#LocalNews

Published - 9 Dec 2021

 

UNHCR ရဲ့နောက်ဆုံးရ အရေးပေါ်အခြေအနေတုံ့ပြန်ဆောင်ရွက်မှုများကို ထုတ်ပြန်ရာမှာ မြန်မာနိုင်ငံတစ်ဝှမ်းတွင် အသစ်ထပ်မံနေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်ရသူဦးရေ ၂၃၄,၆၀၀ထိ တိုးလာခဲ့ပြီး အရှေ့တောင်ပိုင်းဒေသ - အထူးသဖြင့် မွန်၊ ကရင်နှင့်ရှမ်း (တောင်ပိုင်း) ပြည်နယ်များတွင် တိုက်ပွဲများပြင်းထန်လာမှုကြောင့် နေရပ်စွန့်ခွာမှုများ တိုးပွားလာနေတယ်လို့ သိရပါတယ်။

 

ဒါ့အပြင် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းဒေသကြီးအနှံ့အပြားတွင် လုံခြုံရေးအခြေအနေ ပိုမိုဆိုးရွားလျက်ရှိပြီး ထန်တလန်မြို့မှ နေရပ်စွန့်ခွာထွက်ပြေးလာသော ထောင်နှင့်ချီသည့် အရပ်သားများသည် အိန္ဒိယ-မြန်မာနယ်စပ်တလျှောက်ရှိ ကျေးရွာများတွင် ခိုလှုံနေထိုင်လျက်ရှိကာ နေရပ်စွန့်ခွာထွက်ပြေးနေရသူများနှင့် ဒေသခံအသိုင်းအဝိုင်းများမှာ စားနပ်ရိက္ခာ၊ လောင်စာဆီနှင့် ဆေးဝါးအထောက်အပံ့များ ပြတ်လပ်မှုနဲ့ ရင်ဆိုင်နေကြရတယ်လို့ သိရပါတယ်။

 

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ နိုဝင်ဘာ ၂၉ ရက်နေ့က ကိန်းဂဏန်းများအရ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ကတည်းက ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ကယား၊ ကရင်၊ မွန်၊ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ တနင်္သာရီတိုင်းဒေသကြီးတို့မှာ နေရပ်စွန့်ခွာလာသူ ၁၇၃,၅၀၀ ခန့် ရှိနေပြီး တစတစ တိုးလာတာလို့ ကုလသမဂ္ဂရဲ့လက်အောက်ခံအဖွဲ့ဖြစ်တဲ့ OCHA က ထုတ်ပြန်လိုက်ပါတယ်။

 

မြန်မာနိုင်ငံအရှေ့တောင်ပိုင်းက မြို့နယ်အတော်များများမှာ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ဒေသခံလက်နက်ကိုင်အဖွဲ့တွေအကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး အရပ်သားများနေရပ်စွန့်ခွာထွက်ပြေးရမှုတွေ ဆက်လက်ဖြစ်ပေါ်လျက်ရှိနေတယ်လို့ ဆိုပါတယ်။

 

တိုက်ပွဲတွေနေ့စဉ်လို ဖြစ်ပွားနေကာ ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက မြို့နယ်တွေမှာတော့ တိုက်ပွဲပြင်းထန်နေပြီးအဆိုပါတိုက်ပွဲတွေကြောင့် ကယားပြည်နယ် ဖရူဆိုမြို့နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်းမှာ ထွက်ပြေးတိမ်းရှောင်ရသူတွေရှိတယ်လို့ ဖော်ပြထားပါတယ်။

#Yangon_Media_Group