လန်ဒန်၊ မတ်၂၁-လန်ဒန်ကို ပျံသန်းတဲ့ ဗြိတိသျှလေကြောင်းလိုင်း (British Airways) လေယာဉ်ပေါ်မှာ ခရီးသည်တွေဟာ ရုပ်အလောင်းတစ်ခုနဲ့အတူ ၁၃ နာရီကျော်ကြာ အချိန်ဖြတ်သန်းခဲ့ရပါတယ်။

The Sun, Daily Express နဲ့ The Standard သတင်းတွေအရဆိုရင် မတ်လ ၁၅ ရက် တနင်္ဂနွေနေ့က ဟောင်ကောင်ကနေ ထွက်ခွာလာတဲ့ လေယာဉ်အမှတ် BA32 ပေါ်မှာ လေယာဉ်ထွက်ပြီး တစ်နာရီလောက်အကြာမှာပဲ အသက် ၆၀ အရွယ် အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ဗြိတိသျှလေကြောင်းလိုင်းက ပြောရေးဆိုခွင့်ရှိသူတစ်ယောက်က PEOPLE မဂ္ဂဇင်းကို ပြောပြ  တာကတော့ "လေယာဉ်ပေါ်မှာ ခရီးသည်တစ်ဦး ဝမ်းနည်းဖွယ် ကွယ်လွန်သွားခဲ့ပါတယ်။ ဒီလိုခက်ခဲ တဲ့အချိန်မှာ ကျန်ရစ်သူ မိသားစု၊ မိတ်ဆွေတွေနဲ့ ထပ်တူ ဝမ်းနည်းရပါတယ်။ လေယာဉ်ဝန်ထမ်း တွေကို လည်း လိုအပ်တာတွေ ကူညီပံ့ပိုးပေးနေသလို၊ လုပ်ထုံးလုပ်နည်း အားလုံးကိုလည်း မှန်မှန်ကန်ကန် လိုက်နာဆောင်ရွက်ခဲ့ပါတယ်" လို့ ဆိုပါတယ်။

ဒီအမျိုးသမီး သေဆုံးသွားပြီးနောက်ပိုင်း မိသားစုဝင်တွေရော လေယာဉ်ဝန်ထမ်းတွေပါ အရမ်းကို စိတ်  ဆင်းရဲပူဆွေးခဲ့ရတယ်လို့ သတင်းရင်းမြစ်တစ်ခုက The Sun သတင်းစာကို ပြောပြပါတယ်။ ဒါပေမယ့် ခရီးသည်က သေဆုံးသွားခဲ့ပြီ ဖြစ်တဲ့အတွက် ဒီအခြေအနေကို "အရေးပေါ်အခြေအနေ" လို့တော့ မသတ်မှတ်ခဲ့ပါဘူး။

"ရုပ်အလောင်းကို ဘယ်လိုထားရမလဲဆိုတာ ဆွေးနွေးခဲ့ကြပါတယ်။ လေယာဉ်မှူးခန်းဘက်က ရုပ်အလောင်းကို အိမ်သာထဲမှာ သော့ခတ်ထားဖို့ တောင်းဆိုပေမယ့် လေယာဉ်ဝန်ထမ်းတွေက လက်မခံခဲ့ ပါဘူး" လို့ အဲဒီသတင်းရင်းမြစ်ကပဲ ပြောပါတယ်။ "ဒါကြောင့် သူတို့က ရုပ်အလောင်းကို သီးခြားခွဲထားဖို့ ပိတ်စတွေနဲ့ပတ်ပြီး လေယာဉ်အနောက်ဘက်က မီးဖိုချောင်ခန်း (Galley) ထဲကို ရွှေ့ထားခဲ့ရပါတယ်။"

"အဲဒီ မီးဖိုချောင်ခန်းမှာ အပူပေးစနစ်ပါတဲ့ ကြမ်းပြင်ရှိနေတာကို တချို့ဝန်ထမ်းတွေ သတိမထား မိခဲ့ကြဘူး။ အဲဒါကြောင့် လေယာဉ်ခရီးစဉ် ပြီးဆုံးခါနီးလောက်မှာတော့ အဲဒီနေရာတစ်ဝိုက်ကနေ အနံ့ဆိုး  တွေ ထွက်လာတယ်လို့လည်း ပြောကြတယ်" လို့ သူက ဆက်ပြောပါတယ်။

