#LocalNews
Published - 23 April 2022
စစ်ကိုင်းတိုင်းဒေသကြီးရှိ တမူးမြို့ ပြည်သူ့ဆေးရုံတွင် ဒီကနေ့ ဧပြီ ၂၃ ရက်၊ နံနက်ပိုင်းအချိန်က မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

"ဒီကနေ့ နံနက် ၇ နာရီကျော်လောက်မှာ ဖြစ်တာပါ။တမူးမြို့ ပြည်သူ့ဆေးရုံဝန်းအတွင်းမှာ မီးလောင်မှု ဖြစ်ပွားခဲ့တာ ပါ။ မီးလောင်မှုကြောင့် ဆေးရုံအဝင်ညောင်ပင်ကြီးနဲ့ ကပ်လျက်အဆောင်တစ်ခု ပျက်ဆီးဆုံးရှုံးမှုရှိခဲ့ပါတယ်။"လို့ တမူးမြို့ ဒေသခံတစ်ဦးက ပြောပြခဲ့ပါတယ်။

အဆိုပါမီးဟာ လျှပ်စစ်ဝါယာရှော့ခ်ကြောင့် လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်ဆုံးရှုံးသွားတဲ့ပစ္စည်းတွေရဲ့ ခန့်မှန်းတန်ဖိုးကိုတော့ စီစစ်တွက်ချက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
"လျှပ်စစ်ဝါယာရှော့ခ်ကြောင့်လို့ သိရပါတယ်။ လူထိခိုက်ဒဏ်ရာရမှုတော့ မရှိခဲ့ပါဘူး။ လူ တွေအားလုံးရော ဆေးရုံကလူနာတွေရော ဘေးကင်းခဲ့ပါတယ်။"လို့ ၎င်းက ဆက်လက်ပြောပြခဲ့ပါတယ်။

တမူးမြို့ဟာ မြန်မာ-အိန္ဒိယ (၂)နိုင်ငံနယ်စပ်မှာတည်ရှိတဲ့ မြို့တစ်မြို့ဖြစ်ပြီး ယနေ့ဖြစ်ပွားခဲ့သည့် တမူးမြို့ ပြည်သူ့ဆေးရုံမီးလောင်မှုကို ဒေသခံမီးသတ်တပ်ဖွဲ့ တွေနဲ့အတူ ဒေသခံလူမှုကူညီရေးအဖွဲ့ တွေက ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရတာဖြစ်ပါတယ်။
Photo - CJ
#Yangon_Media_Group
#LocalNews
Published- 23 Apr 2022
နစက ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာသူ ၅၇,၀၉၁ ဦးထဲမှာ နိုင်ငံရေးနဲ့ဆက်နွယ်ပြီး ဖမ်းဆီး၊ ချုပ်နှောင်ခံ ရသူ ၄,၅၅၆ ဦးခန့် သာ ပါဝင်ခဲ့တာကြောင့် စုစုပေါင်း လွတ်ငြိမ်းချမ်းသာခွင့်ရရှိသူဦးရေရဲ့ ရှစ်ရာခိုင်နှုန်းသာ ရှိခဲ့တယ်လို့ ISP Myanmar ကထုတ်ပြန်လိုက်ပါတယ်။
နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မှတ်တမ်းတွေအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် ကနေ ၂၀၂၂ ခုနှစ် ဧပြီ ၁၈ ရက်အတွင်းဖြစ်ပေါ်ခဲ့တဲ့ နိုင်ငံရေးဖြစ်စဥ်တွေမှာ ဖမ်းဆီးထားသူဦးရေ စုစုပေါင်း ၁၃,၂၉၃ ဦး ရှိပြီဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် မတ်လ နဲ့ ဧပြီလတွေမှာ အဖမ်းအဆီးအများဆုံးရှိခဲ့ပြီး တော့ ၂၀၂၂ ခုနှစ်မှာလည်း ဆက်တိုက်ဖမ်းဆီးမှုတွေရှိနေခဲ့ပြီး အချက်အလက်တွေဟာ လက်လှမ်းမီသမျှ ပြုစုထားတဲ့အချက်အလက်တွေဖြစ်ပြီးတော့ မြေပြင်မှာ ဒီထက်ပိုပြီးများပြားနိုင်ပါတယ်လို့ ISP Myanmar ကဖော်ပြထားပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ခုနှစ် ဧပြီ ၁၈ ရက် အတွင်း နိုင်ငံတဝန်းလုံးက အကျဥ်းထောင်တွေထဲမှာ ဖမ်းဆီးချုပ်နှောင်ခံထားရပြီးတော့ တရားစွဲခံထားရသူများနဲ့ ထောင်ဒဏ်ကျခံနေရသူများထဲက စုစုပေါင်း ၅၇,၀၉၁ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ၇ ကြိမ် ကြေညာပြီး ပြန်လွှတ်ပေးခဲ့ပါတယ်။
လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တဲ့ အရေအတွက်တွေဟာ ၂၀၂၁ ခုနှစ်အတွင်းက ဖေဖော်ဝါရီ ၂၁ ရက်မှာ ၂၃,၃၁၄ ဦး၊ ဧပြီ ၁၇ ရက်မှာ ၂၃,၄၀၇ ဦး၊ ဇွန် ၃၀ ရက်မှာ ၂,၂၉၆ ဦး၊ အောက်တိုဘာ ၁၈ ရက်မှာ ၅,၆၃၆ ဦး ရှိခဲ့ပြီးတော့ ၂၀၂၂ ခုနှစ်အတွင်း ဖေဖော်ဝါရီ ၁၂ ရက်မှာ ၈၁၄ ဦး၊ မတ် ၂ ရက်မှာ ၅ ဦး၊ ဧပြီ ၁၇ ရက်မှာ ၁,၆၁၉ ဦးတို့ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။
ymg/hm
#Yangon_Media_Group
#LocalNews
Published - 23 April 2022
ခရီးသွားဧည့်သည် ဝင်ရောက်မှုနည်းပါးခဲ့ခြင်းကြောင့် ပူတာအိုဒေသရှိ ရေခဲတောင်ခရီးသွားလုပ်ငန်းများဟာ (၈၀)ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ရတယ်လို့ နယ်မြေခံ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published_21 April 2022
မြောက်ဦးမှာ ကားဂိတ်ကို ရွှေ့ပြောင်းမှာဖြစ်တာကြောင့် ကားဂိတ်နဲ့အတူ နန်းရာကုန်းပတ်ဝန်းကျင်မှာရှိတဲ့ ဆိုင်ခန်းတွေကိစ္စကလည်း ကျွဲကူးရေပါဆိုသလို အဆင်ပြေသွားမှာဖြစ်တယ်လို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(မြောက်ဦးဌာနခွဲ)က သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published -23 April 2022
၁။ မြောက်ဦး နန်းရာကုန်းပတ်ဝန်းကျင်ရှိ ဆိုင်ခန်းများကိစ္စ သက်ဆိုင်ရာက ဆောင်ရွက်ပေးမည်
၂။ ပူတာအိုဒေသ ရေခဲတောင်တက်ခရီးသွားလုပ်ငန်းများ ၈၀ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့
၃။ မိုးလေဝသ သတင်း
၄။ ကမ္ဘောဒီးယားခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာရေး ပြန်လည်မွမ်းမံထားသည့်
အန်ကာဝတ်ဘုရားကျောင်းက အဓိကမျှော်လင့်ချက်ဖြစ်လာ...အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_ 23 April 2022
ရခိုင်ပြည်နယ်က ယာယီစခန်းတွေမှာ နေရပ်စွန့်ခွာသူ ၂၈,၀၀၀ ကျော်နေထိုင်နေတဲ့ တန်းလျားရှည်အလုံး ၅၅၀ ဟာ မိုးရာသီမတိုင်ခင်ပြုပြင်ဖို့ လိုအပ်နေတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး(UNOCHA) က ထုတ်ပြန်ထားပါတယ်။
တန်းလျားတွေပြုပြင်ဖို့အတွက် အမေရိကန်ဒေါ်လာ ၄.၇ သန်း လိုအပ်တယ်လို့ UNOCHA ရဲ့ထုတ်ပြန်ချက်မှာ ဆက်လက်ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေပေးဖို့အတွက် ရန်ပုံငွေလိုအပ်ချက်ဟာ ၂၀၂၂ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၇၈၇ သန်းရရှိဖို့လိုအပ်ပြီး ၃၉ သန်းသာ ရရှိထားတယ်လို့ဆိုပါတယ်။
မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေ ပေးဖို့အတွက် ရန်ပုံငွေရရှိမှုဟာ ၂၀၂၂ ခုနှစ်အတွင်း တောင်းခံထားတဲ့ပမာဏနဲ့ယှဉ်ရင် နည်းပါးနေဆဲ ဖြစ်ပါတယ်။ဧပြီလ ၁၁ ရက်အထိ စာရင်းများအရ နိုင်ငံတစ်ဝန်းမှာ ပြည်တွင်းနေရပ်စွန့်ခွာ နေထိုင်သူပေါင်း ၉၁၂,၇၀၀ ဦးခန့်ရှိတယ်လို့ ဆိုပါတယ်။
ဒီအထဲမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း အိုးအိမ်စွန့်ခွာရသူဦးရေ ၅၆၆,၁၀၀ ပါဝင်ပါတယ်။ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ မကွေးတိုင်းဒေသကြီးတွေမှာ နေရပ်စွန့်ခွာ ရသူဦးရေဟာ လူ ၃၀၀,၀၀၀ ကျော်နိုင်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။
