အထူးသုံးသပ်ချက်ဆောင်းပါး
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တုန်းက အမေရိကန်နဲ့ အစ္စရေးတို့ ပေါင်းပြီး အီရန်ကို ဝင်တိုက် ကြတဲ့အခါ၊ သူတို့ရဲ့ စစ်ဆင်ရေးက စာအုပ်ထဲက လေကြောင်းစစ်ပွဲတစ်ခုလိုဖြစ်ခဲ့တယ်။ ရည်ရွယ်ချက်က သိပ်ရှင်းပါတယ်။ ရန်သူ့ ကာကွယ်ရေးစနစ်တွေကို ဖျက်ဆီးမယ်၊ ပြန်လည်တိုက်ခိုက်နိုင်စွမ်းကို ချိုးနှိမ် မယ်၊ ပြီးတော့ ခေါင်းဆောင်ပိုင်းကို အမြစ်ဖြတ်မယ်ပေါ့။ ပြီးခဲ့တဲ့ နွေရာသီစစ်ပွဲကတည်းက အတော်လေး ယိုင်နဲ့နေပြီဖြစ်တဲ့ အီရန်ရဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကို ယခုအပြီးတိုင် ရှင်းလင်းပစ်လိုက် ကြတယ်။
အီရန်က ပြန်မတိုက်နိုင်အောင် ဒုံးကျည်စက်ရုံတွေ၊ ဒရုန်းစခန်းတွေနဲ့ ရေတပ်စခန်းတွေကိုလည်း ပစ်မှတ် ထားခဲ့ကြတယ်။ အဓိကကတော့ အီရန်ရဲ့ ထိပ်ပိုင်းတပ်မှူးတွေကို ဆက်တိုက် လုပ်ကြံဖယ်ရှားပြီး တီဟီရန်အစိုးရရဲ့ ဆုံးဖြတ်ချက်ချတဲ့ လုပ်ငန်းစဉ်တစ်ခုလုံးကို ကမောက်ကမဖြစ်အောင် ရည်ရွယ် လုပ်ဆောင်ခဲ့တာပဲဖြစ်ပါတယ်။
စစ်ဆင်ရေးရှုထောင့်ကနေ ကြည့်ရင်တော့ သူတို့အတွက် အတော်လေး အကျိုးအမြတ်ထွက်ပါတယ်။ လေပိုင်နက်ကို စိုးမိုးလိုက်နိုင်ပြီဆိုတာနဲ့ စစ်စရိတ်က သက်သာသွားပါပြီ။ အရင်လို စျေးကြီးတဲ့ တာဝေး ပစ် လက်နက်ကြီးတွေ သုံးစရာမလိုတော့ဘဲ၊ စျေးပေါပေါနဲ့ အလွယ်တကူရနိုင်တဲ့ လက်နက်တွေနဲ့တင် အလုပ်ဖြစ်သွားပါပြီ။
ခေါင်းဆောင်ပိုင်းကို ဖယ်ရှားတယ်ဆိုတာကလည်း စစ်ရေးမှာ ရိုးရှင်းတဲ့ သဘောတရားတစ်ခုပါ။ ရန်သူရဲ့ ဦးနှောက်ကို ဝင်မွှေတာလို့ပြောရမယ်။ အတွေ့အကြုံရှိတဲ့ ခေါင်းဆောင်တွေ ခဏခဏ အသတ်ခံနေရရင်၊ ကျန်တဲ့သူတွေက နေရာလုတာ၊ အချင်းချင်း မယုံသင်္ကာဖြစ်တာတွေနဲ့ပဲ အချိန်ကုန်နေတော့မှာလေ။ အဲဒီ အခါ ဆုံးဖြတ်ချက်တွေ မှားလာမယ်၊ တုံ့ပြန်ဖို့ အချိန်နှေးသွားမယ်၊ စည်းလုံးမှုတွေ ပြိုကွဲလာမယ်။ ထိပ် ပိုင်းမှာ ရှုပ်ထွေးနေတာကိုက လက်နက်တစ်ခုဖြစ်နေတယ်။
