၂၁ ဖေဖော်ဝါရီ၊၂၀၂၆

တရားလွှတ်တော်ချုပ်မှာ အမှုရှုံးသွားပြီးတဲ့နောက် ထရမ့်က ကမ္ဘာတစ်ဝန်းကို ၁၀ ရာခိုင်နှုန်း အကောက်   ခွန် ချမှတ်ဖို့ ရှိနေပါတယ်။ တရားလွှတ်တော်ချုပ်က ပယ်ဖျက်လိုက်တဲ့ အကောက်ခွန်   တချို့နေရာမှာ အစားထိုးဖို့အတွက် နိုင်ငံအားလုံးအပေါ် ၁၀ ရာခိုင်နှုန်း အကောက်ခွန် ချမှတ်မယ့် အုပ်ချုပ်ရေးအမိန့်  တစ်ခုကို လက်မှတ်ရေးထိုးမယ်လို့ သမ္မတထရမ့်က သောကြာနေ့မှာ ပြောပါတယ်။

ဘာကြောင့် အရေးကြီးတာလဲ -

တရားမဝင်ဘူးလို့ သတ်မှတ်ခံလိုက်ရတဲ့ ကြီးမားလှတဲ့ အခွန်အခတွေနေရာမှာ အစားထိုးဖို့ အစိုးရအဖွဲ့ ကနေ အသစ်ချမှတ်မယ့် အကောက်ခွန်အစီအစဉ်သစ်တွေရဲ့ အစပြုမှုလေးပဲ ဖြစ်နိုင်ပါတယ်။

သူတို့ ဘာတွေပြောနေကြလဲ  

"ပုံမှန်ကောက်ခံနေကျ အကောက်ခွန်တွေအပြင် ပုဒ်မ ၁၂၂ အရ ကမ္ဘာတစ်ဝန်းလုံးကို ၁၀ ရာခိုင်နှုန်း အကောက်ခွန် ထပ်ချမှတ်မယ့် အမိန့်တစ်ခုကို ဒီကနေ့ ကျွန်တော် လက်မှတ်ထိုးပါမယ်" လို့ ထရမ့်က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ဒါဟာ အကောက်ခွန်တွေချမှတ်ဖို့ ဒီလိုကုန်သွယ်ရေးအာဏာပိုင်အဖွဲ့အစည်းကို အမေရိကန်က ပထမဆုံး   အကြိမ် အသုံးပြုတာလည်း ဖြစ်လာမှာပါ။ ဒီအကောက်ခွန်တွေက လာမယ့်အပတ်မှာ စတင်သက်ဝင်မယ်  လို့ ထရမ့်က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ဒီလုပ်ရပ်ဟာ ပြီးခဲ့တဲ့ ဧပြီလ အမေရိကန်"လွတ်မြောက်ရေးနေ့" မှာ အစိုးရအဖွဲ့က ကြေညာခဲ့တဲ့ ကမ္ဘာ့  ကုန်စည်တွေအပေါ် ကောက်ခံမယ့်  အခွန်နှုန်းတွေနေရာမှာ၁၀ ရာခိုင်နှုန်း အကောက်ခွန်ကို အစား ထိုးသွားမှာ ဖြစ်ပါတယ်။

ဘာကိုဆိုလိုကြတာလဲ

၁၉၇၄ ခုနှစ် ကုန်သွယ်ရေးအက်ဥပဒေမှာပါတဲ့ ပြဋ္ဌာန်းချက်က အတော်လေးကျယ်ပြန့်ပေမယ့် အကန့်   အသတ်တော့ ရှိပါတယ်။

