#LocalNews

Published - 17 Dec 2021

မြန်မာ့ ဂီတ/ရုပ်ရှင် အနုပညာရှင် ဆရာကြီး ဗိုလ်ကလေးတင့်အောင်သည် ဒီဇင်ဘာ ၁၆ ရက်နေ့ညက ကွယ်လွန် အနိစ္စရောက်ခဲ့ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ယနေ့ မနက်ပိုင်းတွင် သတင်းတစ်ရပ်ထုတ်ပြန်ထားပါတယ်။

စွယ်စုံရအနုပညာရှင်ကြီးစည်သူဗိုလ်ကလေးတင့်အောင်ဟာ ကွယ်လွန်ချိန်မှာ အသက်နှစ် ၁၀၀ ရှိပြီဖြစ်ပြီး ဒီဇင်ဘာလ(၁၆) ရက်နေ့ည ၁၁နာရီတွင် ရန်ကုန်မြို့ SSC ဆေးရုံမှာ ၉၆ ပါးသောရောဂါနဲ့ ကွယ်လွန်သွားကြောင်း သိရပါတယ်။

ဆရာကြီး ဗိုလ်ကလေး တင့်အောင်ဟာ ဗမာ့လွတ်လပ်ရေးတပ်မတော်တွင် ပါဝင်ခဲ့သူ တပ်မတော်သားတစ်ဦး ဖြစ်ခဲ့ပြီး မြန်မာ့ ရုပ်ရှင်တစ်သက်တာ ထူးချွန်ဆုရ ရုပ်ရှင်ဒါရိုက်တာ၊ ဂီတစာဆို၊ ဇာတ်ညွှန်းရေးဆရာတစ်ဦး ဖြစ်ပြီး အမျိုးသား စာပေဆုရ စာရေးဆရာတစ်ဦးလည်းဖြစ်ပြီး စည်သူဘွဲ့ကို ချီးမြှင့်ခြင်း ခံခဲ့ရသူ ဖြစ်ပါတယ်။

ဘဘ ဗိုလ်ကလေးတင့်အောင်ဟာဆိုရင် သီချင်းတွေ ရေးသားခဲ့ရုံမက ရုပ်ရှင်ဘက်တွင်လည်း ၁၉၆၂ ခုနှစ်က ဆောင်းတညဝယ် ဇာတ်ကားနဲ့ ငယ်ကျွမ်းဆွေ ပြဇာတ်ကို ၁၉၅၀ ပြည့်နှစ်တွင်လည်းကောင်း၊ ယင်းရုပ်ရှင်ဇာတ်ကားကို ၁၉၇၅ ခုနှစ်တွင်လည်း ဒါရိုက်တာအဖြစ်လည်းကောင်း ရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။

အဖဦးဘသင်၊ အမိဒေါ်ဖွားသိမ်းတို့မှ ဇွန် ၃၊ ၁၉၂၂ တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့တွင် မွေးဖွားခဲ့ပြီး သားသမီးခြောက်ယောက်အနက် ဒုတိယသားဖြစ်ပါတယ်။

ရုပ်ရှင်အစည်းအရုံးရဲ့ နာယက၊ ဂီတအစည်းအရုံးရဲ့ နာယက၊ ဘိုကလေးမြို့နယ်အသင်း၊ ကျိုက်လတ်မြို့နယ်အသင်းနဲ့ ကျုံမငေးမြို့နယ်အသင်းတို့တွင်လည်း နာယကအဖြစ် လူမှုရေးကိစ္စတွေကို ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။

#YangonMediaGroup