#LocalNews

Published - 19 Dec 2021

 

ပုလဲ အတွဲများကို ယနေ့ ဒီဇင်ဘာလ ၁၉ ရက်တွင် အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ဆက်လက်ရောင်းချပေးမည်ဖြစ်ကြောင်း မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီက သိရသည်။

 

နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဒီဇင်ဘာလ ၂၂ ရက်ထိ ကျင်းပနေသည့်အဆိုပါ ပြပွဲတွင် ဒီဇင်ဘာလ ၁၈ ရက် မနေ့ကပြသရောင်းချခဲ့သည့် ပုလဲအတွဲမှာ ပုလဲအတွဲ ၃၃၀ အနက် အတွဲ ၂၂၀ ကို ရောင်းချခဲ့ရပြီး ကျန်အတွဲများကို ယနေ့ ဒီဇင်ဘာလ ၁၉ ရက်တွင် ဆက်လက် ရောင်းချမည် ဖြစ်ကြောင်း သိရသည်။

 

"ကုန်သည်တွေက အဆိုပြုဈေးနှုန်းလွှာတွေကို တင်ဒါပုံးမှာ ထည့်ရတယ်။အဲဒါကိုမှ အိတ်ဖွင့်တင်ဒါ ဖွင့်ဖောက်စစ်ဆေးရောင်းချပေးခဲ့တာဖြစ်ပါတယ်"ဟု မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီတာဝန်ရှိသူက ပြောသည်။

 

၂၀၂၁ ခုနှစ် ပုလဲအတွဲများနှင့် ကျောက်စိမ်းအတွဲများပြပွဲတွင် ပုလဲအတွဲပေါင်း (၃၃၀) နှင့် ကျောက်စိမ်း အတွဲပေါင်း (၇၈၀) တို့ကို ပြသ၍ ဒီဇင်ဘာ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် ပုလဲအတွဲများကို ရောင်းချပြီးပါက ကျောက်စိမ်းအတွဲများကို ဒီဇင်ဘာ ၂၀ ရက် မှ ဒီဇင်ဘာ ၂၂ ရက်ထိ ပြသရောင်းချမည်ဖြစ်ကြောင်း သိရသည်။

 

မြန်မာ့ကျောက်မျက်ရတနာပြပွဲများကို ၁၉၆၄ ခုနှစ်က စတင်ကျင်းပခဲ့ပြီး နိုင်ငံခြားငွေဖြင့် ရောင်းချသည့် ပြပွဲ ၉၅ ပွဲ၊ မြန်မာကျပ်ငွေဖြင့် ရောင်းချသည့် ပြပွဲ ၁၉ ပွဲ ကျင်းပပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်းနှင့် ယခုကျင်းပသည့် ၂၀၂၁ ခုနှစ် ပုလဲအတွဲများနှင့် ကျောက်စိမ်းအတွဲများ ပြပွဲသည့် နိုင်ငံခြားငွေဖြင့် ရောင်းချသည့် ၉၆ ပွဲမြောက်ဖြစ်ကြောင်း သိရသည်။

#Yangon_Media_Group