်းတွေဖွင့်လှစ်ပြီး ကျွန်တော်တို့ လက်ခံစောင့်ရှောက်ပေးထားပါတယ်။"လို့ ရှမ်းငြိမ်းချမ်းရေးကော်မတီ မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့ပါတယ်။

 

ဒါ့အပြင် စစ်ပွဲသည် ပြဿနာဖြေရှင်းတဲ့နည်းလမ်းမဟုတ်ဘဲ စစ်ပွဲတွေအမြန်ဆုံးရပ်စဲပြီး ဆွေးနွေးညှိနှိုင်းသောနည်းလမ်းနဲ့ ပြဿနာကို အမြန်ဖြေရှင်းကြဖို့ကိုလည်း ရှမ်းပြည်သံဃာနှင့် ပြည်သူငြိမ်းချမ်းရေး ပူးပေါင်းဆောင်ရွက်ရေးကော်မတီက တိုက်တွန်းထားပါတယ်။

 

အဆိုပါ ရှမ်းပြည်နယ်( မြောက်ပိုင်း)နယ် မြေဒေသအတွင်းမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဖြစ်တဲ့ RCSS နှင့် SSPP, TNLA တို့အကြား ယခုနှစ် ဇွန်လဆန်းကစပြီး စစ်ရေးတင်းမာမှုတွေဖြစ်ပေါ် ခဲ့ပြီး ယနေ့အထိ ပြည်နယ်အတွင်းက နေရာဒေသအချို့ မှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေခဲ့တာပါ။

 

ဒါကြောင့်လည်း ကျောက်မဲမြို့ပေါ်မှာ စစ်ဘေးရှောင်စခန်း(၄)ခုအထိ ဖွင့်လှစ်ပေးထားရပြီး စစ်ဘေးရှောင်ပြည်သူလူဦးရေ ၁,၀၀၀ ကျော်ခန့်ကို ဒေသခံတွေက ကူညီစောင့်ရှောက်ပေးထားရတယ်လို့လည်း သိရပါတယ်။

#Yangon_Media_Group