#LocalNews

Published - 19 Dec 2021

 

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ်အတွင်းရှိ တန်ခိုးကြီးဘုရားဖြစ်သော ဣစ္ဆာဿယဇလုံတောင်တော် ဘုရားစေတီများနှင့် ကျောက်မဏ္ဍပ်ဘုရားစေတီများ (၂၄)နာရီ လျှပ်စစ်မီးလင်းရေးအတွက် ဒီဇင်ဘာ ၃ ရက်မှစတင်ကာ လျှပ်စစ်မီးတိုင်းများ စိုက်ထူခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပြီးနောက် ယခုအခါ (၂၄) နာရီ လျှပ်စစ်မီးရနေပြီဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က သိရသည်။

 

ဘုရား၊ စေတီများ၊ ကျောက်မဏ္ဍပ်ဘုရားစေတီများ၊ သာသနာ့အဆောက်အအုံများ၊ဘုရားဖူးလာရောက်ကြသူများတည်းခိုမည့် အဆောက်အအုံများ၊ဈေးဆိုင်ခန်းများ (၂၄) နာရီ လျှပ်စစ်ရရှိရေးအတွက် ဇလုံတောင်တောရကျောင်းတိုက် ဆရာတော် ဦးအာလောက(ဓမ္မာစရိယ)မှ ဦးဆောင်၍ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ အကုန်အကျခံဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ဗန်းမောက်မြို့နယ် ခမိုးကျေးရွာမှ ဣစ္ဆာဿယဇလုံတောင်တော် ရင်ပြင်အထိ လျှပ်စစ်မီးလင်းရေးအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် ၁၃၄ ဒသမ ၁၁ သန်းဖြင့် ၂၀၀ ကေဗွီအေ ထရန်စဖေါ်မာတစ်လုံးနှင့် ၁၁ ကေဗွီဓါတ်အားလိုင်းတို့ကို တည်ဆောက်ခြင်း၊ လျှပ်စစ်မီးကြိုးသွယ်တန်းခြင်းနှင့် လျှပ်စစ်မီးကွန်ကရစ်တိုင်များ စိုက်ထူးခြင်းကို တင်ဒါအောင်မြင်ခဲ့သော စည်ပိုင်ဖြိုးကုမ္ပဏီမှ အင်ဂျင်နီယာ ဦးဖြိုးသန့်က တာဝန်ယူ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

"ဇလုံတောင်မှာ လျှပ်စစ်မီးရဖို့နဲ့ အသက်ကြီးသူတွေအတွက် ဓါတ်လှေကားတပ်ဆင်ဖို့ ဇလုံတောင်ဆရာတော်က ပြီးခဲ့တဲ့နှစ်ကပဲ မိန့်ကြားခဲ့တာပါ၊အခုကတော့ လျှပ်စစ်မီးကိုပဲ အရင်ဆုံးလုပ်တာ ဖြစ်ပါတယ်"ဟု ဇလုံတောင်တော်တွင် လျှပ်စစ်လုပ်ငန်းလုပ်နေသူတစ်ဦးကပြောသည်။

 

ဇလုံတောင် ဘုရားသွားလမ်းတွင် လျှိုမြောင်များပေါများခြင်း၊ တောင်တက် တောင်ဆင်းများ ပေါများခြင်း၊ စိမ့်စမ်းများထူထပ်ပေါများခြင်းတို‌့ကြောင့် မိုးရွာသွန်းပါက လမ်းများမကြာခဏ ပျက်စီးသဖြင့် မိုးတွင်းကာလ(၄)လတာအချိန်အတွင်း၌ ဘုရားဖူးသွားလာလည်ပတ်မှုများကို ယာယီ ရပ်နားထားကြရသည့်အတွက် ယခုအခါ ရာသီမရွေးသွားလာနိုင်ရန် ရည်ရွယ်၍ တောင်ပတ်လမ်း တစ်လျှောက် လမ်းဘေးဝဲ၊ ယာတို့တွင် ကျောက်စီရေမြောင်းများ တိုးချဲ့ ပြုပြင်နေကြောင်း သိရသည်။

 

ယင်းလုပ်ငန်းများကို ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေကျပ် ၂၂ သန်းဖြင့် Galaxy Steel ကုမ္ပဏီမှ အောက်တိုဘာလ(၁)ရက်မှစတင်၍ အလျား(၂)မိုင်၊ အကျယ်(၅)ပေ၊ အမြင့်(၃)ပေရှိ ကျောက်စီရေမြောင်းလုပ်ဆောင်ခြင်း ၊ အရှည်(၂) မိုင်၊ အကျယ်(၁၈)ပေ၊ အမြင့်(၉)လက်မရှိသောမြေသားလမ်းကို ကျောက်ချောလမ်းအဖြစ် ဆောင်ရွက်ခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။

#Yangon_Media_Group