Published 19 December 2021

ဒီဇင်ဘာ ၁၈ရက် စနေနေ့ညက မြန်မာနိုင်ငံသား ၁၄ ဦးကို ထိုင်းနိုင်ငံ တောင်ပိုင်းနယ်စပ်ခရိုင် ဆာဒေါင်းမှာ မလေးရှားနယ်စပ်ကို သွားရောက်ဖို့ပြင်ဆင်နေတုန်း ဖမ်းဆီးရမိခဲ့ပါတယ်လို့ ဘန်ကောက်ပို့စ်က ရေးသားပါတယ်။

ဆာဒေါင်းရဲစခန်းရှေ့က စစ်ဆေးရေးဂိတ်မှာတာဝန်ကျတဲ့ရဲတွေဟာ တိုရိုတာပစ်ကပ်ကားတစ်စီးရဲ့ နောက်ဖက် ပတ္တူစနှင့် ဖုံးထားတာ မသင်္ကာဖွယ်တွေ့တဲ့အတွက် စစ်ဆေးဖို့ အဲဒီကားကိုရပ်တန့်ခိုင်းခဲ့ပါတယ်။

ဒါပေမယ့် ပစ်ကပ်ယာဉ်မောင်းကရပ်မပေးတဲ့အပြင် စစ်ဆေးရေးဂိတ်ကို အရှိန်နှင့်ဖြတ်ကျော်သွားတဲ့အတွက် ရဲတွေက နောက်ကလိုက်ခဲ့ပါတယ်။

၁၀ကီလိုမီတာခန့်ရောက်တဲ့အခါ ရဲတွေက ရှေ့ဘီးနှင့်နောက်ဘီးတွေကို သေနတ်နှင့်ပစ်ပြီး ကားကိုရပ်တန့်စေခဲ့ပါတယ်။ အဲဒီနောက် ရဲကားက အဲဒီကားရဲ့ရှေ့မှာပိတ်ဆို့ရပ်တန့်လိုက်ပါတယ်။

ယာဉ်မောင်းက ကားကိုနောက်ဆုတ်ပြီး ထွက်ပေးဖို့ကြိုးစားပေမယ့် နောက်မှာရှိနေတဲ့ ရဲပစ်ကပ်ကားနှင့် တိုက်မိသွားလို့ ယာဉ်နှစ်စီးလို့ ထိခိုက်ပျက်စီးခဲ့ပါတယ်။

အဲဒီနောက် ကားထဲမှာ အမျိုးသား၁၁ဦးနှင့် အမျိုးသမီး(၃)ဦးပါဝင်တဲ့ မြန်မာနိုင်ငံသား ၁၄ဦးအုပ်စုကို ရဲတွေကတွေ့ရှိသွားခဲ့ပါတယ်။ ပစ်ကပ်ယာဉ်မောင်းဟာ အီကာရက် ကရိတ်ကော အမည်နှင့် ထိုင်းနိုင်ငံသာဖြစ်ပါတယ်။သူဟာ ဆွန်ခါလာခရိုင်ဟတ်ရိုင်ကဖြစ်ပါတယ်။

သူတို့ဟာ ပရာချတ်ခီရီခန်ပြည်နယ်က သဘာဝဝင်ထွက်ပေါက်ကနေ တစ်ဆင့် နယ်စပ်ကိုဖြတ်ကျော်လာခဲ့ပြီး ဆွန်ခါလာခရိုင်၊ဟတ်ရိုင်ကို ကားနှင့်ခရီးဆက်ခဲ့ကြတာလို့ ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားတွေက ပြောပါတယ်။

ဟတ်ရိုင်ကနေ သူတို့ကို အီကာရက်က ဆာဒေါင်းကို ပစ်ကပ်နှင့်ဆက်လက်မောင်းပို့ပေးတာဖြစ်ပြီး အဲဒီမှာ သူတို့ဟာ အလုပ်ရဖို့ မလေးရှားနယ်စပ်ကိုထပ်ပြီးဖြတ်ကျော်မယ်လို့သိရပါတယ်။ အဲဒီကိုမရောက်ခင် သူတို့ဖမ်းဆီးခံကြရတာဖြစ်ပါတယ်။

အလုပ်ရဖို့ ပွဲစားထံ တစ်ယောက်ကို ဘတ်ငွေ နှစ်သောင်းခွဲပေးခဲ့ရတယ်လို့ သူတို့ကပြောပါတယ်။

ယာဉ်မောင်းကိုတော့ လူတစ်ယောက်ကို ဘတ်၅၀၀၀နှုန်းနှင့် ပို့ဆောင်ခပေးခဲ့ရတာဖြစ်ပါတယ်။

Source Bangkok Post