#World_Health
Published 11 November 2026

■ ကလေးအသက် ၂ နှစ်၊ ၃ နှစ်အရွယ်လောက်မှာ သွားပိုးစားတာ စဖြစ်ပြီဆိုရင် သေးသေးလေးကနေ အချိန်တိုအတွင်း ပိုဆိုးလာနိုင်ပါတယ်။ သွားကိုက်တာ၊ ပိုးဝင်တာ၊ အစာစားရခက်တာတွေအပြင် တချို့အခြေအနေတွေမှာ ရှုပ်ထွေးတဲ့ သွားကုသမှုတွေ လုပ်ရနိုင်ပါတယ်။

■ အထူးသဖြင့် ကလေးငယ်တွေဆိုရင် သွားဆရာဝန်ဆီမှာ ငြိမ်ငြိမ်လေးထိုင်ပြီး သွားဖောက်ကုသဖို့ဆိုတာ မလွယ်ကူပါဘူး။ တချို့ကလေးတွေမှာ မေ့ဆေးပေးပြီး ကုသရတဲ့အထိ ဖြစ်နိုင်ပါတယ်။

■ ဒါပေမဲ့ အခုတော့ ကလေးငယ်တွေအတွက် ပိုမိုလွယ်ကူတဲ့ ကုသနည်းတစ်ခုကို လေ့လာမှုကြီးတစ်ခုက ထောက်ပြလာပါတယ်။

■ JAMA Pediatrics ဆေးပညာဂျာနယ်မှာ ဖော်ပြခဲ့တဲ့ လက်တွေ့စမ်းသပ်လေ့လာမှုအရ သွားပိုးစားနေတဲ့နေရာကို ဆေးရည်တစ်မျိုး လိမ်းပေးရုံနဲ့ သွားပိုးစားမှုအချို့ကို ဆက်လက်မဆိုးရွားအောင် ရပ်တန့်ပေးနိုင်ခဲ့ပါတယ်။

■ ဒီလေ့လာမှုမှာ အသက် ၁ နှစ်ကနေ ၆ နှစ်အတွင်းရှိ ပြင်းထန်တဲ့ ကလေးသွားပိုးစားရောဂါရှိသူ ကလေးငယ် ၈၃၀ ပါဝင်ခဲ့ပါတယ်။

■ သွားမဖောက်ဘဲ ကုသပေးနိုင်တဲ့ SDF ဆိုတာ ဘာလဲ။

■ စမ်းသပ်အသုံးပြုခဲ့တဲ့ ဆေးရည်ကို Silver Diamine Fluoride (SDF) လို့ခေါ်ပါတယ်။
ဒီဆေးရည်မှာ ငွေဓာတ် (Silver) နဲ့ ဖလိုရိုက် (Fluoride) ပါဝင်ပါတယ်။

■ အဓိကအားဖြင့် -သွားကြွေလွှာနဲ့ သွားဘေးသားတွေကို သတ္တုဓာတ်ပြန်လည်ဖြည့်တင်းရာမှာ အထောက်အကူပြုပါတယ်။

■ သွားပိုးစားမှုကို ဖြစ်စေတဲ့ ဘက်တီးရီးယားတွေရဲ့ လုပ်ဆောင်မှုကို တားဆီးပေးပါတယ်။
ပိုးစားလို့ ပျက်စီးနေတဲ့ သွားဘေးသားကို ပိုမိုမာကျောလာစေပါတယ်။

■ ဒီနည်းလမ်းရဲ့ အားသာချက်ကတော့ သွားကို စက်နဲ့ဖောက်စရာမလိုသလို ပိုးစားနေတဲ့ သွား ဘေးသားကိုလည်း ခြစ်ထုတ်ဖို့ မလိုတာပါပဲ။ ပိုးစားနေတဲ့နေရာကို ဆေးရည်တိုက်ရိုက်လိမ်းပေးရုံနဲ့ ကုသနိုင်ပါတယ်။

■ ဒါပေမဲ့ သတိပြုရမယ့်အချက်တစ်ခုရှိပါတယ်။

■ သွားပိုးစားမှုကို ရပ်တန့်ပေးနိုင်တာဟာ ပျက်စီးသွားတဲ့သွားကို မူလအတိုင်း ပြန်ကောင်းသွားစေတာနဲ့ မတူပါဘူး။

■ SDF ဆေးရည်ဟာ ပျက်စီးသွားတဲ့ သွားဘေးသားကို ပြန်လည်ဖြစ်ပေါ်စေတာ၊ ဖြစ်ပြီးသား သွားပေါက်တွေကို ပြန်ပိတ်ပေးတာမျိုး မဟုတ်ပါဘူး။ သူ့ရဲ့အဓိကရည်ရွယ်ချက်က သွားပိုးစားမှုကို ဆက်မတိုးလာအောင် ရပ်တန့်ပေးဖို့ ဖြစ်ပါတယ်။

■ ဒီကုသနည်းရဲ့ အားသာချက်က ဘာလဲ။

■ အဓိကအားသာချက်ကတော့ သွားဖောက်စရာမလိုတာပါပဲ။

■ ပုံမှန်သွားကုသမှုတွေမှာ ကလေးက ငြိမ်ငြိမ်ထိုင်ပေးဖို့၊ သွားဖောက်တဲ့စက်သံနဲ့ ကုသမှုအဆင့်ဆင့်ကို ခံနိုင်ဖို့ လိုအပ်ပါတယ်။

■ ဒါပေမဲ့ အသက် ၂ နှစ်၊ ၃ နှစ်အရွယ် ကလေးတွေအတွက် ဒီလိုလုပ်ဖို့ဆိုတာ အတော်လေးခက်ခဲနိုင်ပါတယ်။

