#LocalNews
Published_22 March 2022
ပြီးခဲ့တဲ့၂၀၂၀ ပြည့်နှစ် နဲ့ ၂၀၂၁ ခုနှစ်တွေမှာ သင်္ကြန်ရေသဘင်ပွဲတော်ကို ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မကျင်းပနိုင်ခဲ့ပေမယ့် အခု ၂၀၂၂ ခုနှစ် မှာတော့ ရန်ကုန်မြို့တော် ဗဟိုမဏ္ဍပ် မဟာသင်္ကြန်ရေသဘင်ပွဲတော်ကို စည်စည်ကားကားကျင်းပနိုင်ဖို့လုပ်နေတယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published - 22 Mar 2022
၁။ ငါးဖမ်းရာမှတွေ့ရှိသော နှစ်ပေါင်းထောင်ကျော်သက်တမ်းရှိနိုင်မည့် ရှေးဟောင်းစတူပါအား သက်ဆိုင်ရာက သွားရောက်စစ်ဆေးမည်
၂။ ဗဟိုမဏ္ဍပ် မဟာသင်္ကြန် ရေသဘင်ပွဲတော်အတွက်သာ စီစဉ်နေပြီး ပုဂ္ဂလိကမဏ္ဍပ်များကိစ္စ စည်ပင်ညွှန်ကြားချက်မရှိသေး
၃။ မိုးလေဝသ သတင်း
၄။ အီရတ်တွင် အစ္စလာမ်အကြမ်းဖက်အဖွဲ့ဝင်များ၏အလောင်းများ အစုလိုက်အပြုံလိုက်မြှုပ်နှံထားရာနေရာ တူးဖော်တွေ့ရှိ......အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။
#Yangon_Media_Group
#LocalNews
Published - 22 March 2022
မုန်တိုင်းလာရာလမ်းမှာရှိနေတဲ့ ဧရာဝတီတိုင်းက အပန်းဖြေကမ်းခြေများအား မတ်လ ၂၁ ရက် နေ့မှစတင်ပြီး ခေတ္တယာယီပိတ်ထားလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။
ကမ်းခြေဒေသမှာရှိနေတဲ့ ခရီးသွားဧည့်သည်တွေအနေနဲ့လည်း ယမန်နေ့မှစတင်လို့ မိမိတို့နေထိုင်ရာဒေသသို့ ပြန်လည်ထွက်ခွာသွားကြပြီဖြစ်တယ်လို့ ချောင်းသာဒေသခံများက ပြောပါတယ်။
"ဒီကနေ့ မနက်အထိတော့ မုန်တိုင်းနဲ့ ပတ်သက်ပြီး ဘာမှထူးခြားတာမရှိသေးပါဘူး။ ရာသီဥတုအခြေအနေကတော့ မိုးတွေအုံ့နေတယ်။ ကမ်းခြေလည်း ပိတ်ထားလိုက်ပြီ။ ဧည့်သည်တွေ အဝင်မခံတော့ဘူး၊ ကမ်းခြေမှာရှိနေတဲ့ ဧည့်သည်တွေကလည်း ပြန်သွားကြတာရှိပါတယ်။ ကမ်းခြေပိတ်တယ်ဆိုတာကလည်း အခုမုန်တိုင်းကာလရက်လေးပါပဲ။"လို့ ချောင်းသာဒေသခံတစ်ဦးက YMG ကိုပြောပြခဲ့ပါတယ်။
မုန်တိုင်းကြောင့် ကမ်းခြေတွေကို ခေတ္တပိတ်လိုက်တာဖြစ်သလို လက်ရှိရောက်နေတဲ့ ဧည့်သည်တွေကို ဟိုတယ်တွေကပါ ပြန်လွှတ်နေတာဖြစ်ပါတယ်။
" အခုမုန်တိုင်းရက်တွေမှာတော့ ဒေသခံတွေက နီးစပ်ရာဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတွေမှာ စုပြီးနေကြတာတွေရှိတယ်။ လက်ရှိအနေအထားက ချောင်းသာမှာ ရေတွေဘာတွေတော့ မတက်သေးဘူး။ ပုံမှန်အနေအထားပါပဲ၊ မုန်တိုင်း အခြေအနေကိုတော့ ဆက်ပြီး စောင့်ကြည့်နေတာပေါ့။"လို့ ၎င်းက ဆက်လက်ပြောပြခဲ့ပါတယ်။
