#World_Health
Published 18 November 2026

■ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲက အသက် ၈၀ အရွယ်ရှိနေပြီဖြစ်တဲ့ ဆဲလ်တွေကို အသက် ၂၀ အောက်အရွယ် ဆဲလ်တွေလို ပြန်လည်နုပျိုအောင်လုပ်နိုင်မယ်ဆိုရင် ဘယ်လောက်စိတ်ဝင်စားစရာကောင်းမလဲ။

■ တကယ်တော့ ဒါဟာ သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းတစ်ပုဒ် မဟုတ်တော့ပါဘူး။

■ ဂျာမနီနိုင်ငံ ဘွန်တက္ကသိုလ်နဲ့ ဘွန်တက္ကသိုလ်ဆေးရုံက သုတေသီတွေဟာ အသက်ကြီးနေပြီဖြစ်တဲ့ လူ့သွေးဆဲလ်တွေကို ပြန်လည်ပြုပြင်ပြောင်းလဲပြီး ဆဲလ်တွေရဲ့ အိုမင်းမှုလက္ခဏာကို နှစ်ပေါင်း ၆၀ ကျော်အထိ နောက်ပြန်ဆုတ်စေနိုင်ခဲ့ပါတယ်။

■ အံ့ဩစရာကောင်းတာက အသက် ၈၀ အရွယ် လူတစ်ယောက်ဆီက ရရှိထားတဲ့ ဆဲလ်တွေဟာ စမ်းသပ်မှုအပြီးမှာ အသက် ၂၀ အောက် လူငယ်တစ်ယောက်ရဲ့ ဆဲလ်တွေနဲ့ ဆင်တူတဲ့ အခြေအနေအထိ ရောက်ရှိသွားတာပါပဲ။

■ ဆဲလ်အိုမင်းမှုကို ဘယ်လိုပြန်လည်နုပျိုစေခဲ့တာလဲ။

■ လူ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဆဲလ်တိုင်းဟာ မျိုးဗီဇအချက်အလက်တွေကို အခြေခံအားဖြင့် တူညီစွာ ပိုင်ဆိုင်ထားကြပေမဲ့ သူတို့လုပ်ဆောင်ရတဲ့ တာဝန်တွေကတော့ မတူကြပါဘူး။

■ ဥပမာ သွေးဆဲလ်တစ်ခုဟာ သွေးဆဲလ်အဖြစ် လုပ်ဆောင်ပေမဲ့ အာရုံကြောဆဲလ်တစ်ခုကတော့ ဦးနှောက်နဲ့ အာရုံကြောစနစ်မှာ အလုပ်လုပ်ပါတယ်။

■ ပုံမှန်အားဖြင့် သွေးဆဲလ်တစ်ခုကို အာရုံကြောဆဲလ်အဖြစ် တိုက်ရိုက်ပြောင်းလဲဖို့ မလွယ်ကူပါဘူး။

■ ဒါပေမဲ့ သိပ္ပံပညာရှင်တွေဟာ Transcription Factors လို့ခေါ်တဲ့ ပရိုတင်းတွေကို အသုံးပြုပြီး ဆဲလ်တွေရဲ့ လုပ်ဆောင်ပုံနဲ့ အမျိုးအစားကို ပြောင်းလဲပေးနိုင်ခဲ့ပါတယ်။

■ ဒီနည်းပညာကို အသုံးပြုပြီး လူ့သွေးဆဲလ်အကြိုအဆင့်တွေကနေ အာရုံကြောပင်မဆဲလ် (Neural Stem Cells) တွေကို ဖန်တီးနိုင်ခဲ့တာပါ။

■ ဆဲလ်တွေရဲ့ အသက်ကို ဘယ်လိုတိုင်းတာခဲ့သလဲ။

■ သုတေသီတွေဟာ Epigenetic Clock လို့ခေါ်တဲ့ ဇီဝအသက်တိုင်းတာနည်းကို အသုံးပြုခဲ့ပါတယ်။

■ ဒီနည်းပညာဟာ DNA ရဲ့ အစီအစဉ်ကို ပြောင်းလဲတာမဟုတ်ဘဲ DNA ပေါ်မှာ ဖြစ်ပေါ်နေတဲ့ ဓာတုပြောင်းလဲမှုတွေကို လေ့လာပြီး ဆဲလ်တစ်ခုရဲ့ ဇီဝအသက်ကို ခန့်မှန်းပေးတာဖြစ်ပါတယ်။

