#World_Health
Published 11 October 2026
■ သုတေသနအသစ်တွေအရ အာရုံစူးစိုက်မှုနဲ့ မှတ်ဉာဏ်ကောင်းမွန်ဖို့ ရေပန်းစားနေတဲ့ ဖြည့်စွက်စာ ပါဝင်ပစ္စည်းတစ်ခုဟာ ထင်မှတ်မထားတဲ့ ဘေးထွက်ဆိုးကျိုး ရှိနေနိုင်တယ်လို့ ဆိုပါတယ်။
■ သွေးထဲမှာ အဲဒီဓာတ်မြင့်မားစွာ ပါဝင်တဲ့ အမျိုးသားတွေဟာ အသက်တိုလေ့ရှိပြီး အမျိုးသမီးတွေမှာတော့ အဲဒီလို သက်ရောက်မှုမျိုး မတွေ့ရပါဘူး။
■ ဟောင်ကောင်တက္ကသိုလ်နဲ့ ဂျော်ဂျီယာတက္ကသိုလ်က သုတေသီတွေဟာ ဗြိတိန် ရဲ့ လူပေါင်း ၂၇၀,၀၀၀ ကျော်ရဲ့ ကျန်းမာရေးနဲ့ မျိုးဗီဇအချက်အလက်တွေကို လေ့လာစစ်ဆေးခဲ့တာဖြစ်ပါတယ်။ သုတေသီတွေက Phenylalanine နဲ့ Tyrosine ဆိုတဲ့ အမိုင်နိုအက်ဆစ်နှစ်မျိုးဟာ အိုမင်းရင့်ရော်မှုမှာ ပါဝင်ပတ်သက်နေသလားဆိုတာကို အဓိကထား လေ့လာခဲ့ကြတာပါ။
■ ဒီအမိုင်နိုအက်ဆစ် နှစ်မျိုးလုံးဟာ ပရိုတင်းဓာတ် ကြွယ်ဝတဲ့ အစားအစာတွေနဲ့ အာဟာရဖြည့်စွက်စာတွေမှာ သဘာဝအတိုင်း ပါဝင်လေ့ရှိပါတယ်။ အထူးသဖြင့် Tyrosine ဓာတ်ဟာ စိတ်ခံစားမှု၊ အာရုံစူးစိုက်မှုနဲ့ စိတ်ဖိစီးမှု တုံ့ပြန်မှုတွေမှာ ပါဝင်တဲ့ ဦးနှောက်ဓာတုဓာတ်ပေါင်း တွေကို ခန္ဓာကိုယ်က ထုတ်လုပ်ပေးရာမှာ ကူညီပေးပါတယ်။
■ သုတေသီတွေက သွေးထဲမှာရှိတဲ့ Tyrosine ပမာဏမြင့်မားတဲ့ အမျိုးသားတွေဟာ အသက်တိုနိုင်ခြေ ပိုများပြီး သက်တမ်း ၁ နှစ်နီးပါး လျော့နည်းသွားနိုင်ကြောင်း တွေ့ရှိခဲ့ရပါတယ်။ ဒါပေမဲ့ အမျိုးသမီးတွေမှာတော့ အဲဒီလို ချိတ်ဆက်မှုမျိုး မတွေ့ရပါဘူး။
■ သွေးထဲမှာ Tyrosine ပမာဏ များလွန်းရင် ခန္ဓာကိုယ်ရဲ့ အင်ဆူလင် တုံ့ပြန်နိုင်စွမ်း ကို အနှောင့်အယှက် ဖြစ်စေနိုင်တာကြောင့်လို့ သုတေသီတွေက ယူဆကြပါတယ်။ အင်ဆူလင် မတုံ့ပြန်နိုင်တာဟာ သွေးချို/ဆီးချို၊ နှလုံးနဲ့ သွေးကြောဆိုင်ရာ ရောဂါတွေ၊ ဦးနှောက်နဲ့ အာရုံကြော ဆုတ်ယုတ်တဲ့ ရောဂါတွေ စတဲ့ သက်တမ်းတိုစေမယ့် ကျန်းမာရေးပြဿနာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။
■ ဒါ့ပြင် Tyrosine က ထုတ်လုပ်ပေးတဲ့ ဦးနှောက်ဓာတုဓာတ်ပေါင်းတွေဟာ အမျိုးသားနဲ့ အမျိုးသမီးကြား ကွဲပြားမှုရှိတာကြောင့်လည်း အမျိုးသားတွေမှာပဲ သက်တမ်းတိုတဲ့ အကျိုးဆက် ပေါ်ထွက်လာရတာ ဖြစ်နိုင်တယ်လို့ သုတေသီတွေက ခန့်မှန်းထားကြပါတယ်။
Source- New York Post