ဧရာဝတီတိုင်းဟာ အပန်းဖြေကမ်းခြေများတည်ရှိရာ ဒေသတစ်ခုဖြစ်ပြီး ချောင်းသာကမ်းခြေ၊ ငွေဆောင်ကမ်းခြေနဲ့ ဂေါ်ရင်ဂျီကမ်းခြေဆိုပြီး နာမည်ကျော်ကမ်းခြေ (၃)ခုတည်ရှိတာပါ။
"ဒီရက်အတွင်းမှာ လာမယ့်ဧည့်သည်တွေကတော့ ရှေ့လကိုရွှေ့သွားကြတာပေါ့။ ရှေ့လက ဧပြီလလည်းဖြစ်တယ်၊ သင်္ကြန်ပိတ်ရက် တွေလည်းရှိတော့ ချောင်းသာကမ်းခြေကိုလာဖို့အတွက် ဧည့်သည်တော်တော်များများက ကြိုတင်ဘိုကင်တင်ထားတာတွေတော့ရှိပါတယ်။" လို့ ၎င်းက ထပ်လောင်းပြောပြခဲ့ပါတယ်။
အဆိုပါ အားကောင်းသောမုန်တိုင်းငယ်ဟာ ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းအနီးမှ ဖြတ်ကျော်မည့်အခြေအနေကြောင့် အနီရောင်အဆင့်သတ်မှတ်လိုက်တယ်လို့လည်း မိုး/ဇလ ဦးစီးဌာနက ဒီကနေ့ မတ်လ ၂၂ ရက်၊ နံနက်ပိုင်းက ထုတ်ပြန်ထားပါတယ်။
Photo - CJ
ymg/kg
#Yangon_Media_Group
#LocalNews
Published - 22 March 2022
ဧရာတီတိုင်းဒေသကြီး လပွတ္တာမြို့ပေါ်ကို ကျေးရွာမှာနေထိုင်ကြတဲ့ မုန်တိုင်းရှောင်ပြည်သူတစ်ထောင်ကျော်နီးပါးဟာ မုန်တိုင်းရှောင်ဖို့ရောက်ရှိလာကြတဲ့အတွက် ကူညီကယ်ဆယ်ဖို့ လပွတ္တာမြို့အခြေစိုက် နှလုံးသားကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့တွေ ကူညီဆောင်ရွက်ပေးနေတယ်လို့ YMG ကိုပြောပါတယ်။
မိုး/ ဇလရဲ့ နေ့လည်ပိုင်းခန့်မှန်းချက်အနေနဲ့ အားကောင်းတဲ့မုန်တိုင်းငယ်ဟာ လက်ရှိအခြေအနေအနေမှာ ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့အနီးမှ စတင်ဖြတ်ကျော်ဝင်ရောက်လျက်ရှိလို့ အညိုရောင်အဆင့်ရောက်ရှိနေတယ်လို့ ထုတ်ပြန်ထားပါတယ်။
လပွတ္တာမြို့ ကိုးနဝင်းပရိပတ္တိစာသင်တိုက်မှာ လာရောက်မုန်တိုင်းရှောင်နေတဲ့ ပြည်သူ ၂၀၀ ကျော်အတွက် လိုအပ်တာတွေ ဝိုင်းဝန်းကူညီပေးနေတယ်လို့ သိရပါတယ်။
“ ကျွန်တော်တို့က မုန်တိုင်းလာရှောင်နေသူတွေ လိုအပ်တာတွေ ဖြည့်ဆည်းပေးနေပါတယ်၊ အလှူရှင်တွေလည်း ဝိုင်းဝန်းရှာပေးတယ်။ အခုလက်ရှိ ကိုးနဝင်းပရိပတ္တိစာသင်တိုက်မှာ အယောက် ၂၀၀ လောက်ရှိတယ်။ တခြားနေရာတွေမှာ မုန်တိုင်းရှောင်တဲ့သူတွေ ရှိသေးတယ်၊ အားလုံးပေါင်း မြို့ပေါ်မှာ မုန်တိုင်းရှောင်သူ တစ်ထောင်ကျော်လောက်ရှိမယ်၊ အခုလက်ရှိမှာတော့ လပွတ္တာမြို့မှာ မိုးရွာပြီး လေတိုက်တာ၊ မြစ်ရေတက်တာတော့ ရှိပါတယ်” လို့ နှလုံးသားကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
