#Local_News
Published_13 July 2022
Facebook Messenger မှ တစ်ဆင့် ရန်ကုန်မြို့ထိသွားရောက်၍ ငွေစက္ကူအတုဝယ်သူများအား ဖမ်းမိကြောင်း သိရသည်။
ဇူလိုင်လ ၁၂ ရက်နံနက် ၁၀ နာရီခန့်က ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်၊ မီးချောင်းထိုးကျေးရွာအနီး၌ ငွေစက္ကူအတုများလဲလှယ်နေကြောင်း သတင်းရသည့်အတွက် တောင်ကုတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက စုံစမ်းဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
၎င်းငွေစက္ကူအတုများအား Facebook Messenger မှတစ်ဆင့် ဆက်သွယ်၍ တောင်ကုတ်မြို့နယ်၊ ပဒါကျေးရွာနေ မာမာဝင်း၊ ခင်သီတာလွင်တို့နှင့်အတူ ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးကားဝန်းအနီး၌ ငွေစက္ကူအစစ် ၁၇ သိန်း ပေး၍ ငွေစက္ကူအတု ၁၀၀၀၀ ကျပ်တန် ၅၃၀၀၀၀၀ ကျပ် သွားရောက်ဝယ်ယူခဲ့ပြီး ပြန်လာစဉ် လမ်းခရီးတစ်လျှောက်၌ ငွေစက္ကူအတုများဖြင့် ဈေးဝယ်သုံးစွဲခဲ့ကြောင်း ဖမ်းဆီးမိသူ တောင်ကုတ်မြို့နယ် လိပ်ကုန်းဘောင်ကျေးရွာမှ အသက် ၂၁ နှစ်ခန့်အရွယ် သန့်ဇင်ထွန်းအား စစ်ဆေးချက်တွင် ဖော်ပြထားသည်။
၎င်းအား ငွေစက္ကူအတုဟုယူဆရသော ခဓ ၈၄၂၇ ၅၉၈/BS 8427598 နံပါတ်စဉ်ပါ ၁၀၀၀၀ ကျပ်တန် ၁၀၅ ရွက် (၁,၀၅၀,၀၀၀ ကျပ်)နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းလည်း ဖြစ်သည်။
ဖမ်းဆီးရမိသည့်ငွေစက္ကူအတုများတွင် လေဆာကြိုးအရောင်မှာ ပြောင်းလဲခြင်းမရှိဘဲ သာမန်မိတ္တူကူးစက္ကူအမျိုးအစားဖြင့် ရိုက်ထားသည့်ငွေစက္ကူဖြစ်ကြောင်း၊ ငွေစက္ကူအစစ်ထက် အလျား ၁ မီလီမီတာ ရှည်ပြီး အနံ ၁ မီလီမီတာ တိုနေကြောင်း သိရသည်။
သန့်ဇင်ထွန်းနှင့် အတူ ငွေစက္ကူအတုသွားဝယ်သည့် အသက် ၃၉ နှစ်အရွယ် မာမာဝင်းနှင့် ခင်သီတာလွင်တို့ကိုလည်း ငွေစက္ကူအတု ၁၀၀၀၀ ကျပ်တန် ၂၂၉ ရွက်နှင့်အတူ ထပ်မံဖမ်းဆီး ရမိခဲ့ကြောင်း သိရှိရသည်။
လက်ရှိတွင် တောင်ကုတ်မြို့မရဲစခန်း၌ မြန်မာနိုင်ငံဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅/၁၀၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရှိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published - 13 July 2022
ယမန်နေ့ ဇူလိုင်လ ၁၂ ရက် ဝါဆိုလပြည့်နေ့ (အများပြည်သူရုံးပိတ်ရက်) တွင် မြေနီကုန်း၌ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး ယနေ့တစ်ဦးထပ်မံသေဆုံးကာ စုစုပေါင်း သေဆုံးသူ နှစ်ဦးရှိပြီဖြစ်ကြောင်း စမ်းချောင်းလူမှုကယ်ဆယ်ရေးအသင်းမှ သိရသည်။
" မနေ့ကပေါက်ကွဲမှုဖြစ်တော့ ကျွန်တော်တို့အသင်းတစ်ခုတည်း ပို့တာမဟုတ်ဘူး။ ကယ်ဆယ်ရေးအသင်းတွေက သုံးခုလောက်ရှိတယ်။ ကျွန်တော်တို့က ပေါင်ထိမှန်တဲ့သူ၊ ရင်ဘတ်ထိမှန်တဲ့သူ၊ လက်ထိမှန်တဲ့သူတွေကို ရန်ကုန်ဆေးရုံကြီးပို့ပေးရတာပေါ့။ ဒီနေ့တော့ ကုသနေရင်းနဲ့ တစ်ဦးထပ်သေတယ်လို့ သတင်းရတယ်"ဟု စမ်းချောင်းလူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ဗုံးပေါက်ကွဲမှုဖြစ်စဥ်တွင် ဒဏ်ရာရရှိသူ ၁၁ ဦးရှိခဲ့ပြီး အမျိုးသမီးနှစ်ဦးသေဆုံးကြောင်း သိရသည်။
