#LocalNews

Published - 9 Dec 2021

 

မင်းတပ်မြို့နယ်အတွင်းရှိ ထိခိုက်ခံစားရသူများအနက်မှ အလိုအပ်ဆုံးအိမ်ထောင်စု (၁၅၈) စုအတွက် အိမ်ထောင်စု (၁) စုလျှင် ငွေကျပ် (၂) သိန်းနှုန်းနဲ့ စုစုပေါင်း ငွေကျပ် (၃၁၆) သိန်း ထောက်ပံ့ပေးခဲ့တယ်လို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းက ထုတ်ပြန်ထားပါတယ်။

 

မြန်မာနိုင်ငံကြက်ခြေနီအသင်းဟာ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်းနဲ့ နော်ဝေနိုင်ငံကြက်ခြေနီအသင်းတို့ရဲ့ အထောက်အပံ့နဲ့ ၂၀၂၁ ခုနှစ် အောက်တိုဘာလအတွင်းက ချင်းပြည်နယ်၊ မင်းတပ်မြို့ရှိ ပြည်သူလူထုအတွက် အခြေခံလိုအပ်တဲ့ ပစ္စည်းတွေ ထောက်ပံ့တာနဲ့ ရွေ့လျားဆေးကုသခန်းတွေဖွင့်လှစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့တယ်လို့ သိရပါတယ်။

 

“ဒီခရီးစဉ်တွေမှာ ကျွန်မတို့တွေ လူမှုအသိုင်းအဝိုင်းတွေဆီက ကြက်ခြေနီအပေါ် ယုံကြည်မှု၊ အလေးထားမှုတွေရရှိခဲ့ပြီး ကြက်ခြေနီရဲ့ ဂုဏ်သိက္ခာကို ပြသနိုင်ခဲ့ပါတယ်။” လို့ MRCS မှ ညွှန်ကြားရေးမှူး ဒေါ်အေးအေးငြိမ်းက ပြောခဲ့ပါတယ်။

 

မင်းတပ်မြို့နယ်ရှိ ရပ်ရွာလူထုအတွက် အခြေခံလိုအပ်ချက်များဖြစ်တဲ့ အစားအစာနဲ့ အစားအစာမဟုတ်သော ပစ္စည်းတွေ COVID-19 ကာကွယ်ရေးပစ္စည်းတွေ အနွေးထည်တွေ စတဲ့ စုစုပေါင်း ပစ္စည်း (၁၃) မျိုးတို့ကို နေရပ်စွန့်ခွာစခန်း (၉) ခုရှိ အိမ်ထောင်စု (၂၀၀) စု၊ လူဦးရေ (၉၂၅) ဦးအတွက် ယခုနှစ် အောက်တိုဘာလ (၁၈) ရက်မှ နိုဝင်ဘာလ (၂၀) ရက်နေ့ထိ သွားရောက်ဖြန့်ဝေခဲ့တယ်လို့ သိရပါတယ်။

 

“စိန်ခေါ်မှုတွေနဲ့ ကြန့်ကြာမှုတွေရှိနေပေမဲ့လည်း မြန်မာနိုင်ငံကြက်ခြေနီအသင်း (MRCS)နဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) တို့က အစားအသောက်၊ တာပေါ်လင်၊ စောင်၊ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းစတဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း (IFRC) ရဲ့ အထောက်အပံ့ဖြင့် ငွေသားထောက်ပံ့ခြင်းနဲ့ ရွေ့လျားကျန်းမာရေး ဆေးခန်းဖွင့်လှစ်ပြီး ကူညီပံ့ပိုးပေးနိုင်ခဲ့ပါတယ်။” ဟု MRCS မှ ညွှန်ကြားရေးမှူး ဒေါ်အေးအေးငြိမ်းက ပြောပါတယ်။

 

မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေနဲ့ COVID-19 နဲ့ အကြောင်းအမျိုးမျိုးကြောင့် ဘေးအန္တရာယ်ထိခိုက်ခံစားရသူတွေကို လိုအပ်တဲ့ အကူအညီတွေပေးနိုင်ဖို့ ဆက်လက်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

#Yangon_Media_Group