မုန်တိုင်းအဆင့်သတ်မှတ်ချက်အနေနဲ့ မြန်မာနိုင်ငံကို ဖြတ်သန်းခါနီးဖြစ်တာမို့ အနီရောင်လို သတ်မှတ်သလို၊ ဖြတ်သန်းနေချိန်ဆိုရင် အညိုရောင်သတ်မှတ်ပြီး ဖြတ်သန်းပြီးချိန်ကို အစိမ်းရောင်အဖြစ် မုန်တိုင်းအဆင့်တွေကို သတ်မှတ်လေ့ရှိပါတယ်။
မုန်တိုင်းအရှိန်ကြောင့် မနေ့ညပိုင်းက စတင်ပြီး ရန်ကုန်အပါအဝင် နေရာအများအပြားမှာ မိုးသည်းထန်စွာ ရွာသွန်းတာမျိုးတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
ymg/ ei
Photo - နှလုံးသားကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ လပွတ္တာမြို့
#Yangon_Media_Group
#LocalNews
Published - 22 Mar 2022
အားကောင်းသောမုန်တိုင်းငယ် ဟိုင်းကြီးကျွန်းမြို့အနီးမှ စတင်ဖြတ်ကျော်နေကြောင်း မိုးဇလက ထုတ်ပြန်လိုက်သည်။
ဟိုင်းကြီးကျွန်းမြို့အနီးမှ ဖြတ်ကျော်နေစဉ် ဧရာဝတီတိုင်းဒေသကြီးတွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၄၅)မိုင်မှ မိုင်(၅၀)အထိနှင့် ရန်ကုန်တိုင်းဒေသကြီးတွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပြီး မုန်တိုင်းဒီရေမှာ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊လပွတ္တာခရိုင်၊မြောင်းမြခရိုင်၊ မအူပင်ခရိုင်၊ ဖျာပုံခရိုင်တို့ရှိ မြစ်ဝ၊ မြစ်လက်တက်များအတွင်း(၈)ပေမှ (၁၂)ပေခန့်အထိ မြင့်တက်လာနိုင်ကြောင်း ခန့်မှန်းထားသည်။
အားကောင်းသော မုန်တိုင်းငယ်(Deep Depression)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံ၊ ဧရာဝတီတိုင်းဒေသကြီးကို ဟိုင်းကြီးကျွန်းမြို့အနီးမှ စတင်ဖြတ်ကျော်ဝင်ရောက်လျက်ရှိသဖြင့် အညိုရောင်အဆင့်ဟု သတ်မှတ်ထားကြောင်း၊ နောက်(၂၄)နာရီအတွင်း မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းတစ်လျှောက် ပုသိမ်မြို့အနီးမှ မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး ရခိုင်ကမ်းရိုးတန်းတောင်ပိုင်းအနီးသို့ ရောက်ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။
အားကောင်းသော မုန်တိုင်းငယ်(Deep Depression)၏အရှိန်ကြောင့် ယနေ့မွန်းလွဲပိုင်းမှ မနက်ဖြန် မတ်လ ၂၃ ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရသည်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးကာ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၄၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၃)ပေခန့်ရှိနိုင်ကြောင်းသိရသည်။