စားနပ်ရိက္ခာဖူလုံရေး အကူအညီပေးတဲ့မိတ်ဖက်အဖွဲ့အစည်းတွေဟာ လူဦးရေ ၁.၄ သန်းထံကို အရေးပေါ်အကူအညီတွေ ပေးထားပြီးပါပြီ။ ဒါဟာ ၂၀၂၂ ခုနှစ်အတွက် ဒီကဏ္ဍမှာ လျာထားတဲ့ သုံးလစာပမာဏလည်းဖြစ်တယ်လို့ ဆိုပါတယ်။
မိုးတွင်းကာလမရောက်ခင် ဘေးအန္တရာယ်ကျရောက်နိုင်ဖွယ်ရှိရာဒေသတွေမှာ အရေးပေါ်အခြေအနေတွေကြုံလာရင် အချိန်နဲ့တပြေးညီ ထိထိရောက်ရောက်တုံ့ပြန်ဆောင်ရွက်နိုင်ဖို့ ကြိုတင်ပြင်ဆင်ရေးအစီအစဉ်တွေကို ပြင်ဆင်နေပြီလို့လည်း UNOCHA က ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ymg-mnn
#Yangon_Media_Group
#Local_News
Published_ 23 April 2022
အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေအရ တရားစွဲဆိုခံထားရတဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဟောင်း ဦးကျော်လင်း၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်ဦး၊ ဦးရဲမင်းဇော်နှင့် ဦးနေအောင်ရဲမြင့်တို့အား အလုပ်နှင့်ထောင်ဒဏ်အမိန့်များ ချမှတ်ခဲ့ကြောင်း သိရပါတယ်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဟောင်း ဦးကျော်လင်း၏ ဆောင်ရွက်ချက်များအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့်အညီ အရေးယူပေးပါရန် တိုင်ကြားခြင်းနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ပါတယ်။
စစ်ဆေးတွေ့ရှိချက်အရ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဟောင်း ဦးကျော်လင်းသည် စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ရွေးချယ်ခံရန် ဆောင်ရွက်နေသည့်အချိန်တွင် ဒေသခံပြည်သူလူထု ထောက်ခံမှုရရှိစေရန်အတွက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ အမိန့် ကြော်ငြာ စာအမှတ် ၃၅/၂၀၁၇ ဖြင့် ထုတ်ပြန်ထားသည့် မြန်မာနိုင်ငံ၏ ဘဏ္ဍာရေး စီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်းကို လိုက်နာမှုမရှိဘဲ မုံရွာ-ယာကြီး-ကလေးဝလမ်း၊ မိုင်(၈၅/ဝ)မှ ကြာပင်ကျေးရွာသို့ ဆက်သွယ်ထားသော လမ်းအား ငွေစာရင်းခေါင်းစဉ် လျာထားသတ်မှတ်မှုမရှိဘဲ လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်ဦးက လမ်းဦးစီးဌာန ပြင်ဆင်ထိန်းသိမ်းရေး ရန်ပုံငွေကျပ် ၅၆၂ သန်းကျော်ဖြင့် သုံးစွဲစေရေး ဆောင်ရွက်စေခဲ့ကြောင်း သိရပါတယ်။
ထို့ပြင် မင်းကင်းမြို့နယ်တွင် ကျောက်အိုးတံတားအသစ်ကို ငွေလုံးငွေရင်း ရန်ပုံငွေမှ လျာထားခွင့်ပြုထားခြင်းမရှိဘဲ ဦးကျော်လင်း၏ လမ်းညွှန်ချက်ဖြင့် တံတားဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးနေအောင်ရဲမြင့်က တံတားပြင်ဆင် ထိန်းသိမ်းရေးရန်ပုံ ငွေကျပ်သန်း ၁၂၀ ဖြင့် တည်ဆောက်စေခဲ့ခြင်းတို့ကြောင့် နိုင်ငံတော်၏ ငွေကြေးများကို ထိခိုက်နစ်နာ ဆုံးရှုံးစေခဲ့တယ်လို့ ဆိုပါတယ်။
