Published: 13 December 2021

 

တပ်မတော် နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲတွေဟာ ယခုလအတွင်းမှာ ပဲ မိုင်းလားမှာ တွေ့ဆုံဖို့ ရှိတယ်လို့ သတင်းတွေထွက်ပေါ်လာတာနှင့်ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ရန်ကုန်တိုင်းမ်ကို အဲဒီသတင်းမှန်ကန်ကြောင်းအတည်ပြု ပြောဆိုပါတယ်။

 ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ဟာ ၇၅ နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ ဖြစ်တဲ့အတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို တိုးမြှင့်လုပ်ကိုင်ဖို့အတွက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌက မူဝါဒချမှတ်ထားတဲ့အပြင်ဒီတွေ့ဆုံပွဲမှာ မြောက်ပိုင်း အဖွဲတော်တော် များများလည်း ပါနိုင်တဲ့ အနေအထားမှာ ရှိပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အခြေခံကျကျ တိုးမြှင့်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ သူက ရန်ကုန်တိုင်းမ်ရဲ့ မေးမြန်းချက်ကို ပြန်လည်ဖြေကြားတာဖြစ်ပါတယ်။

 "ကျွန်တော်တို့ လတ်တလော ပြောလို့ ရတာက မြောက်ပိုင်းအဖွဲ့တွေ တော်တော်များများ ပါနိုင်တဲ့ အနေအထားရှိပါတယ် ။ နိုင်ငံတော် ဝန်ကြီးချုပ်အနေနဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ၇၅ နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ ဖြစ်တဲ့အတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို တိုးမြှင့်လုပ်ကိုင်ဖို့အတွက်လည်း မူဝါဒချမှတ်ထားတယ်။ဒါနဲ့အညီ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို တိုးမြှင့်လုပ်ဆောင်နိုင်ရေး အခြေခံကျကျ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်"လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဆိုပါတယ်။

 တွေ့ဆုံပွဲမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အရေအတွက် ဘယ်လောက်ကို ဖိတ်မယ် ဆိုတာ တိတိကျကျတော့မသိရသေးပေမဲ့လည်း  ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC) အဖွဲ့မှာ ပါတဲ့ မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်တွေလည်း ပါဝင်နိုင်တယ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်သူတချို့က ဆိုပါတယ်။

 ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC) အဖွဲ့မှာဆိုရင်  ကချင် လွတ်လပ်ရေးအဖွဲ့ (KIO)၊ ဝ ပြည် သွေးစည်း ညီညွတ်ရေးပါတီ (UWSP)၊ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ အထူးဒေသ(၄)၏ ငြိမ်းချမ်းရေးနှင့် စည်းလုံး ညီညွတ်ရေး ကော်မတီ (NDAA)၊ ရှမ်း ပြည် တိုးတက်ရေးပါတီ (SSPP)၊ မြန်မာနိုင်ငံ အမှန်တရားနှင့်မျှတမှု အမျိုးသားပါတီ (MNDAA) ၊ ပလောင်ပြည်နယ် လွတ် မြောက်ရေးတပ်ဦး (PSLF) နဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) တို့ ပါဝင်ကြတာပါ။