#World_Health
Published 30 October 2026

■ အီးမေးလ်တွေ၊ ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေကိုပေးပို့သလိုမျိုး အနံ့တွေကိုပါ အင်တာနက်ကနေတစ်ဆင့်ပေးပို့ပေးနိုင်မယ့် နည်းပညာတစ်ရပ်အကြောင်း သုတေသနအသစ်တစ်ခုမှာ အသေးစိတ် ဖော်ပြထားပါတယ်။

■ ဒီစနစ်မှာပါတဲ့ ဒီဂျစ်တယ်နှာခေါင်းက ပစ္စည်းတစ်ခုရဲ့အနံ့ကို နမ်းရှူစစ်ဆေးပြီး အခြားနေရာတစ်ခုဆီ အင်တာနက်ကနေတစ်ဆင့် ဒေတာအဖြစ် ပေးပို့လိုက်တာပါ။ အဲဒီနေရာမှာရှိတဲ့ ကိရိယာက အဲဒီအနံ့ကိုထပ်ဆင့်ပြန်လည် ဖန်တီးပေးတာဖြစ်ပါတယ်။

■ အသံ၊ ရုပ်ပုံနဲ့ ဗီဒီယိုတွေကို မျှဝေ သကဲ့သို့ အနံ့တွေကိုပါ အင်တာနက်ကနေတစ်ဆင့် ပေးပို့မျှဝေနိုင်မယ့် နည်းပညာကို သိပ္ပံပညာရှင်တွေ ထိထွင်လိုက်ကြပါပြီ။

■ ဒီကိရိယာကို Scentronic လို့ အမည်ပေးထားပြီး သုတေသနထဲမှာတော့ "အဝေးတစ်နေရာဆီ အနံ့အသက်များ ပေးပို့မျှဝေနိုင်သည့် အနံ့ခံစနစ်" လို့ ဖော်ပြထားပါတယ်။ ဒီစနစ်ဟာ နေရာတစ်ခုမှာရှိတဲ့ အနံ့ကို စစ်ဆေးသိရှိနိုင်တဲ့ စက်ရုပ်နှာခေါင်းနဲ့ အလုပ်လုပ်တာဖြစ်ပြီး အဲဒီအချက်အလက်ကို ဒီဂျစ်တယ်ဒေတာအဖြစ် အခြားနေရာတစ်ခုဆီ ပေးပို့ကာ အဲဒီက ကိရိယာက အနံ့ကို ပြန်လည်ဖန်တီးပေးတာပါ။

■ နောင်အနာဂတ်မှာ Scentronic ဟာ အွန်လိုင်းကနေ ရေမွှေးမဝယ်ခင် အနံ့စမ်းကြည့်ချင်သူတွေအတွက်အပါအဝင် အခြားနေရာအများအပြားမှာ အသုံးဝင်လာနိုင်တယ်လို့ သုတေသီတွေက ပြောပါတယ်။

■ လက်ရှိမှာတော့ သူတို့ဆီမှာ ကော်ဖီ၊ ကိတ်မုန့်၊ လိမ္မော်သီး၊ ဘီယာနဲ့ ဝိုင်နီ ဆိုတဲ့ အနံ့ ၅ မျိုးကိုပဲ စစ်ဆေးပြီးပြန်လည်ဖန်တီးပေးနိုင်သေးတဲ့ စမ်းသပ်အဆင့်ကိရိယာပဲရှိပါသေးတယ်။

■ အိုဟိုင်းယိုးပြည်နယ် တက္ကသိုလ် က ပါရဂူဘွဲ့ သုတေသီနဲ့ အဓိက စာမူရေးသားသူ Chunyu Yang က သူတို့အနေနဲ့ Scentronic နည်းပညာနဲ့ ဈေးကွက်ထဲမှာ လိုအပ်နေတဲ့ ကွက်လပ်တစ်ခုကို ဖြည့်ဆည်းပေးချင်တာလို့ ပြောပါတယ်။

■ "ဒီနယ်ပယ်မှာ လုပ်ထားတဲ့ သုတေသန အများစုဟာ အမြင်၊ အကြားနဲ့ အထိအတွေ့တွေအပေါ်မှာပဲ အာရုံစိုက်ကြပြီး အနံ့အာရုံပိုင်းကိုတော့ ဂရုပြုတာ နည်းခဲ့ပါတယ်" လို့ Yang က ဆိုပါတယ်။ ဒါကြောင့် သူတို့အနေနဲ့ "ဒီဂျစ်တယ် ဆက်သွယ်ရေးထဲမှာ လိုအပ်နေတဲ့ ဒီအာရုံခံစားမှုအပိုင်းကို ထည့်သွင်းပေးချင်ခဲ့တာပါ" လို့ သူက ဆက်ပြောပါတယ်။

