#World_Health
Published 18 November 2026
■ သွေးတိုးရောဂါရှိသူတွေအတွက် စိတ်အပင်ပန်းရဆုံးအရာတစ်ခုကတော့ ဆေးကို နေ့တိုင်း ပုံမှန်သောက်နေရတာပါပဲ။
■ အများအားဖြင့် သွေးကျဆေး စသောက်ပြီဆိုရင် တစ်သက်လုံးနီးပါး သောက်သွားရတတ်ပါတယ်။ ဆရာဝန်က ဆေးပမာဏကို လျှော့တာ၊ တိုးတာမျိုးတော့ လုပ်ပေးနိုင်ပေမဲ့ ဆေးလုံးဝဖြတ်နိုင်ဖို့က သိပ်မလွယ်ပါဘူး။
■ အခုတော့ ဒီအခြေအနေကို ပြောင်းလဲပေးနိုင်မယ့် နည်းပညာအသစ်တစ်ခုကို သိပ္ပံပညာရှင်တွေ စမ်းသပ်နေကြပါတယ်။
■ အဲဒါကတော့ နားမှာ ကိရိယာသေးသေးလေးတစ်ခု တပ်ဆင်ပြီး လျှပ်စစ်လှုံ့ဆော်မှု ပေးခြင်းအားဖြင့် သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်မလားဆိုတာ စမ်းသပ်နေတာပါ။
■ ဒီသုတေသနကို လန်ဒန်မြို့ရှိ Queen Mary University of London က သုတေသီတွေ ဦးဆောင်လုပ်ဆောင်ခဲ့တာဖြစ်ပြီး American Heart Association ရဲ့ သုတေသနဂျာနယ်မှာလည်း ဖော်ပြထားပါတယ်။
■ နားမှာ ကိရိယာတပ်ရုံနဲ့ သွေးပေါင်ချိန်ကျနိုင်မလား။
■ ဒီနည်းပညာကို Transcutaneous Autonomic Neuromodulation (tAN) လို့ ခေါ်ပါတယ်။
■ အလွယ်ပြောရရင် ခန္ဓာကိုယ်ရဲ့ အလိုအလျောက် လုပ်ဆောင်နေတဲ့ အာရုံကြောစနစ်ကို လျှပ်စစ်လှုံ့ဆော်မှုလေးတွေပေးပြီး သွေးပေါင်ချိန်ကို ပိုမိုကောင်းမွန်စွာ ထိန်းညှိနိုင်အောင် ကြိုးစားတဲ့နည်းပညာပါ။
■ ကျွန်တော်တို့ခန္ဓာကိုယ်မှာ နှလုံးခုန်နှုန်း၊ အစာခြေစနစ်နဲ့ သွေးပေါင်ချိန်တွေကို အလိုအလျောက် ထိန်းချုပ်ပေးနေတဲ့ အာရုံကြောစနစ်တစ်ခု ရှိပါတယ်။
■ သုတေသီတွေက နားတစ်ဝိုက်က အာရုံကြောတွေကို လျှပ်စစ်လှုံ့ဆော်မှု အနည်းငယ်ပေးလိုက်ရင် ဒီစနစ်ရဲ့ လုပ်ဆောင်ပုံကို ပြောင်းလဲပေးနိုင်မလားဆိုတာ လေ့လာနေကြတာပါ။
■ ဘယ်လိုအသုံးပြုရတာလဲ။
■ ဒီကိရိယာဟာ ခွဲစိတ်စရာမလိုသလို ခန္ဓာကိုယ်ထဲကိုလည်း ဘာမှထည့်သွင်းစရာမလိုပါဘူး။
လက်ထဲမှာကိုင်လို့ရတဲ့ ကိရိယာသေးသေးလေးဖြစ်ပြီး နားပေါက်အပြင်ဘက်နားမှာရှိတဲ့ Tragus လို့ခေါ်တဲ့ နားရွက်အသားနုလေးပေါ်ကို ကလစ်နှစ်ခုနဲ့ ညှပ်တပ်ရပါတယ်။
■ အဲဒီကလစ်တွေကနေ လျှပ်စစ်လှုံ့ဆော်မှု အနည်းငယ်ကို ပေးပို့ပြီး နားတစ်ဝိုက်က အာရုံကြောတွေကို လှုံ့ဆော်ပေးတာပါ။
■ ထူးခြားတာက လူနာကိုယ်တိုင် အသုံးပြုနိုင်တာကြောင့် အိမ်မှာပဲ ကုသမှုအနေနဲ့ အသုံးပြုနိုင်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။
