#WorldHealth

Published- 10  November 2021

စင်္ကာပူမှာ နိုဝင်ဘာ ၁၀ ရက်နေ့ကစပြီး ကာကွယ်ဆေးအပြည့်ထိုးပြီးသား တစ်အိမ်ထဲနေသူတွေဟာ စားသောက်ဆိုင်တွေမှာ ၅ ယောက်အထိ စုဖွဲ့ထိုင်စားနိုင်ပြီဖြစ်ကြောင်း ကိုဗစ်ရောဂါတိုက်ဖျက်ရေးဆိုင်ရာ ဝန်ကြီးဌာနမှ ပူးတွဲဥက္ကဌဂန်ကင်မ်ယောင်က ကြေညာလိုက်ပါတယ်။

အိမ်တစ်အိမ်ထဲကမဟုတ်တဲ့ ကာကွယ်ဆေးထိုးပြီးသားသူတွေကတော့ အများဆုံးလူနှစ်ယောက်သာ ထိုင်လို့ရဦးမှာဖြစ်ပြီး ထိုကန့်သတ်ချက်ကိုတော့ ဖြေလျှော့ဦးမှာမဟုတ်ဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနက မီဒီယာရှင်းလင်းပွဲမှာပြောကြားသွားပါတယ်။

အစားအသောက်ရောင်းချတဲ့ဆိုင်တွေမှာ ကာကွယ်ဆေးထိုးနှံခြင်းရှိမရှိကို စစ်ဆေးဖို့လိုအပ်ပြီး မုန့်ဈေးတန်းလိုနေရာမျိုးနဲ့ ကော်ဖီဆိုင်တွေမှာတော့ စုဖွဲ့ထိုင်စားခွင့်ပြုဦးမှာမဟုတ်ဘူးလို့ ဝန်ကြီးဌာနကပြောပါတယ်။ "မုန့်ဈေးတန်းတွေနဲ့ ကော်ဖီဆိုင်တွေမှာ ရောဂါထိန်းချုပ်ရေးစီမံချက်တွေ ချမှတ်ပြီးရင်တော့ အဲဒီဆိုင်တွေမှာလည်း ဆိုင်ထိုင်ခွင့်ပြုဖို့ ပြင်ဆင်သွားမှာဖြစ်ပါတယ်"

အမျိုးသားပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ စင်္ကာပူအစားအစာကွပ်ကဲရေးအဖွဲ့တို့က မုန့်ဈေးတန်းစီစဉ်သူတွေနဲ့ ကော်ဖီဆိုင်တွေကို ဒီကိစ္စနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးကြမှာဖြစ်ပြီး အသင့်ဖြစ်တဲ့အခါ နောက်ထပ်အချက်အလက်တွေ အသိပေးသွားမှာဖြစ်တယ်လို့ ဝန်ကြီးဌာနကဆိုပါတယ်။

အစားအသောက်ရောင်းချတဲ့ဆိုင်တွေမှာ အသံသွင်းတေးသီချင်းတွေကိုသာ ဖွင့်ခွင့်ပြုထားမှာဖြစ်ပြီး live သီဆိုဖျော်ဖြေမှုတွေကိုတော့ ဆက်လက်ပိတ်ပင်ထားဦးမှာဖြစ်ပါတယ်။ တခြားအိမ်နဲ့ လူအများသွားလာရာနေရာတွေကို သွားရောက်ရာမှာ တစ်နေ့ကိုတစ်ကြိမ်သာ လူ ၂ ယောက် တွေ့ဆုံပြောဆိုခွင့်ပြုထားပါတယ်။

တစ်အိမ်ထဲကလာတဲ့လူတွေကိုတော့ တစ်နေ့ကို ၂ ယောက် တွေ့ဆုံခွင့်ပြုထားပြီး အဘိုးအဘွားအုပ်ထိန်းမှုအောက်မှာနေနေရတဲ့ ကလေးတွေကိုတော့ အဲဒီလိုမပိတ်ပင်ထားပါဘူး။

တာဝန်ရှိသူတွေက ကာကွယ်ဆေးအပြည့်ထိုးပြီးသားသူတွေကို တခြားနေရာတွေမှာလည်း ကန့်သတ်ချက်တွေဖြေလျှော့ဖို့ အစီအစဉ်တွေရှိနေသေးတယ်လို့ မစ္စတာဂန်က ပြောပါတယ်။

အားကစားပြိုင်ပွဲတွေ စီးပွားရေးအလုပ်အကိုင် အခွင့်အလမ်း(MICE)ပြပွဲတွေမှာ ကာကွယ်ဆေးအပြည့်ထိုးထားသူတွေအတွက် ပြန်လည်လှုပ်ရှားသွားလာနိုင်အောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ စာသင်ကျောင်းတွင်း လှုပ်ရှားမှုတွေကိုလည်း ပိုမိုကျယ်ပြန့်စွာလုပ်ဆောင်နိုင်အောင် ပြုလုပ်သွားမှာဖြစ်တယ်လို့ မစ္စတာဂန်က ဆိုပါတယ်။

Source: CNA