ရန်ကုန်၊ စမ်းချောင်းမြို့နယ်၊ မြေနီကုန်းခုံးကျော်တံတားအောက်တွင် ဇူလိုင် ၁၂ ရက် ညနေပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး တပြိုင်နက်တည်းတွင်လည်း လှိုင်သာယာမြို့နယ် (၅) ထိပ်ပန်းခြံနှင့် ပီမိုးနင်းလမ်းအနီးတွင်လည်း ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကာ အမျိုးသားနှစ်ယောက် ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
#Local_News
Published _ 13 July 2022
မန္တလေးမြို့၏ ကမ္ဘာကျော်ဦးပိန်တံတားကြီးတည်ရှိရာ တောင်သမန်အင်းအတွင်း မြစ်ရေများဝင်ရောက်ချိန် မေလပိုင်းမှ စတင်ပြီး တောင်သမန်အင်းနှင့် ဦးပိန်တံတားသို့လာရောက်လည်ပတ်သူများပြားကြောင်း ဦးပိန်တံတားပြုပြင်ထိန်းသိမ်းရေး အကျိုးတော်ဆောင်ထံမှ သိရသည်။
ရုံးပိတ်ရက်များနှင့် ခါကြီးရက်ကြီးများဖြစ်သည့် လပြည့်နေ့တွေမှာ လာရောက်လည် ပတ်ရင်း ငှက်လှေစီးသူများ ပိုမိုများပြားကြောင်း ဦးပိန်တံတားပြုပြင်ထိန်းသိမ်းရေးအကျိုးတော်ဆောင်၊ ငှက်လှေအသင်းဥက္ကဌ ကဆိုသည်။
တောင်သမန်မှာ ခရီးသွားဧည့်သည်များကို အမှီပြုလုပ်ကိုင်နေကြသည့် ငှက်လှေအသင်းအနေဖြင့် ငှက်လှေစီးခရီး သွားများစိတ်ချမ်းသာမှုအတွက် ကြံ့ခိုင်သပ်ရပ်သည့်ငှက်လှေများဖြစ်စေရေးနှင့် အလှည့်ကျစနစ်ဖြင့် လိုက်ပါဆောင်ရွက်ဖို့ စည်းကမ်းသတ်မှတ်ချက်များရှိကြောင်းသိရသည်။
အင်းအတွင်း သဘဝအလှများကို ကြည့်ရှုခံစားနိုင်ရန်အတွက် ငှက်လှေအစီး(၄၀)ခန့်ရှိပြီး ရုံးပိတ်ရက်နှင့်လပြည့်နေ့များတွင် စက်လှေအစီး(၃၀)ကျော် ပြေးဆွဲနေရကြောင်းသိရသည်။
ymg/NN
#Yangon_Media_Group
#Local_News
Published - 13 July 2022
လက်ရှိ ပြည်တွင်းကုန်စျေးနှုန်းသည် စျေးအမြင့်ပိုင်းဖြင့် အရောင်းအဝယ်အေးနေကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်မှ သိရသည်။
"ကုန်စျေးနှုန်းက မထူးပါဘူး။ ကျတယ်လည်းမဟုတ်ဘူး။ တတ်တယ်လည်းမဟုတ်ဘူး။ စျေးတော့ငြိမ်နေတယ်။ အရောင်းအဝယ်ကပါးတယ် စျေးကအမြင့်တွေပဲဖြစ်နေတော့။ အမြင့်နဲ့ ငြိမ်နေတာပေါ့။ ကြက်သွန်ဆိုရင်လည်း တနေ့ကို အစီးရေ ၃၀ ၊ ၄၀ ဝန်းကျင်လောက်ပဲ ဝင်တော့တယ်"ဟု ဘုရင့်နောင်ကုန်စည်ဒိုင်မှ ဥက္ကဌ ဦးခင်ဟန်က ပြောသည်။
ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှ ထုတ်ပြန်ထားသည့် ကုန်စည်ဈေးနှုန်းတွေအရ မတ်ပဲဈေးနှုန်းကျဆင်းနေသော်လည်း နှမ်းမျိုးစုံဈေးမှာ ဆက်တိုက် မြင့်တက်နေပြီး ကြက်သွန်နီ ဈေးနှုန်းမှာ ထပ်မံကျဆင်းသွားကြောင်း သိရသည်။