အကောက်ခွန်ချမှတ်ဖို့ အသုံးပြုလို့မရဘူးလို့ တရားလွှတ်တော်ချုပ်က ဆုံးဖြတ်ထားတဲ့ နိုင်ငံတကာ အရေးပေါ် စီးပွားရေးလုပ်ပိုင်ခွင့် အက်ဥပဒေနဲ့ မတူတာက၊ ပုဒ်မ ၁၂၂ မှာ အကောက်ခွန်တွေကို အချိန် ဘယ်လောက်ကြာကြာ ထားရှိနိုင်သလဲဆိုတာနဲ့ အခွန်နှုန်းထား ဘယ်လောက်အထိ ကောက်ခံနိုင်သလဲဆိုတာကို ကန့်သတ်ထားတာပဲ ဖြစ်ပါတယ်။

ကုန်သွယ်မှုလိုငွေပြတာ ဒါမှမဟုတ် ဒေါ်လာငွေကြေး အကျပ်အတည်းဖြစ်တာတွေကို ဖြေရှင်းဖို့အတွက် သမ္မတအနေနဲ့ ၁၅ ရာခိုင်နှုန်းအထိရှိတဲ့ အကောက်ခွန်ကို ရက်ပေါင်း ၁၅၀ အထိ ချမှတ်နိုင်တယ်လို့ ဥပဒေ မှာ ဖော်ပြထားပါတယ်။ ဒါပေမယ့် လွှတ်တော်ရဲ့ ခွင့်ပြုချက်မရဘဲ အဲဒီကာလထက်တော့ ကျော်လွန်ပြီး ကောက်ခံလို့ မရပါဘူး။

စောင့်ကြည့်ရမယ့်အချက်  

တရုတ်နိုင်ငံနဲ့ သံမဏိ/အလူမီနီယံတွေအပေါ် အကောက်ခွန်ချဖို့ သုံးခဲ့တဲ့ ပြဋ္ဌာန်းချက်တွေ အပါအဝင်၊ တရားလွှတ်တော်ချုပ်က ပယ်ဖျက်လိုက်တဲ့ အခွန်အခတွေနေရာမှာ အစားထိုးနိုင်ဖို့ ကုန်သွယ်ရေး ဥပဒေ  မှာပါတဲ့ တခြားပြဋ္ဌာန်းချက်တွေကိုလည်း အစိုးရအဖွဲ့က အထောက်အကူရယူသွားမယ်လို့ ထရမ့်  က ပြောပါတယ်။

ထရမ့်ရဲ့ ထိပ်တန်း ကုန်သွယ်ရေး ညှိနှိုင်းရေးမှူး ဂျေမီဆင် ဂရီးယားကတော့ ဒီအစီအမံတွေဟာ "ဥပဒေ  ကြောင်းအရ အင်မတန် ခိုင်မာပါတယ်" လို့ ဆိုပါတယ်။

"ကျွန်တော်တို့ ဆက်တိုက်လုပ်ဆောင်သွားမှာပါ၊လိုငွေပြမှုကို ဆက်ပြီးလျှော့ချနိုင်ဖို့အတွက် ဒါကိုဆက်လက်ဖြေရှင်းသွားမှာပါ" လို့ သောကြာနေ့မှာ ဂရီးယားက ပြောခဲ့ပါတယ်။

"ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ခန့်မှန်းချက်တွေအရ ပုဒ်မ ၁၂၂ လုပ်ပိုင်ခွင့်အာဏာကို အသုံးပြုတာဟာ၊ ပိုမိုအားကောင်းလာနိုင်တဲ့ ပုဒ်မ ၂၃၂၊ ၃၀၁ ပါ အကောက်ခွန်တွေနဲ့ ပေါင်းစပ်လိုက်မယ်ဆိုရင် ၂၀၂၆ ခုနှစ်အတွက် အကောက်ခွန်ဝင်ငွေတွေက လက်တွေ့မှာပြောင်းလဲသွားမှာ မဟုတ်ဘူးလို့ ပြသနေပါတယ်" လို့ ဘဏ္ဍာရေးဝန်ကြီး စကော့တ် ဘက်စ်ဆင့် (Scott Bessent) က သောကြာနေ့မှာ ပြောခဲ့ပါတယ်။

အရင်းအမြစ်။ AXIOS