#World_Health
Published 11 November 2026
■ ရုံးပတီသီးလို့လည်းခေါ်ကြတဲ့ ဘင်ဒီသီး (Bhindi) ဟာ မြန်မာအိမ်တွေမှာလည်း စားလေ့ရှိတဲ့ ဟင်းသီးဟင်းရွက်တစ်မျိုးပါ။ ဘင်ဒီသီးကြော်၊ ဘင်ဒီသီးချက် စသဖြင့် ပုံစံအမျိုးမျိုးနဲ့ စားသုံးကြပါတယ်။
■ ဒါပေမဲ့ ဘင်ဒီသီးရဲ့ ချွဲကျိကျိဖြစ်နေတဲ့ အရသာနဲ့ အသွင်အပြင်ကိုတော့ လူတော်တော်များများ မကြိုက်ကြပါဘူး။
■ တကယ်တော့ အဲဒီလို ချွဲကျိကျိဖြစ်နေတာဟာ ကျန်းမာရေးအတွက် အကျိုးရှိတဲ့ အရာတစ်ခု ဖြစ်နေနိုင်ပါတယ်။
■ ဘာကြောင့်လဲဆိုတော့ ဘင်ဒီသီးမှာ ရေဓာတ်နဲ့ထိတွေ့တဲ့အခါ ဂျယ်လီလို ပျစ်ချွဲတဲ့ အနှစ်တစ်မျိုး ဖြစ်လာစေတဲ့ ပျော်ဝင်နိုင်သော အမျှင်ဓာတ် ပါဝင်နေလို့ပါ။ အဲဒီအရာကို Mucilage လို့ခေါ်ပါတယ်။
■ ဒီအမျှင်ဓာတ်ဟာ အစာခြေစနစ်ကို အထောက်အကူပြုရုံသာမက ဝမ်းမှန်စေဖို့၊ အူလမ်းကြောင်းအတွင်းရှိ ကောင်းကျိုးပြုအဏုဇီဝပိုးတွေကို ထောက်ပံ့ပေးဖို့နဲ့ ကိုလက်စထရော ထိန်းညှိရာမှာလည်း အထောက်အကူဖြစ်နိုင်ပါတယ်။
■ အစာအိမ်နဲ့ အူလမ်းကြောင်းအထူးကုဆရာဝန် ဒေါက်တာ Saurabh Sethi ကလည်း သူ့ရဲ့ Instagram မှာ ဘင်ဒီသီးရဲ့ ချွဲကျိကျိဖြစ်နေတဲ့ အနှစ်လေးက ဘာကြောင့် ကျန်းမာရေးအတွက် ကောင်းကျိုးရှိနိုင်သလဲဆိုတာကို ရှင်းပြထားပါတယ်။
■ ဘင်ဒီသီးစားပေးခြင်းရဲ့ အူလမ်းကြောင်းနဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ
■ ■ ၁။ အစာခြေစနစ်ကို အထောက်အကူပြုနိုင်တယ်
■ ဒေါက်တာ Sethi ရဲ့ ရှင်းပြချက်အရ ဘင်ဒီသီးမှာပါတဲ့ Mucilage ဟာ ပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်တစ်မျိုးဖြစ်ပြီး အစာခြေစနစ်နဲ့ ဝမ်းမှန်စေဖို့ အထောက်အကူပြုနိုင်ပါတယ်။
■ အမျှင်ဓာတ်ဟာ ဝမ်းကို ပမာဏပိုများစေပြီး အူလမ်းကြောင်းတစ်လျှောက် ရွေ့လျားမှုကို ကောင်းမွန်စေပါတယ်။ ဒါကြောင့် ဝမ်းချုပ်ခြင်းကို ကာကွယ်ရာမှာလည်း အထောက်အကူဖြစ်နိုင်ပါတယ်။
■ ■ ၂။ အူလမ်းကြောင်းထဲက ကောင်းကျိုးပြု ဘက်တီးရီးယားတွေကို အားပေးနိုင်တယ်
■ ကျွန်တော်တို့ရဲ့ အူလမ်းကြောင်းထဲမှာ ကျန်းမာရေးအတွက် အရေးပါတဲ့ အဏုဇီဝပိုးမွှားတွေ အများကြီးရှိနေပါတယ်။ အဲဒီအစုအဝေးကို Gut Microbiome လို့ခေါ်ပါတယ်။
■ အမျှင်ဓာတ်ဟာ အဲဒီအဏုဇီဝပိုးမွှားတချို့အတွက် အစာအဖြစ် အသုံးဝင်ပါတယ်။
