#WorldHealth

Published - 10  November 2021

အိန္ဒိယက Zydus Cadila ကိုဗစ်ကာကွယ်ဆေးတစ်စုံကို ၃.၅၇ ဒေါ်လာ(၂၆၅ ရူပီး)ခန့်ဖြင့် ကာကွယ်ဆေးပေါင်း ၁၀ သန်းကို ဝယ်ယူဖို့မှာထားလိုက်ပြီဖြစ်ကြောင်း ကာကွယ်ဆေးထုတ်လုပ်သူတွေက တနင်္လာနေ့မှာ ပြောသွားပါတယ်။]

၃ ကြိမ်ထိုးရတဲ့ Zydus Cadila ကာကွယ်ဆေးကို အရွယ်ရောက်ပြီးသူတွေနဲ့ အသက် ၁၂ နှစ်အထက်ကလေးတွေမှာ ထိုးနှံနိုင်ကြောင်း နိုင်ငံတော်ဆေးဝါးဆိုင်ရာတာဝန်ရှိသူတွေထံမှ ဩဂုတ်လက အသိအမှတ်ပြုခွင့်ပြုချက်ရရှိထားပါတယ်။

ပုံမှန်ဆေးထိုးအပ်တွေလိုမဟုတ်ဘဲ ဒီကာကွယ်ဆေးဟာ ဆေးထိုးအပ်မပါတဲ့ပစ္စည်းနဲ့ အသုံးပြုရတာဖြစ်ပြီး ပစ္စည်းတစ်ခုကို ၉၃ ရူပီးနဲ့ဝယ်ယူရရှိနိုင်ပါတယ်။"ဆေးထိုးအပ်နဲ့ ထိုးစရာမလိုတာကြောင့် ကာကွယ်ဆေးထိုးချင်တဲ့သူတွေ ပိုများလာပြီး ကိုဗစ်ရောဂါကို ကာကွယ်နိုင်ဖို့မျှော်လင့်ပါတယ်"လို့ Zydus မှ ညွှန်ကြားရေးမှူး Sharvil Patel ကဆိုပါတယ်။

အိန္ဒိယမှာ အရွယ်ရောက်ပြီးသူ ၁.၀၉ ဘီလီယံခန့်အထိ ကိုဗစ်ကာကွယ်ဆေးထိုးပြီးပြီဖြစ်ပြီး ၈၈ ရာခိုင်နှုန်းက အိန္ဒိယ Serum Institute ကထုတ်တဲ့ အက်စ်ထရာဇန်နီကာ ကာကွယ်ဆေးထိုးထားတာ ဖြစ်ပါတယ်။ အိန္ဒိယမှာ ကလေးငယ်တွေကို စတင်ကာကွယ်ဆေးထိုးဖို့ ဆောင်ရွက်နေပြီး တာဝန်ရှိသူတွေထံမှ ခွင့်ပြုချက်ရရှိပါက Zydus အနေနဲ့ ဘာရက်ဘိုင်အိုတက်ခ်ရဲ့ ကိုဗက်ဆင်းကာကွယ်ဆေးနဲ့ ယှဉ်ပြိုင်ရဖို့ရှိနေပါတယ်။

ကိုဗက်ဆင်းက ၂ ကြိမ်ထိုးသွင်းရတာကြောင့် ၃ ကြိမ်ထိုးသွင်းရတဲ့ Zydus Cadila ထက် အသုံးပြုချင်သူတွေ ပိုများနိုင်ပြီး ဘာရက်ဘိုင်အိုတက်ခ်က Zydus ထက် ကာကွယ်ဆေးအလုံအလောက်ရရှိနိုင်တဲ့ အခြေအနေလည်း ရှိနေပါတယ်။

အစိုးရကထောက်ပံ့ရာမှာ လူတစ်ယောက်စာအတွက် Zydus ကာကွယ်ဆေးနဲ့ ပစ္စည်းရဲ့တန်ဖိုးဟာ ၁၀၇၄ ရူပီး(၁၄.၄၈ ဒေါ်လာ)ရှိနေပါတယ်။ အက်စ်ထရာဇန်နီကာ ကာကွယ်ဆေးတစ်စုံအတွက် နိုင်ငံတော်အစိုးရက ၄၀၀ ရူပီးဖြင့်ဝယ်ယူရပြီး ပုဂ္ဂလိကဆေးရုံတွေကတော့ ၆၀၀ ရူပီးဖြင့် ဝယ်ယူနေရပါတယ်။

ဘာရက်ဘိုင်အိုတက်ခ်က သူတို့ရဲ့ဆေးတစ်စုံကို ၁၅၀ ရူပီးဖြင့်ရောင်းချပြီး ရုရှားထုတ် Sputnik V ကာကွယ်ဆေးကတော့ ၉၉၅ ရူပီးဖြင့်ရောင်းချနေပါတယ်။

Source: Reuters