လေယာဉ်က လန်ဒန်မြို့က ဟီသရိုး (Heathrow) လေဆိပ်ကို ဆင်းသက်လိုက်တဲ့အချိန်မှာတော့ ရဲတွေ  က လေယာဉ်ပေါ်တက်လာပြီး စစ်ဆေးမှုတွေ လုပ်ခဲ့ပါတယ်။ အဲဒီအချိန်အတွင်းမှာ ခရီးသည်တွေကို သူတို့ထိုင်ခုံတွေမှာပဲ ၄၅ မိနစ်လောက် ဆက်ထိုင်နေခိုင်းခဲ့တယ်လို့ သိရပါတယ်။

အမ်စတာဒမ်မြို့ ရှီဖိုးလ် (Schiphol) လေဆိပ်မှာ ခရီးသွားတွေ သေဆုံးသွားရင် ရုပ်အလောင်း နဲ့ပတ်သက်ပြီး စီစဉ်ဆောင်ရွက်ပေးရတဲ့ သီးသန့်ဌာန (Mortuarium Schiphol) တစ်ခုရှိပါတယ်။ အဲဒီက ညှိနှိုင်းရေးမှူး Ben Vos က လေယာဉ်ပေါ်မှာ ခရီးသည်သေဆုံးတဲ့ ရှားပါးဖြစ်ရပ်မျိုး ကြုံလာရင် နောက်  ဆက်တွဲတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းလေ့ရှိတယ်ဆိုတာကို အရင်က ဗဟုသုတအနေနဲ့ ဝေမျှဖူး ပါတယ်။

"လေယာဉ်နားကို တိုက်ရိုက်လာတဲ့ အထူးယာဉ်တစ်စီး ရှိတယ်" လို့ သူက ၂၀၂၅ ခုနှစ် ဒီဇင်ဘာတုန်းက CNN ကို ရှင်းပြခဲ့ပါတယ်။ "ကျွန်တော်တို့က လေယာဉ်ပေါ်ကနေ အဲဒီကားပေါ်ကို တိုက်ရိုက်  ဆင်းနိုင်တဲ့အတွက် လေဆိပ်မှာ ကျွန်တော်တို့ ဘာတွေလုပ်နေလဲဆိုတာကို လူအများစု မမြင်နိုင်ပါဘူး။"

အဲဒီကနေမှတစ်ဆင့် အဖွဲ့ငယ်လေးတစ်ခုက ရုပ်အလောင်းတွေကို နာရေးကူညီမှုအသင်းတွေဆီ ပို့  ဆောင်ပေးဖို့ သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေအတိုင်း ပြင်ဆင်ကြပါတယ်။ အဲဒီလိုလုပ်တဲ့နေရာမှာ ရုပ်  အလောင်းမပျက်စီးအောင် ဆေးစီရင်တဲ့ အဖွဲ့တွေနဲ့ စီစဉ်တာ၊ အကယ်၍ ခန္ဓာကိုယ်အစိတ်အပိုင်း လှူဒါန်းဖို့ရှိရင် ဆေးရုံ/ဆေးခန်းတွေနဲ့ ညှိနှိုင်းတာ၊ ပြီးတော့ မိသားစုတွေကို မီးသင်္ဂြိုဟ်ပေးတဲ့ ကုမ္ပဏီ တွေနဲ့ ချိတ်ဆက်ပေးတာတွေ ပါဝင်ပါတယ်။

New England Journal of Medicine မှာ ဖော်ပြထားတဲ့ ၂၀၁၃ ခုနှစ်က လေ့လာမှုတစ်ခုအရဆိုရင် လေယာဉ်ပေါ်မှာ သေဆုံးတဲ့ဖြစ်စဉ်တွေဟာ တော်တော်လေးကို "ရှားပါး" ပါတယ်။ လေယာဉ်  ပေါ်မှာဖြစ်တဲ့ ဆေးဘက်ဆိုင်ရာ အရေးပေါ်အခြေအနေတွေရဲ့ သုည ဒသမ ၃ ရာခိုင်နှုန်းလောက်ပဲ သေဆုံးမှုအထိ ဖြစ်လေ့ရှိတာပါလို့ ဆိုပါတယ်။

(သတင်းရင်းမြစ် - People.com)