■ ဒါကြောင့် ဘင်ဒီသီးလို အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို ပုံမှန်စားပေးခြင်းက အူလမ်းကြောင်းအတွင်းရှိ ကောင်းကျိုးပြုဘက်တီးရီးယားတွေကို အထောက်အကူပြုပြီး အူကျန်းမာရေးကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။
■ ■ ၃။ ကိုလက်စထရောကို ထိန်းညှိရာမှာ အထောက်အကူဖြစ်နိုင်တယ်
■ ဒါကတော့ စိတ်ဝင်စားစရာအကောင်းဆုံး အချက်တစ်ခုပါ။
ဒေါက်တာ Sethi က ဘင်ဒီသီးနဲ့ပတ်သက်ပြီး ဓာတ်ခွဲခန်းနဲ့ တိရစ္ဆာန်တွေမှာ ပြုလုပ်ထားတဲ့ လေ့လာမှုတချို့ကို ကိုးကားရှင်းပြထားပါတယ်။
■ အဲဒီလေ့လာမှုတွေအရ ဘင်ဒီသီးမှာပါတဲ့ အမျှင်ဓာတ်ဟာ သည်းခြေအက်ဆစ် (Bile Acids) တွေကို စုပ်ယူပေါင်းစည်းပြီး ဝမ်းထဲကနေ ခန္ဓာကိုယ်ပြင်ပကို ပိုမိုစွန့်ထုတ်နိုင်အောင် ကူညီပေးနိုင်တယ်လို့ ဆိုပါတယ်။
■ သည်းခြေအက်ဆစ်တွေကို အသည်းက ကိုလက်စထရောကို အသုံးပြုပြီး ထုတ်လုပ်ပေးတာဖြစ်ပါတယ်။ သည်းခြေအက်ဆစ်တွေ ခန္ဓာကိုယ်ပြင်ပကို ပိုမိုစွန့်ထုတ်လိုက်ရတဲ့အခါ အသည်းက သည်းခြေအက်ဆစ်အသစ်တွေ ထပ်မံထုတ်လုပ်ဖို့ ကိုလက်စထရောကို ပိုမိုအသုံးပြုရပါတယ်။
■ ဒီနည်းလမ်းဟာ ပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်တွေက ကိုလက်စထရောပမာဏကို လျှော့ချရာမှာ အထောက်အကူပြုနိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။
■ ဒါပေမဲ့ လက်ရှိလေ့လာမှုအများစုဟာ ဓာတ်ခွဲခန်းနဲ့ တိရစ္ဆာန်တွေအပေါ်မှာ ပြုလုပ်ထားတာဖြစ်လို့ ဘင်ဒီသီးစားရုံနဲ့ လူတွေရဲ့ ကိုလက်စထရောကို သေချာပေါက် လျှော့ချပေးနိုင်တယ်လို့တော့ မဆိုနိုင်သေးပါဘူး။ လူတွေအပေါ်မှာ ထပ်မံလေ့လာဖို့ လိုအပ်နေပါသေးတယ်။
■ ဘင်ဒီသီးဟာ အရသာရှိတဲ့ ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ရုံသာမက အမျှင်ဓာတ်လည်း ကြွယ်ဝပါတယ်။ အစာခြေစနစ်ကောင်းမွန်စေဖို့၊ ဝမ်းမှန်စေဖို့နဲ့ အူလမ်းကြောင်းကျန်းမာရေးကို အထောက်အကူပြုနိုင်ပါတယ်။ ကိုလက်စထရောထိန်းညှိရာမှာလည်း အလားအလာကောင်းတွေ ရှိနေပါတယ်။
■ ဒါကြောင့် ဘင်ဒီသီးရဲ့ ချွဲကျိကျိဖြစ်တဲ့ အနှစ်လေးကို မကြိုက်လို့ မရှောင်လိုက်ပါနဲ့။ ကျန်းမာရေးအတွက် အကျိုးရှိနိုင်တဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နေနိုင်ပါတယ်။
Source-NDTV