■ စမ်းသပ်မှုရလဒ်အရ အသက် ၈၀ အရွယ် လူတစ်ယောက်ဆီက ရရှိထားတဲ့ ဆဲလ်တွေဟာ ပြန်လည်ပြုပြင်မှုလုပ်ငန်းစဉ် ၅၀ ရက်အကြာမှာ အသက် ၂၀ အောက်အရွယ် ဆဲလ်တွေနဲ့ ဆင်တူတဲ့ Epigenetic Age အထိ ရောက်ရှိသွားခဲ့ပါတယ်။

■ ဆိုလိုတာက မော်လီကျူးအဆင့်မှာ နှစ်ပေါင်း ၆၀ ကျော်စာ အိုမင်းမှုလက္ခဏာတွေကို ပြန်လည်နောက်ဆုတ်နိုင်ခဲ့တာပါ။

■ ဒီသုတေသနရဲ့ ထူးခြားချက်က ဘာလဲ။

■ အရင်က ဆဲလ်တွေကို ပြန်လည်နုပျိုစေတဲ့ နည်းလမ်းတွေမှာ အဆင့်နှစ်ဆင့်ပါဝင်ပြီး ဆဲလ်တွေကို ပင်မဆဲလ်အခြေအနေအထိ အရင်ပြောင်းလဲကာ နောက်တစ်ဆင့်မှာ လိုအပ်တဲ့ ဆဲလ်အမျိုးအစားအဖြစ် ပြန်လည်ဖန်တီးကြပါတယ်။

■ ဒါပေမဲ့ ဘွန်တက္ကသိုလ်က သုတေသီတွေဟာ အဲဒီအဆင့်ကို မဖြတ်သန်းဘဲ သွေးဆဲလ်အကြိုအဆင့်ကနေ အာရုံကြောပင်မဆဲလ်အဖြစ် တိုက်ရိုက်ပြောင်းလဲတဲ့ နည်းလမ်းကို အသုံးပြုခဲ့ကြပါတယ်။

■ အဲဒီလိုလုပ်တဲ့အတွက် ဆဲလ်တွေရဲ့ ဇီဝအသက်ပြန်လည်နုပျိုမှုဟာ တစ်ခဏအတွင်း ဖြစ်ပေါ်တာမဟုတ်ဘဲ ရက်ပေါင်း ၁၀၀ ကျော်အထိ တဖြည်းဖြည်း ဖြစ်ပေါ်နေတာကို လေ့လာနိုင်ခဲ့ပါတယ်။

■ ဒါဟာ သိပ္ပံပညာရှင်တွေအတွက် အလွန်အရေးကြီးပါတယ်။

■ ဘာကြောင့်လဲဆိုတော့ ဆဲလ်တွေကို ဘယ်အရာတွေက ပိုမြန်မြန်နုပျိုစေသလဲ၊ ဘယ်အရာတွေက အဲဒီဖြစ်စဉ်ကို နှေးကွေးစေသလဲဆိုတာကို အသေးစိတ်လေ့လာနိုင်လို့ပါပဲ။

■ ဒါဆို လူသားတွေကို တကယ်အသက်ပြန်ငယ်အောင် လုပ်နိုင်ပြီလား။

■ ဒီနေရာမှာ သတိပြုဖို့ အရေးကြီးတာတစ်ခုရှိပါတယ်။

■ ဒီသုတေသနဟာ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို အသက် ၈၀ ကနေ အသက် ၂၀ ပြန်ဖြစ်အောင် လုပ်နိုင်ပြီလို့ ဆိုလိုတာ မဟုတ်ပါဘူး။

■ လက်ရှိအောင်မြင်မှုဟာ ဓာတ်ခွဲခန်းအတွင်း လူ့ဆဲလ်တွေရဲ့ မော်လီကျူးဆိုင်ရာ အိုမင်းမှုလက္ခဏာတွေကို ပြန်လည်နုပျိုစေနိုင်ခဲ့တာ ဖြစ်ပါတယ်။

■ လူသားတွေမှာ တကယ်အသုံးပြုနိုင်မယ့် ကုသမှုတစ်ခုဖြစ်လာဖို့ ဘေးကင်းမှု၊ ထိရောက်မှုနဲ့ ရေရှည်အကျိုးသက်ရောက်မှုတွေကို ဆက်လက်သုတေသနပြုဖို့ လိုအပ်နေပါသေးတယ်။

Source-SciTechDaily