#World_Health
Published 30 October 2026

■ အနားယူပြီးတာတောင် အမြဲတမ်းပင်ပန်းနေတယ်၊ အဆစ်တွေ မကြာခဏ နာကျင်တယ်၊ ဖျားလိုက်ပျောက်လိုက် ဖြစ်နေတယ်၊ အရေပြားမှာလည်း ပုံမှန်မဟုတ်တဲ့ အဖုအပိမ့်တွေ ထွက်လာတယ်ဆိုရင် တချို့အခြေအနေတွေမှာ Lupus လို့ခေါ်တဲ့ ကိုယ်ခံအားစနစ်နဲ့ဆိုင်တဲ့ ရောဂါတစ်မျိုး ဖြစ်နေနိုင်ပါတယ်။

■ ဒီလက္ခဏာတွေက အခြားကျန်းမာရေးပြဿနာတွေကြောင့်လည်း ဖြစ်နိုင်တာကြောင့် Lupus ရောဂါလို့ တန်းပြီးမသတ်မှတ်နိုင်ပါဘူး။ ဒါပေမဲ့ လက္ခဏာတွေ ကြာရှည်နေမယ်၊ တစ်ပြိုင်နက်တည်း အများအပြား ဖြစ်လာမယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသစစ်ဆေးဖို့ လိုအပ်ပါတယ်။

■ ■ Lupus ဆိုတာဘာရောဂါလဲ

■ Lupus ရဲ့ ဆေးပညာအမည်က Systemic Lupus Erythematosus (SLE) ဖြစ်ပါတယ်။
ဒီရောဂါဟာ ကိုယ်ခံအားစနစ်က ပုံမှန်အားဖြင့် ခန္ဓာကိုယ်ကို ရောဂါပိုးတွေရန်က ကာကွယ်ပေးရမယ့်အစား ကိုယ့်ခန္ဓာကိုယ်ရဲ့ ကျန်းမာနေတဲ့ ဆဲလ်နဲ့ တစ်ရှူးတွေကို မှားယွင်းတိုက်ခိုက်တဲ့အခါ ဖြစ်ပေါ်လာတာပါ။ အဲဒီလိုဖြစ်တဲ့အခါ ခန္ဓာကိုယ်အတွင်း ရောင်ရမ်းမှုတွေ ဖြစ်လာနိုင်ပါတယ်။

■ လူတစ်ယောက်နဲ့တစ်ယောက် ရောဂါလက္ခဏာတွေ မတူနိုင်ပါဘူး။ တချို့မှာ ပင်ပန်းနွမ်းနယ်တာနဲ့ အဆစ်နာတာလောက်ပဲဖြစ်နိုင်ပေမဲ့ တချို့မှာတော့ အတွင်းအင်္ဂါတွေ ထိခိုက်တဲ့အထိ ပြင်းထန်နိုင်ပါတယ်။

■ ဒါ့အပြင် ရောဂါလက္ခဏာတွေက အမြဲတမ်းဆက်တိုက် ဖြစ်နေတာမျိုးမဟုတ်ဘဲ တစ်ခါတစ်ရံ ပိုဆိုးလာပြီး နောက်ပိုင်း ပြန်သက်သာသွားတာမျိုးလည်းရှိတတ်ပါတယ်။

■ Manipal Hospital Hebbal မှ Clinical Immunology နဲ့ Rheumatology အထူးကု ဒေါက်တာ ရာဗီ ကူးမား ယူရဲ့ ပြောကြားချက်အရ Lupus ဟာ လူတိုင်းမှာ တူညီတဲ့ လက္ခဏာပုံစံမျိုးနဲ့ မပေါ်လာတာကြောင့် ရောဂါရှာဖွေဖို့ ခက်ခဲတတ်ပါတယ်။

■ ဒါကြောင့် သတိထားရမယ့် လက္ခဏာတွေကို သိရှိထားဖို့၊ သင့်တော်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်ဖို့နဲ့ အချိန်မီဆေးကုသမှုခံယူဖို့ အရေးကြီးပါတယ်။

■ ကျောက်ကပ်နဲ့အတွင်းအင်္ဂါတွေကိုလည်းထိခိုက်နိုင်တယ်

■ Lupus ရောဂါမှာ အရေးကြီးဆုံး သတိထားရမယ့် ပြဿနာတစ်ခုက ကျောက်ကပ်ရောင်ရမ်းခြင်း ဖြစ်ပါတယ်။

■ တချို့လူနာတွေမှာ ရောဂါအစောပိုင်းအဆင့် ကျောက်ကပ်ထိခိုက်နေပေမဲ့ သိသာတဲ့ လက္ခဏာတွေ မပေါ်သေးတာမျိုး ရှိနိုင်ပါတယ်။