#ymg-mt
#Yangon_Media_Group
#LocalNews
Published - 22 Mar 2022
မြန်မာနိုင်ငံ စာရေးဆရာအသင်းဥက္ကဋ္ဌ ဆရာ မနုဿကျော်ဝင်း၊ အသက် (၇၇) နှစ်သည် မတ်လ ၂၂ ရက် အင်္ဂါနေ့ နံနက် ၉နာရီ ၂၃ မိနစ်တွင် ကွယ်လွန်သွားကြောင်း သိရပါတယ်။
မနုဿကျော်ဝင်းသည် ၁၉၇၃-ခုနှစ်တွင် စာပေဗိမာန် စာမူပြိုင်ပွဲ၌ 'အခြေခံ ရှေးဟောင်းသုတေသနပညာ' စာမူဖြင့် သုတပဒေသာ(ဝိဇ္ဇာ)ဆုကို ရရှိခဲ့ပါတယ်။ ၁၉၇၅ ခုနှစ်တွင် 'တက္ကသိုလ် ဘယ်မှာရှိတယ်' စာမူဖြင့် ဝတ္ထုရှည်ဆု ရရှိခဲ့ပါတယ်။ ၁၉၇၇ ခုနှစ်တွင် 'နောက်အော်နာဂ' စာအုပ်ဖြင့် အမျိုးသား စာပေဆုကို ထပ်မံရရှိခဲ့ပါတယ်။
ထို့ပြင် ၁၉၇၉ ခုနှစ် တွင် 'ခရီးကြမ်း ဓလေ့ဆန်းဆန်း' စာမူဖြင့် စာပေဗိမာန် စာပဒေသာဆုနှင့် ၁၉၉၅ ခုနှစ်တွင် 'အိုးခြမ်းပဲ့များ သက်သေထား' စာမူဖြင့် ပခုက္ကူ ဦးအုန်းဖေ စာပေ ဝတ္ထုရှည်များ ထပ်မံရရှိပါတယ်။ ၂၀၀၁ ခုနှစ်တွင် 'အခြေခံ ပြတိုက်ပညာ' စာအုပ်ကို ပြုစု ထုတ်ဝေခဲ့ကာ ဆရာသည် လုံးချင်း ၆ အုပ် ရေးသားခဲ့ရာ ၅ အုပ်မှာ ဆုရရှိခဲ့ပါတယ်။ ၁၉၉၅ ခုနှစ်တွင် ပခုက္ကူ ဦးအုန်းဖေ စာပေဆု ပြိုင်ပွဲတွင် ဝတ္ထုရှည် ပထမဆု ရရှိခဲ့ပါတယ်။
ဆရာမနုဿ ကျော်ဝင်းကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် အဖ ဦးအုန်းမောင်၊ အမိ ဒေါ်လှရှိန်တို့က ၁၉၄၅ ခုနှစ်၊ ဇွန်လ ၃ ရက်နေ့တွင် မွေးဖွားခဲ့သည်။ မွေးချင်း ငါးယောက်အနက် သားအကြီးဆုံးဖြစ်သည်။ အမည်ရင်းမှာ ကျော်ဝင်းဖြစ်သည်။
၁၉၆၁-ခုမှ စတင်၍ ပညာဆည်းပူးခဲ့ပြီး ရန်ကုန်တက္ကသိုလ်မှ မနုဿဗေဒပညာရပ်တွင် ဝိဇ္ဇာ(ဂုဏ်ထူး)ဘွဲ့ကိုလည်းကောင်း၊ မဟာဝိဇ္ဇာဘွဲ့ကိုလည်းကောင်ရရှိခဲ့သည်။ ၁၉၆၈-ခုနှစ် ရန်ကုန်အထိ ဝိဇ္ဇာနှင့်သိပ္ပံ တက္ကသိုလ်တွင် နည်းပြဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
'ရွှေအိုးလေး'၊ 'လှမြင့်'၊ 'မောင်ဝင်းနွယ်(ရန်ကုန် တက္ကသိုလ်)' နှင့် 'တက္ကသိုလ် ဝင်းသူ' စသည့် ကလောင်အမည်ဖြင့် ဝတ္ထု၊ ဆောင်းပါးများ ရေးသားခဲ့သည်။ မိမိ အထူးလိုက်စားခဲ့သော မနုဿဗေဒ ပညာရပ်ကို အစွဲပြု၍ ၁၉၆၈ ခုနှစ်မှ စတင်ကာ 'မနုဿကျော်ဝင်း' ဟူသော အမည်ကို ခံခဲ့သည်။ ကွင်းဆင်းလေ့လာမှု အတွေ့အကြုံများကို စာနယ်ဇင်းများတွင် ဆောင်းပါးနှင့် ဝတ္ထုတိုများအဖြစ် ရေးသားခဲ့သည်။ သုတေသန စာတမ်းများ၊ ဝတ္ထု၊ ဆောင်းပါးများ စုစုပေါင်း ၄၀ဝ-ကျော်ခန့် ရေးသားခဲ့ပြီး မြန်မာ့အသံ ယဉ်ကျေးမှု အနုပညာ အစီအစဉ်မှလည်း အသံလွှင့်ခဲ့သည်။