ဦးကျော်လင်းသည် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး တာဝန်ထမ်း ဆောင်စဉ် ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီခရိုင်ရုံး ဆောက်လုပ်ရန်အတွက် အဆောက်အဦဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲမင်းဇော်ထံမှ တစ်ဆင့် အဆောက်အဦအထူးအဖွဲ့ ၁၆ ဖွဲ့ရှိ လက်အောက်ဝန်ထမ်းများထံမှ ငွေကျပ် သိန်း ၃၀ ကို လက်ခံရယူခဲ့ကြောင်း သိရပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် ဆောင်ရွက်နေသည့်အချိန်တွင် မင်းကင်းမြို့နယ်သို့ သွားရောက်သည့် ခရီးစဉ်များ၌ ဘုန်းတော်ကြီးကျောင်းများသို့ ဝင်ရောက်ဖူးမြော်၍ အလှူငွေနှင့် ဆန်အိတ်များ ပေးအပ်လှူဒါန်းရာတွင် ၎င်း၏ ညွှန်ကြားချက်အရ ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ထမ်းများမှ စီစဉ်ပေးသည့် ဆန်အိတ် ၆၈ အိတ်ကို ထိုက်သင့်သည့်တန်ဖိုးငွေ ပေးချေခြင်းမရှိဘဲ လက်ခံခဲ့ကြောင်းသိရပါတယ်။
ဦးကျော်လင်းသည် ပါတီအောင်နိုင်ရေးတွင် အသုံးပြုရန် အကြောင်းပြ၍ အလှူငွေများကို ၎င်းကိုယ်တိုင်နှင့် ၎င်း၏ ကိုယ်ရေးအရာရှိ ဖြစ်သူမှတစ်ဆင့် ဆောက်လုပ်ရေးဝန်ထမ်းများနှင့် ဆောက်လုပ်ရေးကုမ္ပဏီများထံမှ စုစုပေါင်း ငွေကျပ် ၃၆၃ သိန်းကျော်ကို လက်ခံ၍ ရွေးကောက်ပွဲစည်းရုံးရေးအတွက် ပါတီအလံ၊ အင်္ကျီ၊ တီရှပ်၊ ဦးထုပ်နှင့် လက်ကမ်း စာစောင်များ ဝယ်ယူရာတွင် အသုံးပြုခဲ့ကြောင်း၊ ဆောက်လုပ်ရေးကုမ္ပဏီ နှစ်ခုထံမှ စုစုပေါင်း ငွေကျပ်သိန်း ၆၀၀ ကို ၎င်း၏ ကိုယ်ရေးအရာရှိမှတစ်ဆင့် လက်ခံရယူခဲ့ကြောင်းတို့ကို စစ်ဆေးပေါ်ပေါက်သဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဟောင်း ဦးကျော်လင်း အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရလည်းကောင်း၊ ညွှန်ကြားရေးမှူးချုပ် တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဦးအောင်မြင့်ဦး၊ ဦးရဲမင်းဇော်နှင့် ဦးနေအောင်ရဲမြင့် တိုအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅/၆၃ အရလည်းကောင်း မန္တလေးတိုင်း ဒေသကြီး တရားလွှတ်တော်တွင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်၌ တရားစွဲဆိုတင်ပိုခဲ့ရာ ရာဇဝတ်ကြီးမှုအမှတ် ၂၆/၂၀၂၁ မှ ၃၅/၂၀၂၁ အထိ အမှု ၁၀ မှုဖြင့် လက်ခံစစ်ဆေးခဲ့သည်။
၎င်းအမှုများအပေါ် ပြစ်မှုထင်ရှားသဖြင့် မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်က ယနေ့ရက်စွဲဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဟောင်း ဦးကျော်လင်းကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ အလုပ်နှင့် ထောင်ဒဏ် ၂၀ နှစ် ကျခံစေရန်၊ ညွှန်ကြားရေးမှူးချုပ်ဟောင်း ဦးအောင်မြင့်ဦးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅/၆၃ အရ အလုပ်နှင့်ထောင်ဒဏ် ၄ နှစ် ကျခံစေရန်နှင့် ညွှန်ကြားရေးမှူးချုပ်ဟောင်း ဦးရဲမင်းဇော်နှင့် ဦးနေအောင်ရဲမြင့် တို့အား အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅/၆၃ အရ အလုပ်နှင့်ထောင်ဒဏ် ၂ နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သတင်းရရှိပါတယ်။
ymg-mnn
#Yangon_Media_Group
Page 2164 of 2306