■ လူနာ ၆၃ ယောက်နဲ့ စမ်းသပ်ခဲ့တယ်
■ ဒီသုတေသနကို National Institute for Health and Care Research (NIHR) ရဲ့ ရန်ပုံငွေထောက်ပံ့မှုနဲ့ ပြုလုပ်ခဲ့တာပါ။
■ စမ်းသပ်မှုမှာ သွေးတိုးဆေး အနည်းဆုံးတစ်မျိုး သောက်နေပေမဲ့ သွေးပေါင်ချိန် မကျသေးတဲ့ လူနာ ၆၃ ယောက် ပါဝင်ခဲ့ပါတယ်။
■ လူနာတွေကို အုပ်စုနှစ်စုခွဲပြီး စမ်းသပ်ခဲ့ပါတယ်။
■ ပထမအုပ်စုက တကယ်လျှပ်စစ်လှုံ့ဆော်မှုပေးတဲ့ ကိရိယာကို အသုံးပြုခဲ့ပါတယ်။
ဒုတိယအုပ်စုကတော့ တကယ်လှုံ့ဆော်မှုမပေးတဲ့ အတုကိရိယာ (Sham Device) ကို အသုံးပြုခဲ့ပါတယ်။
■ ပထမနှစ်ပတ်မှာ တစ်နေ့ကို မိနစ် ၃၀ အသုံးပြုစေခဲ့ပြီး နောက်ထပ် ၁၀ ပတ်မှာတော့ တစ်ပတ်တစ်ကြိမ် အသုံးပြုစေခဲ့ပါတယ်။
■ စမ်းသပ်မှုရလဒ်အရ ဒီကိရိယာဟာ ဘေးကင်းမှုရှိပြီး လူနာအများစုလည်း အဆင်ပြေပြေ အသုံးပြုနိုင်ခဲ့ကြပါတယ်။
■ ဒါပေမဲ့ သွေးပေါင်ချိန်ကို တကယ်ကျစေခဲ့ပြီလား။
■ ဒီနေရာမှာ အရေးကြီးတဲ့အချက်တစ်ခု ရှိပါတယ်။
စမ်းသပ်မှုမှာ ပါဝင်သူအားလုံးကို စုပေါင်းကြည့်လိုက်တဲ့အခါ ဒီကိရိယာကို အသုံးပြုတဲ့အုပ်စုဟာ အတုကိရိယာသုံးတဲ့အုပ်စုထက် သွေးပေါင်ချိန် သိသိသာသာ ပိုကျသွားတယ်လို့ မတွေ့ရှိခဲ့ပါဘူး။
■ ဒါပေမဲ့ သွေးပေါင်ချိန် အလွန်မြင့်မားနေတဲ့ လူနာအချို့မှာတော့ အလားအလာကောင်းတဲ့ ရလဒ်တွေ တွေ့ခဲ့ရပါတယ်။
■ သုတေသနကို ဦးဆောင်သူ ဒေါက်တာ Ajay Gupta ကလည်း ဒီနည်းပညာဟာ လူနာတွေအတွက် အသုံးပြုရလွယ်ကူပြီး အနာဂတ်မှာ လူသန်းပေါင်းများစွာအတွက် ကုန်ကျစရိတ်သက်သာတဲ့ ကုသမှုနည်းလမ်းတစ်ခု ဖြစ်လာနိုင်တယ်လို့ ပြောကြားထားပါတယ်။
■ ဒါပေမဲ့ လူနာအရေအတွက် နည်းပါးတဲ့ စမ်းသပ်မှုဖြစ်တာကြောင့် ပိုမိုကြီးမားတဲ့ သုတေသနတွေနဲ့ ထပ်မံအတည်ပြုဖို့ လိုအပ်နေပါသေးတယ်။
■ အနာဂတ်မှာ သွေးကျဆေးဆေးသောက်စရာ မလိုတော့ဘူးလား။
■ ဒီနည်းပညာဟာ အလားအလာကောင်းတဲ့ သုတေသနတစ်ခု ဖြစ်ပေမဲ့ လက်ရှိအချိန်မှာ သွေးကျဆေးအစားထိုးနိုင်ပြီလို့ မဆိုနိုင်သေးပါဘူး။
■ အထူးသဖြင့် သွေးပေါင်ချိန်ကို ဆေးသောက်နေပေမဲ့ မထိန်းနိုင်သေးတဲ့ လူနာတွေအတွက် အထောက်အကူဖြစ်နိုင်မလားဆိုတာကို ဆက်လက်လေ့လာဖို့လိုအပ်ပါတယ်။
■ အရေးကြီးတာက ဒီကိရိယာကို စမ်းသပ်နေတယ်ဆိုတဲ့ သတင်းကြောင့် မိမိသောက်နေတဲ့ သွေးတိုးဆေးကို ကိုယ့်သဘောနဲ့ကိုယ် မဖြတ်လိုက်ပါနဲ့။ ဆရာဝန်ညွှန်ကြားချက်အတိုင်း ဆက်လက်သောက်သုံးဖို့ လိုပါတယ်။
Soucre- The Times of India