ယင်းအပြင် မတ်ပဲ (FAQ/RC) တစ်တင်း ၅၁,၂၈၅ ကျပ်၊ မတ်ပဲ(SQ/RC) တစ်တင်း ၅၈,၃၆၀ ကျပ်၊ ပဲစင်းငုံနီ တစ်တင်း ၄၇,၄၃၀ ကျပ်၊ ကုလားပဲဖြူလုံး တစ်ပိဿာ ၂,၅၀၀ ကျပ်မှ ၂,၅၈၅ ကျပ်၊ ကုလားပဲဖြူလုံးကြီး တစ်ပိဿာ ၂,၆၆၅ ကျပ်မှ ၂,၇၅၀ ကျပ်၊ စားတော်ပဲလုံး တစ်ပိဿာ ၄,၇၅၀ ကျပ်မှ ၅,၅၀၀ ကျပ်၊ ပဲတီစိမ်း တစ်ပိဿာ ၂,၂၁၅ ကျပ်မှ ၂,၈၃၅ ကျပ်၊ ပြောင်းဆန် တစ်ပိဿာ ၉၄၀ ကျပ်မှ ၉၆၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာ ၁,၀၅၀ ကျပ်မှ ၁,၇၀၀ ကျပ် စျေးရှိနေကြောင်း သိရသည်။
အခြေခံစားသောက်ကုန် ကုန်စျေးနှုန်းကြီးမြင့်မှုကြောင့် အခြေခံလူတန်းစားအချို့မှာ ဝင်ငွေနှင့် ထွက်ငွေမညီမျှသည့်အတွက် အခက်အခဲများစွာရှိနေကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
#DailyNews
Published - 13 July 2022
၁။ဓာတုဗေဒအနံ့အသုံးပြုထားသည့် စားသုံးဆီဈေးကွက်ကို ဖယ်ရှားပေးရန်ဆီစက်ပိုင်ရှင်များအသင်းတောင်းဆို
၂။လူစုလူဝေးများသည့်အခမ်းအနားများ၊ ဘုရားများတွင် Mask များ မဖြစ်မနေပြန်တက်ရန်လို
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ လီဝန်ဒီအမျိုးသားဥယျာဉ်မှ ဆင်အကောင်ရေ (၂၅၀)အား မာလာဝီနိုင်ငံသိုရွှေ့ပြောင်း... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_13 July 2022
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် မိန်းမကြွယ်ကျေးရွာအနီး ပင်လယ်ကမ်းခြေတွင် တော်ပီတိုတစ်လုံးသောင်တင်နေသည်ကို ယနေ့ ဇူလိုင်လ ၁၃ ရက် နံနက်ပိုင်းက ဒေသခံများတွေ့ရှိခဲ့ကြောင်း သိရသည်။
ယင်းအပေါ်တွင် D&P Torpedo ဟု ရေးသားထားကြောင်း ၊ အရှည် ၉ ပေ၊ လုံးပတ် ၃ ပေပတ်လည်ရှိကြောင်းနှင့် လက်ရှိတွင် တာဝန်ရှိသူများ စစ်ဆေးရန် ရောက်ရှိနေကြောင်း မိန်းမကြွယ်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့က ပြောကြားထားသည်။
ymg/mt
#Yangon_Media_Group
photo-USanMyatShwe
#Local_News
Published_13 July 2022
ကချင်ပြည်၊မိုးမောက်မြိုနယ်၊လွယ်ဂျယ်မြိုရှိ ကြံစိုက်ခင်းတွင် အသက်(၅)အရွယ်ကလေးငယ်အား အဓမ္မပြုကျင့်သတ်ဖြတ်ကာ လွယ်ဂျယ်မြိုအနီးရှိ ကြံစိုက်ခင်းတစ်ခင်းတွင်အလောင်းဖွက်ထားခဲ့သည့် တရားခံဖြစ်သူကို ဖမ်းဆီးမိပြီဖြစ်ကြောင်း သိရသည်။
ကလေးငယ်အား အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့သူမှာ အသက် ၃၀ အရွယ် မောင်.......ဆိုသူဖြစ်ပြီး ယင်းကို ဇူလိုင်လ ၁၁ ရက်က မိုးမောက်မြိုတွင်ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ကလေးငယ်အား အဓမ္မပြုကျင့်သတ်ဖြတ်သူ၏ ဖြောင့်ချက်အရ ယင်း၏ဇနီးနှင့် သေဆုံးသည့် ကလေးငယ်၏ မိခင်ဖြစ်သူတို စကားများရန်ဖြစ်ကြရာမှ အဓမ္မပြုကျင့်သတ်ဖြတ်သူ၏ ဇနီးမှာ ကလေးမွေးဖွားထားသည့် ရက်ပိုင်းသာရှိသည့်အချိန်ဖြစ်သောကြောင့် သွေးလွန်ပြီးလေဖြတ်ခဲ့ရသည်ကို မကျေနပ်၍ ဖြစ်ကြောင်း သိရသည်။
ယခုအခါ ယင်းကျူးလွန်သူကို ရာဇသတ်ကြီးပုဒ်မ ၃၀၂နှင့်၃၇၆ တိုဖြင့် သက်ဆိုင်ရာနယ်မြေရဲစခန်းက အမှုဖွင့်ကာတရားစွဲဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
Page 1819 of 2142