ဒါပေမဲ့ စစ်မြေပြင်မှာ နည်းဗျူဟာပိုင်း သာလွန်နေရုံနဲ့ မဟာဗျူဟာမြောက် အောင်ပွဲရပြီလို့ ပြောလို့ မရသေးပါဘူး။ ဒီစစ်ဆင်ရေးရဲ့ အကြီးမားဆုံး အန္တရာယ်က သူတို့ရဲ့ "မှန်းဆချက်" တွေထဲမှာ ရှိနေတယ်။ အီရန်ကို ဖိအားပေးလိုက်ရင် ဘယ်လို တုံ့ပြန်မလဲ၊ ဖိအားတွေကနေ ဘာရလဒ်တွေ ထွက်လာမလဲ ဆိုတဲ့ မှန်းဆချက်တွေပဲဖြစ်တယ်။
ဆယ်စုနှစ်တွေနဲ့ချီပြီး အမေရိကန်ဟာ အီရန်ကို ရှုထောင့်နှစ်ခုတည်းကနေပဲ လွဲမှားစွာ မြင်ခဲ့တယ်။ တစ်ခုက အီရန်ဆိုတာ ဘာဆုံးရှုံးမှုမှ ဂရုမစိုက်တဲ့ "ဘာသာရေး အစွန်းရောက်နိုင်ငံ" လို့ မြင်တာ။ နောက်တစ်ခုကကျတော့ နည်းနည်းလေး တွန်းချလိုက်တာနဲ့ ပြိုလဲသွားမယ့် "ခိုင်မာမှုမရှိတဲ့ အာဏာရှင် စနစ်" လို့ မြင်တာပါ။
တကယ့်လက်တွေ့မှာ အီရန်ရဲ့ အုပ်ချုပ်ရေးယန္တရားက အပြင်ကလူတွေထင်သလို အရမ်းကြီး ဇာတ်မဆန် ပါဘူး၊ ပိုပြီးတော့တောင် ခိုင်မာပါသေးတယ်။ အီရန်အတွက် သူတို့ရဲ့ ဘာသာရေးနဲ့ နိုင်ငံရေးခံယူချက်က အလွန်အရေးကြီးတယ်ဆိုပေမဲ့၊ သူတို့အစိုးရ သက်ဆိုးရှည်ရေးဆိုတဲ့ အခြေခံဗီဇထက်တော့ ဘယ်အရာ ကမှ ပိုအရေးမကြီးပါဘူး။
အယာတိုလာ အလီ ခါမေနီ လက်ထက်မှာ အီရန်က တစ်ခုကို သက်သေပြခဲ့တယ်။ အဲဒါကတော့ တော်လှန်ရေးသမားဆိုတဲ့ ဟန်ပန်နဲ့ လက်တွေ့ကျတဲ့ ဆုံးဖြတ်ချက်တွေကို ပေါင်းစပ်လို့ရတယ် ဆိုတာ ပါပဲ။ အထင်ရှားဆုံးကတော့ ၂၀၁၅ ခုနှစ် နျူကလီးယား သဘောတူညီချက်ပါ။ ခါမေနီက အမေရိကန်ကို လူပုံအလယ်မှာ "မိစ္ဆာကြီး" လို့သာ အော်ဆဲနေပေမယ့် သူတို့ရဲ့ စီးပွားရေးနဲ့ အစိုးရ သက်ဆိုးရှည်ရေးကို ထိခိုက်လာမယ့် အရေးယူပိတ်ဆို့မှုတွေကို ဖြေလျှော့ဖို့ အမေရိကန်နဲ့ တံခါးပိတ်စားပွဲဝိုင်းမှာ ဝင်ထိုင်ခဲ့ တာပါပဲ။ ဒါဟာ အီရန်ရဲ့ နိုင်ငံရေးခံယူချက် ပြောင်းသွားတာ မဟုတ်ဘဲ ကိုယ့်အတွက်ကိုယ် မဟာဗျူဟာ ကျကျ တွက်ချက်လိုက်ခြင်းသာဖြစ်ပါတယ်။
ဝါရှင်တန်က အဲဒီသဘောတူညီချက်ကို ဖျက်သိမ်းပြီး အစ္စရေးကလည်း အီရန်ကို ဆိုက်ဘာ တိုက်ခိုက်မှု တွေ၊ လုပ်ကြံသတ်ဖြတ်မှုတွေ လုပ်လာတဲ့အချိန်မှာတောင် အီရန်က စကားပြောဖို့ လမ်းကြောင်းလေး တွေကို ဖွင့်ထားခဲ့တုန်းပါပဲ။ သူတို့အတွက်တော့ ထိပ်တိုက်တွေ့တာရယ်၊ စကားပြောတာရယ်ဆိုတာ ဆန့်ကျင်ဘက်အရာတွေ မဟုတ်ပါဘူး။ အစိုးရ ရှင်သန်ရေးဆိုတဲ့ ရည်ရွယ်ချက်တစ်ခုတည်းအတွက် ပြိုင်တူသုံးနေတဲ့ လက်နက်နှစ်ခုပဲဖြစ်ပါတယ်။
