#LocalPolitics

Published - 17 Dec 2021

ကရင်ပြည်နယ်အတွင်းရှိ လေးကေ့ကော်ဒေသမှာတပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြားဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ မြို့ပေါ်အထိ ပျံ့နှံ့လာမှာကို မြဝတီမြို့ ဒေသခံ အများအပြားက စိုးရိမ်လျက်ရှိနေကြပါတယ်။

ယမန်နေ့ညကလည်း လက်နက်ကြီး ပစ်ခတ်သံများကို မြဝတီမြို့ထဲကနေ ကြားနေရပြီး  ပေါက်ကွဲမှုအချို့ကိုလည်း မြဝတီမြို့ပေါ်ကနေလှမ်းမြင်နေရကြောင်း  ဒေသခံတွေက ဆိုပါတယ်။

"သတိထားပြီးဘဲ ဂရုစိုက်နေနေရတာပေါ့နော်။ တချို့အသိအိမ်နားတွေဆို ကျည်ခွံတွေ ဘာ တွေ ကျတယ်လို့ ကြားမိတယ်။ ဒီလိုဘဲ သတိထားပြီးနေရတာပေါ့၊ အဓိကက မြို့ ပေါ် တွေမှာပါ တိုက်ပွဲ တွေဖြစ်ပွားလာမှာကိုစိုးရိမ်နေရတာပေါ့ နော်။"လို့ မြဝတီမြို့  ဒေသခံတစ်ဦးက ရန်ကုန်တိုင်းမ်ကို အခုလို  ပြောပြခဲ့ပါတယ်။

အဆိုပါ လေးကေကော်ဒေသမှာဖြစ်ပွားနေတဲ့ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့  တွေရဲ့ တိုက်ပွဲတွေကြောင့် မြန်မာနိုင်ငံသား ၃၀၀၀ ခန့်ဟာ ထိုင်းနိုင်ငံ မဲဆောက်မြို့နယ်အတွင်းက မဲ့တောင်ကျေးရွာမှာ သွားရောက်တိမ်းရှောင်နေရတယ်လို့လည်း သိရပါတယ်။

လေးကေ့ကော်မြို့သစ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့မှစ၍ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် တွေကြား တိုက်ပွဲ တွေဖြစ်ပွားနေခဲ့တာဖြစ်ပြီး ယနေ့အထိလည်း နှစ်ဖက်တပ်ဖွဲ့များအကြား စစ်ရေးတင်းမာမှု တွေရှိနေတယ်လို့ သိရပါတယ်။

#YangonMediaGroup