၁၉၊ဇူလိုင်၊၂၀၂၆ (ရန်ကုန်)

မှော်ဘီမြိုနယ်အတွင်းရှိ ကော်စေ့လုပ်ငန်းတစ်ခုတွင် လျှပ်စစ်ဓါတ်အားခိုးယူသုံးစွဲထားကြောင်း သက်ဆိုင်ရာက စစ်ဆေးတွေ့ရှိသဖြင့် အရေးယူထားကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ယနေ့ ဇူလိုင် ၁၉ရက်နေ့က သတင်းထုတ်ပြန်သည်။

ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့ယ်၊ ဝါးနက်ချောင်းကျေးရွာရှိ မီတာအမည်ပေါက် ဦးစန်းဦး၏ကော်စေ့ လုပ်ငန်းတွင် အသုံးပြုထားသော Transformer နှင့် တွဲဖက်တပ်ဆင်ထားသည့် Digital Meter ၏ Cover Seal ပြုပြင်ထားပြီး လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိ ခဲ့ရသဖြင့် မီတာ အားချက်ချင်းဖြုတ်သိမ်းခဲ့ခြင်းဖြစ်သည်။

အဆိုပါမသမာမှု ဖြစ်စဉ်ကြောင့် လျှပ်စစ်ဓာတ်အားယူနစ် ၄ သိန်း ၄ သောင်းကျော် နစ်နာဆုံးရှုံးခဲ့ရကြောင်းသိရသည်။ ထို့ကြောင့် လျော်ကြေး၊ ဒဏ်ကြေး ငွေကျပ် (၃၀၁,၈၉၃,၅၇၅/-)(ကျပ် သုံးရာ့ တစ်သန်း ရှစ်သိန်း ကိုးသောင်း သုံးထောင် ငါးရာ ခုနစ်ဆယ့် ငါးကျပ် တိတိ) အား ကျူးလွန်ဖောက်ဖျက်သူက ပေးဆောင် စေရမည့် အပြင် လျှပ်စစ်ဥပဒေ အရ (၆)လ ဓာတ်အားပေးခြင်းအား ရပ်ဆိုင်းသွားမည် ဖြစ်ကြောင်းလည်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

ထို့အပြင် လျော်ကြေး၊ ဒဏ်ကြေး ငွေအား (၁၄)ရက် အတွင်း မသွင်းပါက လျှပ်စစ်ဥပဒေ နှင့်အညီ တရားစွဲ  ဆိုဆောင်ရွက်သွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။

လျှပ်စစ်ဓာတ်အားခိုးယူအသုံးပြုမှုများကို Control Center များမှ စောင့်ကြည့် စစ်ဆေးဖော်ထုတ် နိုင်ခြင်းနှင့် ပြည်သူများ၏ပူးပေါင်းဆောင်ရွက်မှုများ ထူးကဲစွာတိုးမြင့်ရရှိ လာသည့်အတွက် ပိုမိုဖော်ထုတ်  လာနိုင်ခြင်းတို့သည် နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားစနစ် တိုးတက်ဖွံ့ဖြိုးလာစေ‌ရေးအတွက် များစွာ   အထောက်အပံ့ဖြစ်စေလျက်ရှိရာ ပြည်သူများ အနေဖြင့် ပိုမို၍ ပူးပေါင်းဆောင်ရွက်ပေးကြပါရန် ဝန်ကြီးဌာနကမေတ္တာရပ်ခံထားသည်။