ဒီသမိုင်းကြောင်းတွေကို ပြန်ကြည့်ဖို့ အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ အခု အမေရိကန်နဲ့ အစ္စရေး မူဝါဒရေးဆွဲသူတွေ ထင်နေသလို "စစ်ရေးဖိအားတွေ အများကြီးပေးလိုက်ရင် အီရန်က အလိုလို လက်နက်ချမယ်၊ ဒါမှမဟုတ် ပြိုကွဲသွားလိမ့်မယ်" ဆိုတဲ့ အထင်အမြင်တွေကို ဒီသမိုင်းက ချေဖျက် နေလို့ပါပဲ။ ပြိုကွဲချင်လည်း ပြိုကွဲသွားနိုင်ပေမဲ့၊ သေချာပေါက် ဖြစ်လာမယ်လို့တော့ ဘယ်သူမှ တပ်အပ် မပြောနိုင်ပါဘူး။ အီရန်အစိုးရအတွက် အောင်ပွဲဆိုတာ အရှင်းဆုံးပြောရရင် "မသေဘဲ ရှင်ကျန်ရစ်တာ" ပါပဲ။ ပြီးခဲ့တဲ့နှစ်က ၁၂ ရက်ကြာ စစ်ပွဲမှာ အီရန်ဘက်က အထိနာခဲ့ပေမဲ့၊ သူတို့ ကြံ့ကြံ့ခံနိုင်ခဲ့လို့ ဒါကိုပဲ အောင်ပွဲတစ်ခုလို ပုံဖော်ခဲ့တာကို ကြည့်ရင်သိနိုင်ပါတယ်။
ဒီနေရာမှာ တူရကီ-အော့တိုမန်နဲ့ ပါရှား-ဆာဖာဗစ် အင်ပါယာတို့ ချကြတဲ့ ၁၆ ရာစု ချယ်ဒီရန် (Chaldiran) တိုက်ပွဲကို ပုံဖော်ထားတဲ့ အစ်စဖာဟန်မြို့က နံရံဆေးရေးပန်းချီကားကြီးအကြောင်း ပြောပြ ချင်ပါတယ်။ အဲဒီပန်းချီကားထဲမှာ ပါရှား(အီရန်) တွေက တူရကီတွေကို အနိုင်ယူပြီး အောင်ပွဲခံနေပုံ ဆွဲထားတယ်။ တကယ်တမ်း သမိုင်းမှာ အနိုင်ရခဲ့တာက တူရကီတွေပါ။ ဒါဟာ ရှုံးနိမ့်မှုကို ဖုံးကွယ်တာ မဟုတ်ပါဘူး။ လက်နက်အင်အား၊ လူအင်အား အဆမတန် သာလွန်တဲ့ ရန်သူကို ရွပ်ရွပ်ချွံချွံ ခုခံခဲ့တဲ့ သူတို့ ရဲ့ "ကြံ့ကြံ့ခံနိုင်စွမ်း" ကို အောင်ပွဲတစ်ခုအဖြစ် ပုံပြောင်းထားတာပဲဖြစ်ပါတယ်။
အခုလည်း အီရန်က အမေရိကန်နဲ့ အစ္စရေးကို အင်အားချင်း မယှဉ်နိုင်တာ သိတယ်။ ဒါကြောင့် စစ်ပွဲကို အချိန်ရော နေရာပါ ဆွဲဆန့်တဲ့ ဗျူဟာကို သုံးလာတယ်။ သူတို့ရဲ့ ဒရုန်းတွေ၊ ဒုံးကျည်တွေက အစ္စရေး ကိုတင်မကဘူး၊ ပင်လယ်ကွေ့ဒေသတလွှားက အမေရိကန်စခန်းတွေနဲ့ ကုန်သွယ်ရေး လမ်းကြောင်း တွေကိုပါ လိုက်ပစ်နေတယ်။ အလုံးအရင်းနဲ့ မပစ်ဘဲ နည်းနည်းချင်းစီ ကန့်သတ်ပစ်နေတာပါ။ သူတို့ ရည်ရွယ်ချက်က ပျက်စီးစေချင်ရုံတင် မဟုတ်ဘူး၊ အမေရိကန်နဲ့ အစ္စရေးကို စစ်မျက်နှာ အများကြီးဖွင့် ရအောင် လုပ်ပြီး စိတ်ရောကိုယ်ပါ ပင်ပန်းလာအောင်၊ စီးပွားရေးအရပါ ကုန်ကျစရိတ်တွေ များလာအောင် "အချိန်ဆွဲကစား" နေတာပါ။
ဒီလို ဖြည်းဖြည်းချင်း ကစားနေတာကလည်း နောက်ကွယ်မှာ အကြောင်းရှိတယ်။ အီရန်ဘက်ကလည်း သူတို့ရဲ့ ဒုံးကျည်စက်ရုံတွေဟာ ရန်သူ့ရဲ့ အဓိကပစ်မှတ်တွေဆိုတာ သိနေတယ်။ အဆက်မပြတ် ဗုံးကြဲခံရ ရင် ခံနိုင်မှာမဟုတ်ပါဘူး။ အဲဒါကြောင့် ရှိတဲ့လက်နက်ကို အကုန်သွန်မချဘဲ နောက်တစ်ဆင့်အတွက် အရန်ချန်ထားတာပဲဖြစ်ပါတယ်။ ရေရှည်စစ်ပွဲမှာ လက်လွတ်စပယ် မသုံးဘဲ ချုပ်တည်းထားခြင်းကလည်း ပြင်ဆင်မှု တစ်မျိုးပါပဲ။ အတိုချုပ်ပြောရရင် ဒီစစ်ပွဲက "အချိန်" ကို အပြိုင်လုနေကြတာပါ။ အီရန်က "ငါတို့ ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မလဲ" ဆိုတာကို အလောင်းအစားလုပ်နေပြီး၊ အမေရိကန်နဲ့ အစ္စရေးကတော့ ဒေသတွင်း ဂယက်တွေ မရိုက်ခင် အီရန်ကို အမြန်ဆုံး အလဲထိုးဖို့ အလောင်းအစား လုပ်နေကြပါတယ်။
တကယ်လို့ ဒီစစ်ဆင်ရေးကြောင့် အီရန်အစိုးရ အယိုင်အလဲ ဖြစ်သွားပြီပဲ ထားပါတော့။ တချို့လူတွေ မျှော်လင့်ထားတဲ့ နိုင်ငံရေးအပြောင်းအလဲတွေ တကယ်ဖြစ်လာပါ့မလား။ ဆက်တိုက် ဗုံးကြဲလိုက်ရုံနဲ့ ပြည်သူတွေ လမ်းပေါ်ထွက်လာမယ်၊ တိုင်းပြည်ကြီး ပြိုကွဲသွားမယ်လို့ တွေးတာက အီရန်ရဲ့ ခံနိုင်ရည်နဲ့ အဲဒီစနစ်အောက်က လူ့အဖွဲ့အစည်းအကြောင်း သေချာနားမလည်လို့ပါ။
အီရန်ရဲ့ အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ် (IRGC) ဆိုတာ စစ်တပ်သက်သက်မှ မဟုတ်တာ။ သူက စီးပွားရေးလုပ်ငန်းကြီး၊ နိုင်ငံရေးကစားသူ၊ ပြီးတော့ တိုင်းပြည်ရဲ့ အယူဝါဒရေးရာ မဏ္ဍိုင်ကြီးပါ။ သူတို့ရဲ့ ဌာနချုပ်တွေကို လေယာဉ်နဲ့ သွားကြဲရုံနဲ့ ဖိနှိပ်မှုတွေ နည်းသွားနိုင်ပေမဲ့၊ တိုင်းပြည်ရဲ့ ယန္တရားတစ်ခုလုံးမှာ အမြစ်တွယ်နေတဲ့ ဒီလိုအဖွဲ့အစည်းကြီးကို လေကြောင်းကနေ ဗုံးကြဲရုံသက်သက်နဲ့ ဖျက်ဆီးပစ်လို့ ရမယ် ဆိုတာ ဖြစ်နိုင်ခြေ အရမ်းနည်းပါတယ်။