၁၉၆၉-ခုနှစ်တွင် ယဉ်ကျေးမှုဌာနသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့သည်။ နာဂတောင်တန်းနှင့် ပြည်နယ်များသို့ အကြိမ်ကြိမ်ကွင်းဆင်းလေ့လာခဲ့သည်။ ၁၉၇၃-ခုနှစ်တွင် စာပေဗိမာန် စာမူပြိုင်ပွဲ၌ 'အခြေခံ ရှေးဟောင်းသုတေသနပညာ' စာမူဖြင့် သုတပဒေသာ(ဝိဇ္ဇာ)ဆုကို လည်းကောင်း ရရှိခဲ့သည်။ ၁၉၇၅ ခုနှစ်တွင် 'တက္ကသိုလ် ဘယ်မှာရှိတယ်' စာမူဖြင့် ဝတ္ထုရှည်ဆုကို လည်းကောင်း ရရှိခဲ့သည်။ ၁၉၇၇ ခုနှစ်တွင် 'နောက်အော်နာဂ' စာအုပ်ဖြင့် အမျိုးသား စာပေဆုကို ထပ်မံရရှိခဲ့သည်။
၁၉၇၉ ခုနှစ်တွင် 'ခရီးကြမ်း ဓလေ့ဆန်းဆန်း' စာမူဖြင့် စာပေဗိမာန် စာပဒေသာဆုနှင့် ၁၉၉၅ ခုနှစ်တွင် 'အိုးခြမ်းပဲ့များ သက်သေထား' စာမူဖြင့် ပခုက္ကူ ဦးအုန်းဖေ စာပေ ဝတ္ထုရှည်များဆက်လက်ရှိသည်။ ထို့ပြင် ၂၀၀၁ ခုနှစ်တွင် 'အခြေခံ ပြတိုက်ပညာ' စာအုပ်ကို ပြုစု ထုတ်ဝေခဲ့သည်။ ဆရာ မနုဿကျော်ဝင်းသည် လုံးချင်း ၆ အုပ် ရေးသားခဲ့ရာ ၅ အုပ် ဆုရခဲ့သည်။ ၁၉၉၅ ခုနှစ်တွင် ပခုက္ကူ ဦးအုန်းဖေ စာပေဆု ပြိုင်ပွဲ၌ ဝတ္ထုရှည် ပထမဆုရရှိခဲ့သည်။
#Yangon_Media_Group
#LocalNews
Published -22 Mar 2022
မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ရခိုင်ပြည်နယ်အစိုးရက ကွပ်ကဲမှုရုံးကို ၂၄ နာရီဖွင့်ကာ တာဝန်ချထားပြီးအရေးပေါ်ကယ်ဆယ်ရေးစုဖွဲ့မှုများပြုလုပ်ထားကာ ကမ်းရိုးတန်းသွားယာဥ်များကို မတ်လ ၂၁ ရက်နေ့ကစပြီး ရပ်နားထားစေကာ လေယာဥ်ခရီးစဥ်များကို ယနေ့မှစ၍ ခေတ္တရပ်နားထားတယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ မုန်တိုင်းအန္တရာယ်ကျရောက်လာပါက အရေးပေါ်ရှာဖွေကယ်ဆယ်မှုများအား လျင်မြန်စွာတုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းတွေနဲ့ တပ်ဖွဲ့ဝင်များအား အဆင်သင့်စုဖွဲဆောင်ရွက်ထားတယ်လို့ ကျောက်ဖြူမြို့နယ်မီးသတ်တပ်ဖွဲ့က သိရပါတယ်။
"ရှာဖွေကယ်ဆယ်ရေးအတွက် လိုအပ်တဲ့ လေထိုးဘုတ်တွေနဲ့ လိုအပ်တဲ့ပစ္စည်းတွေပြင်ဆင်ထားပါတယ်။အရေးပေါ်အခြေအနေဖြစ်လာတာနဲ့ သွားရောက်ကူညီနိုင်ဖို့ပါ"ဟု ကျောက်ဖြူမြို့နယ်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
ဆောင်ရွက်ရာမှာ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ မြို့နယ်အတွင်းဖြစ်ပေါ်တတ်တဲ့ ဘေးအန္တရာယ်တွေနဲ့ မြို့နယ်အတွင်း ဖြစ်ပေါ်လာနိုင်တဲ့ မိုးလေဝသအခြေအနေများကို ပြည်သူများထံသို့ အချိန်မီ အသိပေးပြန်ကြားပြီး သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက လျင်မြန်စွာတုံ့ပြန်နိုင်ရေး ဆောင်ရွက်ထားတယ်လို့သိရပါတယ်။
