#World_Health
Published 19 October 2026

■ အိပ်ရေး လုံလုံလောက်လောက်အိပ် ရပါလျက်နဲ့ အမြဲလိုလို ပင်ပန်းနွမ်းနယ်နေတာဟာ စိတ်ဖိစီးမှု ဒါမဟုတ် အလုပ်များတာကြောင့် ချည်းတော့ မဟုတ်ပါဘူး။ တစ်ခါတလေမှာ မေးရိုးရဲ့ ပုံစံနဲ့ တည်နေရာက အိပ်စက်ချိန် အသက်ရှူလမ်းကြောင်းအပေါ် သက်ရောက်မှုရှိပြီး အိပ်နေစဉ် အသက်ရှူရပ်တာ ကိုပါ ဖြစ်စေနိုင်ပါတယ်။

■ အိပ်ရေး လုံလုံလောက်လောက် ဝဝလင်လင် အိပ်ရပါလျက်နဲ့ ပင်ပန်းနွမ်းနယ်နေတာဟာ မေးရိုးသေးတာ ဒါမှမဟုတ် မေးရိုးနောက်ဆုတ်နေတာကြောင့်ဖြစ်လာတဲ့ အိပ်နေစဉ် အသက်ရှူလမ်းကြောင်း ပိတ်ဆို့တာနဲ့ဆက်စပ်နေနိုင်ပါတယ်။

■ SPARSH ဆေးရုံကြီးက မျက်နှာနဲ့  ပြန်လည်ပြုပြင်ရေး ဆေးပညာဆိုင်ရာ အကြီးတန်းအကြံပေး Dr. Gunasekar Vuppalapati ရဲ့ ပြောပြချက်အရ မျက်နှာရဲ့ တည်ဆောက်ပုံက အသက်ရှူလမ်းကြောင်း ကျဉ်းသွားစေနိုင်ပြီး အိပ်နေစဉ်မှာ တစ်ရှူးတွေ ပိတ်ဆို့ကာ အသက်ရှူမှုကို ပြတ်တောက်သွားစေနိုင်တယ်လို့ဆိုပါတယ်။

■ မနက်ခင်း ခေါင်းကိုက်တာ၊ စိတ်တိုလွယ်တာနဲ့ အာရုံစူးစိုက်ရ ခက်တာတွေကတော့ အဓိက လက္ခဏာတွေ ဖြစ်ပါတယ်။ ရောဂါအခြေအနေရဲ့ ပြင်းထန်မှုနဲ့ မူလဖွဲ့စည်းပုံ ပြဿနာတွေအပေါ် မူတည်ပြီး CPAP ကုထုံးကနေ ခွဲစိတ်ကုသမှုအထိ အမျိုးမျိုး ကုသနိုင်ဖို့ ဆေးဘက်ဆိုင်ရာ အထူးကုအဖွဲ့နဲ့ စစ်ဆေးကုသမှု ခံယူနိုင်ပါတယ်။ 

■ ညဘက်မှာ အိပ်ရာဝင်ချိန် ၇ နာရီ၊ ၈ နာရီလောက် ပြည့်ပြည့်ဝဝ အိပ်စက်ခဲ့ရပါလျက်နဲ့ နောက်တစ်နေ့ မနက်ရောက်တဲ့အခါ အလွန်အမင်းအိပ်ငိုက်ပြီး ပင်ပန်းနေတတ်တာကို စိတ်ဖိစီးမှုများလို့၊ အလုပ်ချိန် ကြာလို့၊ အိပ်စက်တဲ့ အလေ့အထမကောင်းလို့ ဒါမှမဟုတ် ကျန်းမာရေးနဲ့ မညီညွတ်တဲ့ လူနေမှုပုံစံကြောင့်လို့ အများစုက ထင်တတ်ကြပါတယ်။

■ ဒါပေမဲ့ မကြာခဏ လျစ်လျူရှုခံရတဲ့ နောက်ထပ်အကြောင်းရင်းတစ်ခုကတော့ မေးရိုးနဲ့ မျက်နှာရဲ့တည်ဆောက်ပုံဖြစ်နေနိုင်ပါတယ်။

■ မေးရိုးသေးတာ ဒါမှမဟုတ် နောက်ကိုဆုတ်ဝင်နေတဲ့ မေးရိုးပုံစံရှိသူတွေမှာ ပါးစပ်ထဲက လျှာနဲ့ အခြားပျော့ပျောင်းတဲ့ တစ်ရှူးတွေအတွက် နေရာလွတ်နည်းသွားစေပါတယ်။ အိပ်စက်နေစဉ်မှာ အသက်ရှူလမ်းကြောင်းအပေါ်ပိုင်းက ကြွက်သားတွေက သဘာဝအတိုင်း ပုံမှန်ပျော့ပြဲကျလာတတ်ပါတယ်။

■ တကယ်လို့ မျက်နှာတည်ဆောက်ပုံကြောင့် နေရာလွတ်က ကန့်သတ်ခံထားရပြီးသား ဖြစ်နေမယ်ဆိုရင် လျှာနဲ့ ပတ်ဝန်းကျင် တစ်ရှူးတွေက နောက်ဘက်ကို ဆုတ်သွားပြီး အသက်ရှူလမ်းကြောင်းကို ကျဉ်းသွားစေနိုင်ပါတယ်။

■ ဒါက အသက်ရှူခက်ခဲစေပြီး လူတချို့မှာ အိပ်နေစဉ် အသက်ရှူလမ်းကြောင်း ပိတ်ဆို့တဲ့ရောဂါ ဖြစ်ပွားမှုကို အားပေးသလို ဖြစ်စေပါတယ်။

■ SPARSH ဆေးရုံက အလှအပဆိုင်ရာနဲ့ ပြန်လည်ပြုပြင်ရေး ဆေးပညာဆိုင်ရာ အကြီးတန်းအကြံပေး ဒေါက်တာ ဂူနာဆီကာ ဗူပါလာပါတီရဲ့ ပြောပြချက်အရ အိပ်စက်ချိန် အသက်ရှူလမ်းကြောင်းပြဿနာတွေကို စစ်ဆေးတဲ့အခါ ဦးခေါင်းနဲ့ မျက်နှာ တည်ဆောက်ပုံဟာ အလွန်အရေးကြီးတဲ့ အချက်တစ်ချက်ဖြစ်တယ်လို့ဆိုပါတယ်။

■ အိပ်နေစဉ် အသက်ရှူလမ်းကြောင်း ပိတ်ဆို့ခြင်းဆိုတာ လူတစ်ယောက် အိပ်ပျော်နေစဉ်မှာ အသက်ရှူလမ်းကြောင်းအပေါ်ပိုင်း မကြာခဏ ကျဉ်းသွားတာ ဒါမဟုတ် ပိတ်ကျသွားတာကို ဆိုလိုပါတယ်။

■ ဒါက ညဘက်မှာ ပုံမှန် အသက်ရှူမှုကို အကြိမ်ကြိမ် ပြတ်တောက်သွားစေနိုင်ပါတယ်။ ကိုယ်အလေးချိန် များခြင်း၊ အသက်အရွယ်ကြီးရင့်ခြင်းနဲ့ လူနေမှုပုံစံ စတဲ့အချက်တွေက ရောဂါဖြစ်ပွားနိုင်ခြေကို မြင့်တက်စေနိုင်သလို မျက်နှာနဲ့မေးရိုးတည်ဆောက်ပုံကလည်း အသက်ရှူလမ်းကြောင်းရဲ့ အရွယ်အစားနဲ့ပုံစံအပေါ်သက်ရောက်မှုရှိပါတယ်။

Source- India Today