သတိထားရမယ့် လက္ခဏာတချို့ကတော့—

■ ဆီးထဲမှာ သွေးပါလာခြင်း
■ ဆီးထဲမှာ ပရိုတင်းဓာတ် များလာခြင်း
■ ပုံမှန်မဟုတ်တဲ့ ဆီးအပြောင်းအလဲတွေ ဖြစ်ပေါ်လာခြင်း
■ Lupus ဟာ သွေးဆဲလ်တွေ၊ နှလုံး၊ အဆုတ်နဲ့ အာရုံကြောစနစ်တွေကိုလည်း ထိခိုက်နိုင်ပါတယ်။ ဘယ်အင်္ဂါအစိတ်အပိုင်းတွေ ထိခိုက်နေသလဲဆိုတဲ့အပေါ် မူတည်ပြီးလက္ခဏာတွေနဲ့ ကုသမှုနည်းလမ်းတွေ ကွာခြားနိုင်ပါတယ်။

■ ဒါကြောင့် လက္ခဏာတွေ သက်သာသွားတဲ့အချိန်မှာတောင် ဆရာဝန်နဲ့ ပုံမှန်ပြသစစ်ဆေးဖို့ အရေးကြီးပါတယ်။ လိုအပ်ရင် ဆီးစစ်ဆေးခြင်း၊ သွေးစစ်ဆေးခြင်းနဲ့ အခြားစမ်းသပ်မှုတွေ ပြုလုပ်ပြီး အတွင်းအင်္ဂါတွေ ထိခိုက်မှုရှိမရှိ စစ်ဆေးနိုင်ပါတယ်။

■ ■ Lupus ကို ကုသလို့ရလား

■ Lupus ဟာ ရေရှည်ကုသမှုနဲ့ စောင့်ကြည့်မှု လိုအပ်နိုင်တဲ့ နာတာရှည်ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဒါပေမဲ့ သင့်တော်တဲ့ ကုသမှုခံယူခြင်းအားဖြင့် ရောင်ရမ်းမှုကို ထိန်းချုပ်နိုင်တယ်၊ လက္ခဏာတွေကို သက်သာစေနိုင်တယ်၊ အတွင်းအင်္ဂါတွေ ထိခိုက်ပျက်စီးနိုင်ခြေကိုလည်း လျှော့ချနိုင်ပါတယ်။

■ ကုသမှုက ရောဂါပြင်းထန်မှုနဲ့ ထိခိုက်နေတဲ့ အင်္ဂါအစိတ်အပိုင်းတွေအပေါ် မူတည်ပါတယ်။
ဆရာဝန်တွေ အသုံးပြုလေ့ရှိတဲ့ ဆေးဝါးတွေမှာ—

■ Hydroxychloroquine — Lupus လူနာအများအပြားမှာ အသုံးပြုတဲ့ဆေး။
■ Corticosteroids — ရောင်ရမ်းမှုကို လျှော့ချဖို့ အသုံးပြုနိုင်တဲ့ဆေး။
■ Immunosuppressive medicines — ကိုယ်ခံအားစနစ်ရဲ့ လုပ်ဆောင်မှုကို ထိန်းချုပ်ဖို့ အသုံးပြုတဲ့ဆေးများ။
■ Targeted therapies — သတ်မှတ်ထားတဲ့ ကိုယ်ခံအားဆိုင်ရာ လုပ်ငန်းစဉ်တွေကို ပစ်မှတ်ထားကုသတဲ့ဆေးများ။

■ ဒီဆေးတွေကို ကိုယ့်သဘောနဲ့ ကိုယ်သောက်သုံးတာမျိုး မလုပ်သင့်ပါဘူး။ ဆရာဝန်ရဲ့ ညွှန်ကြားချက်အတိုင်းသာ အသုံးပြုသင့်ပါတယ်။

■ Lupus ဟာ တစ်ခါတစ်ရံ သက်သာနေပြီးမှ ပြန်လည်လှုပ်ရှားလာနိုင်တာကြောင့် ပုံမှန်ဆေးစစ်ဆေးမှုနဲ့ ဆေးကုသမှုပြန်လည်သုံးသပ်မှုတွေလိုအပ်ပါတယ်။

■ ရောဂါရှိတယ်လို့ သိလိုက်ရတာ စိတ်ပူစရာဖြစ်နိုင်ပေမဲ့ လူနာတိုင်းမှာ ပြင်းထန်တဲ့ နောက်ဆက်တွဲပြဿနာတွေ ဖြစ်လာတာတော့ မဟုတ်ပါဘူး။

■ အချိန်မီ ရောဂါရှာဖွေပြီး သင့်တော်တဲ့ကုသမှုနဲ့ပုံမှန်စောင့်ကြည့်မှုတွေ ရရှိမယ်ဆိုရင် လူအများအပြားဟာ နေ့စဉ်ဘဝကိုပုံမှန်နီးပါးဆက်လက်ဖြတ်သန်းနိုင်မှာဖြစ်ပါတယ်။

Source- India Today