■ ■ Scentronic က ဘယ်လို အလုပ်လုပ်သလဲ

■ ဒီစနစ်ထဲမှာ ဓာတ်ငွေ့အာရုံခံကိရိယာ ၆ ခု တပ်ဆင်ထားတဲ့ အီလက်ထရွန်နစ် နှာခေါင်းတစ်ခု ပါဝင်ပါတယ်။ အဲဒီ sensor တွေက အစားအသောက်၊ ရေမွှေးနဲ့ အခြားအရာတွေဆီကနေ အနံ့ထွက်စေတဲ့ လေထဲပျံ့လွင့်လွယ်တဲ့  အော်ဂဲနစ်ဒြပ်ပေါင်းတွေ(Volatile organic compounds) ကို ထောက်လှမ်းပေးတာပါ။

■ Sensor တစ်ခုစီက စစ်ဆေးတွေ့ရှိတဲ့ ဓာတုဗေဒဓာတ်ပေါ် မူတည်ပြီးမတူညီတဲ့တုံ့ပြန်မှုတွေ ထွက်ပေါ်လာပါတယ်။ ဒါက မတူညီတဲ့ လျှပ်စစ်စက္ကူသင်္ကေတ ပုံစံတွေကိုဖြစ်ပေါ်စေပြီး အဲဒါတွေကိုမှ ဒီဂျစ်တယ်ဒေတာအဖြစ် ပြောင်းလဲလိုက်တာပါ။

■ သုတေသီတွေက AI စနစ်ကို အနံ့တွေကို မှတ်မိအောင် လေ့ကျင့်ပေးထားပြီး ဘယ်သင်္ကေတပုံစံက ဘယ်အနံ့လဲဆိုတာကို ခွဲခြားခိုင်းထားတာပါ။

■ အနံ့ကို ခွဲခြားသိရှိပြီးတာနဲ့ နှာခေါင်းက အင်တာနက်ကနေတစ်ဆင့် အချက်အလက် ဒေတာတွေကို ပေးပို့လိုက်ပါတယ်။

■ အခြားတစ်ဖက်က လက်ခံမယ့် ကိရိယာမှာတော့ အနံ့ပါတဲ့ အရည်ဘူးသေးသေးလေးတွေနဲ့ လျှပ်စစ်နဲ့ အလုပ်လုပ်တဲ့ ပလတ်စတစ်ပြား သေးသေးလေးတွေ ပါဝင်ပါတယ်။ အဲဒီပြားလေးတွေက တစ်စက္ကန့်ကို အကြိမ် ၁၀၀,၀၀၀ ထက်မက တုန်ခါနိုင်တာကြောင့် အရည်တွေကို အလွန်သေးငယ်တဲ့ အပေါက်လေးတွေထဲကနေ ထွက်သွားစေပါတယ်။

■ ဒါက သင့်တော်တဲ့ အနံ့အသက်ကို ထုတ်လွှတ်ပေးမယ့် အမှုန်အမွှားမြူခိုးလေးတွေကို ဖန်တီးပေးတာပါ။ဒီလက်ခံတဲ့ ကိရိယာမှာ အနံ့ကိုပြန်လည်ဖန်တီးဖို့ သူ့မှာကိုယ်ပိုင် မွှေးရနံ့အရည်တွေပါပြီးသားဖြစ်ပါတယ်။

■ ဆိုလိုတာက အင်တာနက်ပေါ်ကနေ အနံ့အစစ်ကြီး စီးဆင်းသွားတာမျိုး မဟုတ်ပါဘူး။ ဒီနည်းပညာဟာ သူ့ဆီပို့လိုက်တဲ့အနံ့ကိုစစ်ဆေးပြီးပြန်လည်ဖန်တီးပေးဖို့ပဲ စီမံထားတာဖြစ်ပြီး သူ့ဘာသာ အနံ့အသစ် မွေးထုတ်ပေးနိုင်တာတော့ မဟုတ်ပါဘူး။

■ ဥပမာ - ကော်ဖီအနံ့ကို ဖန်တီးပေးနိုင်ပေမဲ့ ကော်ဖီအမျိုးအစား အတိအကျရဲ့ အနံ့ကိုတော့ မဖန်တီးပေးနိုင်သေးပါဘူး။စမ်းသပ်မှုတွေအရ Scentronic ဟာ လေ့ကျင့်ပေးထားတဲ့ အနံ့ ၅ မျိုးကို စစ်ဆေးခွဲခြားပြီး ပြန်လည် ဖန်တီးပေးရာမှာ ၉၆ ရာခိုင်နှုန်းအထိ တိကျမှု ရှိခဲ့ပါတယ်။ ဒီတွေ့ရှိချက်တွေကို Science Advances ဂျာနယ်မှာ ပုံနှိပ်ဖော်ပြခဲ့တာဖြစ်ပါတယ်။

Source-Wion