#LocalNews

Published - 19 Dec 2021

 

၂၀၂၁ အာဆီယံဆူဇူကီးဖလား ဘောလုံးပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နေတဲ့ မြန်မာ့လက်ရွေးစင်အသင်းအနေနဲ့ အုပ်စုအဆင့်နောက်ဆုံးပွဲစဥ်အဖြစ် ဒီဇင်ဘာလ ၁၈ ရက်နေ့ ညပိုင်း မြန်မာစံတော်ချိန် ည ၇ နာရီက စတင်ယှဥ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းကဖိလစ်ပိုင်အသင်းကို ၃ဂိုး ၂ ဂိုးနဲ့အရေးနိမ့်ကာ အုပ်စုတွင်း သုံးပွဲရှုံး တစ်ပွဲနိုင် ရမှတ် ၃ မှတ်သာရရှိပြီး အုပ်စုအဆင့်ကနေ လှည့်ပြန်ခဲ့ရပါတယ်။

 

မြန်မာအသင်းအနေနဲ့ လူစုံထုတ်ပွဲထွက်လာနိုင်ခဲ့သော်လည်း နောက်တန်းအားနည်းချက်တွေကြောင့် ဖိလစ်ပိုင်အသင်းရဲ့တိုက်စစ်ဖိအားပေးမှုကိုခံခဲ့ရပြီး ပထမပိုင်းမှာတင် ဖိလစ်ပိုင်အသင်းက သုံဂိုးအထိသွင်းယူကာ ပွဲကိုဦးဆောင်နိုင်ခဲ့ပါတယ်။

 

ဒုတိယပိုင်းမှာ မြန်မာအသင်းအနေနဲ့ ချေပဂိုးများပြန်လည်ရရှိရေးအတွက် လူစားထိုးအပြောင်းအလဲပြုလုပ်နိုင်ပြီး ချေပဂိုးနှစ်ဂိုးအထိရရှိအောင် စွမ်းဆောင်နိုင်ခဲ့သော်လည်း ပွဲအပြီးမှာ သုံးဂိုး နှစ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

 

မြန်မာအသင်းတွင် ကစားသမားတွေအဖြစ် ဂိုး- မျိုးမင်းလတ်၊ ပြည့်ဖြိုးအောင်၊ စိုးအာကာ၊ နောက်- အောင်နိုင်ဝင်း၊ ဒေးဗစ်ထန်း၊ ဟိန်းဖြိုးဝင်း၊ ဇော်ရဲထွန်း၊ ငြိမ်းချမ်း၊ ဝင်းမိုးကျော်၊ ရဲမင်းသူ၊ လယ်- လှိုင်းဘိုဘို၊ မောင်မောင်လွင်၊ မျိုးကိုထွန်း၊ ရန်နိုင်ဦး၊ နေမိုးနိုင်၊ မောင်မောင်ဝင်း၊ ရှေ့- သန်းပိုင်၊ ဆွမ်လမန်၊ ကောင်းထက်စိုး တို့ပါဝင်ပါတယ်။

 

မြန်မာအသင်းမှာ အုပ်စု(က)တွင် ထိုင်း၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ အရှေ့တီမောအသင်းများနဲ့ တစ်အုပ်စုတည်းကျရောက်ခဲ့ကာ တီမော အသင်းနဲ့ပွဲစဥ်သာ အနိုင်ရရှိခဲ့ပါတယ်။

#Yangon_Media_Group