ပြီးတော့ ပြင်ပကလူတွေ ထင်သလို အီရန်ပြည်တွင်းရေးက ရှင်းရှင်းလင်းလင်း ကွဲပြားနေတာ မဟုတ်ဘူး။ တိုင်းရင်းသားလူနည်းစုတွေမှာ မကျေနပ်ချက်တွေ အများကြီးရှိတာ မှန်ပေမဲ့၊ တိုင်းပြည်ကြီး တစ်စစီ ပြိုကွဲသွားမယ့် အခြေအနေမျိုးကိုတော့ ဘယ်သူမှ မလိုလားကြဘူး။ အစိုးရကို မုန်းလို့ နိုင်ငံခြားက ဝင်တိုက်ပေးပါလို့ ဆုတောင်းနေတဲ့ အီရန်နိုင်ငံသားတွေတောင်မှ၊ တိုင်းပြည်ကြီး ပျက်စီးသွားပြီး နောက်ဆက်တွဲဖြစ်လာမယ့် ကမောက်ကမ အခြေအနေတွေကိုတော့ ကြောက်ကြတယ်။
"စနစ်ကို ပြောင်းချင်တာ" နဲ့ "တိုင်းပြည်ကို အပျက်စီးခံတာ" မတူပါဘူး။ အခုဆို အမေရိကန်နဲ့ အစ္စရေး ကျောထောက်နောက်ခံပေးထားတဲ့ အီရန်အနောက်ဘက်က ကာ့ဒ်သူပုန်တွေ မြေပြင်ကနေ ထိုးစစ်ဆင်ဖို့ ပြင်နေတယ်ဆိုတဲ့ သတင်းတွေက ဒီအကြောက်တရားကို ပိုကြီးစေပါတယ်။
တကယ်လို့များ အီရန်နိုင်ငံသာ စတင်ပြိုကွဲလာပြီဆိုရင်၊ ဒေသတွင်း သက်ရောက်မှုတွေက အကြီး အကျယ် ဖြစ်လာတော့မှာပါ။ အီရန်ရဲ့ မတည်ငြိမ်မှုတွေက အခုတလော ယိုင်နဲ့နဲ့ဖြစ်နေတဲ့ အီရတ်နိုင်ငံရဲ့ နိုင်ငံရေးစနစ်ဆီကို ကူးစက်သွားနိုင်သလို၊ တူရကီနဲ့ တင်းမာမှုတွေကိုလည်း ပိုဆိုးသွားစေနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ တူရကီက ဒေသတွင်း ဘယ်နေရာမှာပဲဖြစ်ဖြစ် ကာ့ဒ်လူမျိုးတွေ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရလာမှာကို သူတို့နိုင်ငံ တည်ရှိမှုအတွက် ခြိမ်းခြောက်မှုတစ်ခုလို့ မြင်ထားလို့ပါပဲ။ ပြည်တွင်းရေး ကမောက်ကမဖြစ်ပြီး ပြိုကွဲသွားအောင် လုပ်မယ့် ဗျူဟာဟာ ပြဿနာတွေနဲ့ ရှုပ်ထွေးပူညံနေပြီးသား အိမ်နီးချင်းနိုင်ငံတွေဆီကို ပြဿနာတွေ ထပ်တင်ပို့လိုက်တာနဲ့ အတူတူပါပဲ။