■ SDF ကတော့ အချိန်တိုအတွင်း ဆေးရည်လိမ်းပေးရုံနဲ့ ကုသနိုင်တဲ့ နည်းလမ်းဖြစ်ပါတယ်။ သင့်တော်တဲ့ သင်တန်းနဲ့ လေ့ကျင့်မှုရရှိထားတဲ့ ကျန်းမာရေးဝန်ထမ်းတွေကလည်း အနာဂတ်မှာ ဒီကုသနည်းကို ကျန်းမာရေးဝန်ဆောင်မှုနေရာတွေမှာ အသုံးပြုလာနိုင်မယ်လို့ သုတေသီတွေက မျှော်လင့်ထားပါတယ်။

■ ဒါပေမဲ့ SDF ရဲ့ အားနည်းချက်တစ်ခုတော့ ရှိပါတယ်။
ဆေးလိမ်းထားတဲ့ ပိုးစားနေတဲ့ သွားနေရာဟာ အမည်းရောင်၊ အနက်ရောင် ပြောင်းသွားတတ်ပါတယ်။

■ အထူးသဖြင့် ရှေ့သွားတွေမှာဆိုရင် အလှအပပိုင်းအရ ထင်ရှားနိုင်တာကြောင့် မကုသခင်မှာ မိဘတွေကို ကြိုတင်ရှင်းပြထားဖို့ လိုအပ်ပါတယ်။

■ SDF အပြင် တခြားကုသနည်းတွေလည်း ရှိပါတယ်
သွားပိုးစားမှုကို ကုသဖို့ SDF တစ်မျိုးတည်းသာ ရှိတာမဟုတ်ပါဘူး။

■ တချို့ကုသနည်းတွေမှာ ပိုးစားနေတဲ့ သွား ဘေးသားကို တတ်နိုင်သမျှ အနည်းဆုံးသာ ဖယ်ရှားပြီး အဲဒီနေရာကို သွားဖာပစ္စည်းနဲ့ ပြန်လည်ဖာထေးပေးပါတယ်။

■ ဒီနည်းလမ်းမှာ သွားကို အနည်းငယ်ဖောက်ရနိုင်ပေမဲ့ သွားပိုးစားတဲ့နေရာရဲ့ အခြေအနေနဲ့ ကလေးရဲ့ ပူးပေါင်းဆောင်ရွက်နိုင်မှုအပေါ် မူတည်ပြီး တချို့ကလေးတွေမှာ မေ့ဆေးမလိုဘဲ ကုသနိုင်ပါတယ်။

■ နောက်တစ်နည်းကတော့ အံသွားတွေရဲ့ အပေါ်မျက်နှာပြင်မှာရှိတဲ့ အကြောင်းအကြားလေးတွေကို ပိတ်ပေးတဲ့ Fissure Sealant နည်းလမ်းဖြစ်ပါတယ်။

■ ဒီနည်းလမ်းက အဓိကအားဖြင့် သွားပိုးစားခြင်းကို ကြိုတင်ကာကွယ်ဖို့နဲ့ အစောပိုင်းပိုးစားမှုတွေအတွက် အသုံးဝင်ပါတယ်။ ဖြစ်ပြီးသား သွားပေါက်တွေကို ကုသရာမှာတော့ SDF ကို အစားထိုးနိုင်တဲ့ နည်းလမ်းလို့ အလိုအလျောက် မသတ်မှတ်နိုင်ပါဘူး။

■ သွားပိုးစားမှုအားလုံးကို ပျောက်ကင်းစေတဲ့ အံ့ဖွယ်ဆေးတော့ မဟုတ်ပါဘူး
SDF ကုသမှုဟာ ရလဒ်ကောင်းတွေ ရရှိခဲ့ပေမဲ့ သွားပိုးစားမှုအားလုံးကို ရပ်တန့်ပေးနိုင်တာတော့ မဟုတ်ပါဘူး။

■ ကုသပြီး ၈ လအကြာမှာတောင် SDF သုံးထားတဲ့ သွားပိုးစားနေရာတွေရဲ့ တစ်ဝက်လောက်ဟာ ပိုးစားမှု ရပ်တန့်သွားတယ်လို့ သတ်မှတ်နိုင်ခြင်း မရှိသေးပါဘူး။

■ ဒါကြောင့် SDF ကို သွားတိုက်ခြင်း၊ ဖလိုရိုက်အသုံးပြုခြင်း၊ အစားအသောက်ဂရုစိုက်ခြင်း၊ သွားဆရာဝန်နဲ့ ပုံမှန်စစ်ဆေးခြင်းတို့အစား အစားထိုးအသုံးပြုလို့ မရပါဘူး။

■ မိဘတွေအနေနဲ့ သိထားသင့်တဲ့ အရေးကြီးဆုံးအချက်ကတော့ ကလေးတစ်ယောက် သွားပိုးစားတိုင်း သွားဖောက်ပြီး ဖာရမယ်ဆိုတာ မဟုတ်ပါဘူး။

■ ဒီနေ့ခေတ် သွားဘက်ဆိုင်ရာဆေးပညာမှာ သွားပိုးစားမှုကို ရပ်တန့်စေဖို့၊ မူလသွားဘေးသားကို တတ်နိုင်သမျှ ထိန်းသိမ်းဖို့နဲ့ ကလေးတစ်ဦးချင်းစီရဲ့ အခြေအနေအလိုက် သင့်တော်တဲ့ ကုသနည်းကို ရွေးချယ်ပေးနိုင်တဲ့ နည်းလမ်းတွေ ရှိလာပြီဖြစ်ပါတယ်။

Source- The Jerusalem Post