#LocalNewss

Published - 15 Dec 2021

 

မဲခေါင်း-လန်ချန်း အထူးရန်ပုံငွေ (၂၀၂၁) နဲ့ ပထမဆုံးအကြိမ် မျှစ်ထုတ်လုပ်နည်း အခြေခံသင်တန်းကို နေပြည်တော် လယ်ဝေးမြို့နယ် မဒေါ့ပင် တောင်သူပညာပေးစခန်းမှာ ပြုလုပ်ခဲ့တယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်းမြောင်းဝန်ကြီးဌာနက သိရပါတယ်။

 

မြန်မာနိုင်ငံဝါးစိုက်ပျိုးရေးအသင်းမှ ဝါးစိုက်ပျိုးထုတ်လုပ်ရေးပညာရှင် ဦးဝင်းကျော်ဦးက ပို့ချပေးခဲ့ပြီး သင်တန်းသို့ နေပြည်တော်ကောင်စီနယ်မြေမှ ဝါးစိုက်ပျိုးသူတွေနဲ့ မျှစ်ထုတ်လုပ်တဲ့ ကျေးလက်နေပြည်သူတွေ၊ ပုဂ္ဂလိက လုပ်ငန်းရှင်တွေနဲ့ မျှစ်ထုတ်လုပ်တဲ့လုပ်ငန်းအ‌ပေါ် စိတ်ဝင်စားသူတွေ သင်တန်းတက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

 

ဒ့ါအပြင် ယခုသင်တန်း တက်ရောက်ပြီးသူတွေထဲမှ နောင်အလားတူသင်တန်းတွေမှာ သင်တန်းပို့ချနိုင်မယ့်သူတွေကို ရွေးချယ်သတ်မှတ် သွားမှာဖြစ်ပြီး စီမံကိန်းမှာ ပါဝင်ဆောင်ရွက်လိုတဲ့ တောင်သူတွေကို ယခုစီမံကိန်းကနေ ဆက်လက်ပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်။

 

“မြန်မာနိုင်ငံရဲ့ ဆင်းရဲနွမ်းပါးသူ ဒုတိယအများဆုံးဖြစ်တဲ့ တောင်တန်းဒေသနေ ပြည်သူတွေဟာ သစ်တောများအပေါ် မှီခိုအားထားနေရတာကြောင့် သစ်မဟုတ်သော သစ်တောထွက် ပစ္စည်းတွေကို တန်ဖိုးမြှင့် ထုတ်လုပ်ပြီး ကျေးလက်နေပြည်သူတွေ လူမှုစီးပွား တိုးတက်ရေးအတွက် မျှစ်ထုတ်လုပ်ခြင်း အခြေခံနည်းပညာတွေ ဖြန့်ဝေဖို့နဲ့ မျှစ်ကို မိရိုးဖလာနည်းနဲ့ ထုတ်လုပ်ရာကနေ စီးပွားဖြစ် ထုတ်လုပ်ဖို့ဆောင်ရွက်တာ ဖြစ်ပါတယ်” လို့ စီမံကိန်းဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနဟာ မဲခေါင်-လန်ချန်း အထူးရန်ပုံငွေ (၂၀၂၁) နဲ့ မျှစ်စိုက်ပျိုး ထုတ်လုပ်ရေး တန်ဘိုးကွင်းဆက် ဖွံ့ဖြိုး တိုးတက်မှုအပေါ် အခြေခံပြီး ကျေးလက်နေ အိမ်ထောင်စုတွေရဲ့ လူမှုဘဝ ဝင်ငွေရရှိနိုင်မှု မြှင့်တင်ပေးနိုင်ရေးဆိုင်ရာ စီမံကိန်းကို ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ (၂) နှစ်တာ အကောင်အထည်ဖော် ဆောင်ရွက်နေတာဖြစ်ပြီး အဆိုပါစီမံကိန်းရဲ့လုပ်ငန်းစဉ်တွင် မျှစ်ထုတ်လုပ်နည်း အခြေခံသင်တန်းများ ဖွင့်လှစ်ပို့ချပေးရေးဟာလည်း တစ်ခုအပါအဝင်ဖြစ်တယ်လို္ သိရပါတယ်။

#Yangon_Media_Group