ဒါပေမဲ့ အီရန်တွေရဲ့ စိတ်နေသဘောထားကို နားလည်ဖို့ အစ်စဖာဟန်မြို့က နံရံဆေးရေးပန်းချီကား ကြီးကို လေ့လာဖို့ အရေးကြီးသလို၊ ၁၉၈၀ ပြည့်လွန်နှစ်တွေက အီရန်-အီရတ် စစ်ပွဲအတွင်းမှာ လူ ၅ သိန်း လောက် သေဆုံးခဲ့တာတွေ၊ ပိတ်ဆို့အရေးယူမှုတွေကြောင့် နှစ်ပေါင်းများစွာ ဒေါ်လာ ထရီလီယံနဲ့ချီပြီး စီးပွားရေးထိခိုက်နစ်နာခဲ့တာတွေကို ကြံ့ကြံ့ခံနိုင်ခဲ့တဲ့ သူတို့စနစ်ရဲ့ ခံနိုင်ရည်ကို လေ့လာဖို့ အရေး ကြီးပါ တယ်။ အဲသလိုမျိုးပဲ အခုလို ဝိုင်းပယ်ခံထားရတဲ့ အီရန်ခေါင်းဆောင်ပိုင်းဟာ "တွက်ချက်မှု အမှားတွေ" (miscalculation) လုပ်မိနိုင်ခြေများတယ် ဆိုတာကို နားလည်ဖို့ကလည်း အဓိကကျပါတယ်။
အစ္စရေးနဲ့ အမေရိကန်ထက်စောပြီး အီရန်ဘက်က လက်နက်ခဲယမ်းတွေ ပြတ်လပ်သွားနိုင်ပါတယ်။ ဒါမှမဟုတ် လက်နက်ရှိရင်တောင် သုံးခွင့်မရတော့တဲ့ အခြေအနေမျိုး ရောက်သွားနိုင်ပါတယ်။ ယူကရိန်း နဲ့ မတူတာက အီရန်မှာ လက်နက်တွေ အဆက်မပြတ် ထောက်ပံ့ပေးနေမယ့် ပြင်ပကူညီသူ မရှိပါဘူး။ တစ်ဖက်ရန်သူကို ဒုက္ခပေးဖို့ ဒေသတွင်း နိုင်ငံတွေကိုပါ မီးဟပ်အောင်လုပ်နေတဲ့ အီရန်ရဲ့ မူဝါဒကြောင့်၊ မကြာခင်မှာ အိမ်နီးချင်းတွေက ခံစစ်ကနေ ထိုးစစ်ကို ပြောင်းလာနိုင်ပြီး နှစ်ပေါင်းများစွာကြာ တည်ဆောက်ခဲ့ရတဲ့ ဆက်ဆံရေး တံတားတွေကို မီးရှို့ဖျက်ဆီးပစ်သလို ဖြစ်သွားနိုင်ပါတယ်။ အခုဆို အီရန်အစိုးရဟာ အကြီးအကျယ် မုန်းတီးမှုကို ခံနေရပြီး တိုင်းပြည်စီးပွားရေးနဲ့ ပတ်ဝန်းကျင်ကို ပြိုကျလု နီးပါး အခြေအနေအထိ တွန်းပို့ထားခံခဲ့ရပြီလည်းဖြစ်ပါတယ်။
ဒီစစ်ပွဲက အီရန်ကို ပြိုကွဲသွားစေမလား ဆိုတာကတော့ သေချာမသိရသေးပါဘူး။ ဒါပေမဲ့ ပြိုကွဲချင်လည်း ပြိုကွဲသွားနိုင်တယ်။ ဘာပဲဖြစ်ဖြစ် သေချာတာတစ်ခုကတော့ အီရန်ရော၊ သူ့အိမ်နီးချင်းတွေရော၊ သူ့ကို ဝင်တိုက်နေတဲ့ သူတွေပါ အားလုံး အရှုံးနဲ့ပဲ ရင်ဆိုင်ကြရမှာပါ။
(နိုင်ငံရေးသုံးသပ်ဆောင်းပါးရေးသားသူ-အလီဗာအက်ဇ်သည် International Crisis Group ၏ အီရန်ရေးရာ စီမံကိန်းညွှန်ကြားရေးမှူးနှင့် ဥက္ကဋ္ဌ၏ အကြီးတန်းအကြံပေးဖြစ်ပါတယ်)
The Guardian သတင်းစာပါ Ali Vaez ရေးသားသည့် “The US and Israel are waging war on an Iran they think they know. The reality is very different" သုံးသပ်ချက်ဆောင်းပါးကို မြန်မာဘာသာ သို့ ဆီလျော်အောင်ပြန်ဆိုပါတယ်။