#LocalNews

Published - 14 Dec 2021

အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏကို ယွမ်သန်း ၂၀၀ ကျော် အဆင့်မြှင့်တင်ပြီးနောက် မြန်မာနိုင်ငံကို လွှဲပြောင်းအပ်နှံခြင်းအခမ်းအနားကို ဒီကနေ့ ဒီဇင်ဘာ ၁၄ ရက် ရန်ကုန်မြို့မှာ ကျင်းပခဲ့ပါတယ်။

မြန်မာနိုင်ငံ အမျိုးသားအားကစားပြိုင်ပွဲရုံဟာ တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေးအနေနဲ့ တရုတ်နိုင်ငံ အစိုးရ ရန်ပုံငွေနဲ့ ပြုပြင်မွမ်းမံဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။

သုဝဏ္ဏအားကစားရုံကို ပြန်လည် ပြုပြင် မွမ်းမံခြင်း စီမံကိန်းကို ယွမ်သန်း ၂၂၀ အကုန်အကျခံကာ ၂၀၁၉ ခုနှစ် ဩဂုတ်လ ၁၁ ရက်တွင် စတင်ဆောင်ရွက်ခဲ့ပြီး ယခု ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်တွင် စီမံကိန်း ပြီးစီးခဲ့တာ ဖြစ်ပါတယ်။

"လက်ရှိအားကစားရုံကြီးကို မူလပုံစံမပျက်ဘဲ သတ်မှတ်ကာလအတွင်း ပြုပြင်ပြီးစီးခဲ့တဲ့အတွက် တရုတ်-မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုရဲ့ စံနမူနာကောင်း ဖြစ်ပါတယ်။ ယခုလို ဆောင်ရွက်ပေးမှုမှာလည်း နှစ်နိုင်ငံအကြား သမိုင်းမှတ်တိုင်တစ်ခုအနေနဲ့ ကျန်ရှိနေမှာ ဖြစ်ပါတယ်" အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ပြောကြားခဲ့ပါတယ်။

သုဝဏ္ဏ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁)ဟာ မြန်မာ - တရုတ် ချစ်ကြည်ရင်းနှီးမှု အထိမ်းအမှတ်အဖြစ် ၁၉၈၃ ခုနှစ်တုန်းက ငွေကျပ် သန်း ၃၁၀ ကျော် ကုန်ကျခံကာ မြ ပြည်သူ့ဆောက် လုပ်ရေး တိုင်းဆောက်အဖွဲ (၁၁)နဲ့ တရုတ် နိုင်ငံ ဟေလုံကျိုင် စီရင်စုမှ ကျွမ်းကျင်သူများနဲ့ ပေါင်းစပ်တည် ဆောက်ခဲ့ပြီးတော့ ၁၉၈၆ ခုနှစ် မတ်လ မှာ တည်ဆောက်ပြီးစီးကာ အောက်တိုဘာ ၂၅ ရက်ကစတင်ဖွင့်လှစ် အသုံးပြုခဲ့တဲ့ အားကစားပြိုင်ပွဲရုံ တစ်ခုဖြစ်ပါတယ်။


အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) ၊ သုဝဏ္ဏဟာ ပရိသတ် ၁၀,၈၂၅ ဦး ဝင်ဆံ့ပြီး နိုင်ငံတကာအဆင့် အားကစားပြိုင်ပွဲတွေ ၊ ပြည်တွင်းအားကစားပြိုင်ပွဲတွေနဲ့ အခမ်းအနားပေါင်းများစွာကို ကျင်းပဆောင်ရွက်နိုင်ခဲ့ပါတယ်။

#YangonMediaGroup