မတ်လ ၂၂ ရက်၊ မြန်မာစံတော်ချိန် နံနက် ၁ နာရီခွဲ တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတို့တွင်ဖြစ်ပေါ်နေသော အားကောင်းသော မုန်တိုင်းငယ်သည် မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့၏ အရှေ့-အရှေ့ မြောက်ဘက် ရေမိုင်(၄၀)မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့၏ တောင်ဘက် ရေမိုင်(၁၁၀)မိုင်ခန့်၊ ပုသိမ်မြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင် (၁၆၀)မိုင်ခန့်၊ သံတွဲမြို့၏ တောင်ဘက် ရေမိုင်(၂၆၀)မိုင်ခန့်၊ မော်လမြိုင်မြို့၏ အနောက်တောင်ဘက် ရေမိုင်(၂၅၀)မိုင်ခန့်၊ ရန်ကုန်မြို့၏ အနောက်တောင်ဘက် ရေမိုင် (၂၀၀)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ပိုပလဲယား ၏ မြောက်-အရှေ့မြောက်ဘက် ရေမိုင်(၁၇၀)မိုင်ခန့်နှင့် မာယာဘန်ဒါမြို့၏ အရှေ့မြောက်ဘက် ရေမိုင်(၁၀၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ သိရပါတယ်။
အားကောင်းသောမုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မုန်တိုင်း၏ အဝန်းအဝိုင်းသည် မြန်မာနိုင်ငံ၊ ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်မည့် အခြေအနေဖြစ်ပါသဖြင့် အနီရောင်အဆင့်ဟု သတ်မှတ်ထားကာ အားကောင်းသောမုန်တိုင်းငယ်သည် မြန်မာစံတော်ချိန် နံနက် ၁ နာရီခွဲ၌ မြောက်လတ္တီကျု(၁၄.၂)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု(၉၄.၀)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား(၁၀၀၀)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၄၅)မိုင်နှုန်းခန့် ဖြစ်တယ်လို့ သိရပါတယ်။
အားကောင်းသောမုန်တိုင်းငယ်သည် လာမည့် ၆ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိနိုင်သည်ဟုခန့်မှန်းပြီး မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ကာ မတ်လ ၂၂ ရက်(ယနေ့) နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့အနီးမှလည်းကောင်း၊ မတ်လ ၂၃ ရက် နံနက်ပိုင်း တွင်ရခိုင်ကမ်းရိုးတန်းကို သံတွဲမြို့အနီးမှလည်းကောင်း ဖြတ်ကျော်ဝင်ရောက်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။
ymg/hm
#Yangon_Media_Group
Page 1919 of 2012