#World_Health
Published 02 October 2026

■ သုတေသီတွေဟာ အိန္ဒိယ နိုင်ငံ အာသံပြည်နယ်၊ ဂူဝါဟာတီ မြို့အနီးမှာ Ophiorrhiza assamensis လို့ အမည်ပေးထားတဲ့ ပန်းပွင့်အပင်အမျိုးအစားသစ်တစ်ခုကို လေ့လာတွေ့ရှိခဲ့ကြပါတယ်။

■ ဒီအပင်ဟာ ကင်ဆာရောဂါ ကုသရာမှာသုံးတဲ့ Camptothecin ဒြပ်ပေါင်းကို ထုတ်လုပ်ပေးနိုင်တဲ့ မျိုးစု ထဲမှာ ပါဝင်ပါတယ်။အလွန်ရှားပါးပြီး ကွယ်ပျောက်သွားနိုင်ခြေရှိတဲ့ ဒီအပင်ငယ်လေးကို အမြန်ဆုံး ကာကွယ်စောင့်ရှောက်ဖို့နဲ့ ထပ်မံလေ့လာမှုတွေ ပြုလုပ်သွားဖို့ လိုအပ်နေပါတယ်။

■ Girijananda Chowdhury တက္ကသိုလ်ရဲ့ သုတေသီ Birina Bhuyan နဲ့ ဂူဝါဟာတီအခြေစိုက် ရုက္ခဗေဒပညာရှင် Selim Mehmud တို့က ပူးပေါင်းဖော်ထုတ်ခဲ့ကြတာဖြစ်ပြီး သူတို့ရဲ့ လေ့လာတွေ့ရှိချက်ကိုတော့ Phytotaxa ဆိုတဲ့ အပြည်ပြည်ဆိုင်ရာ ရုက္ခဗေဒ ဂျာနယ်မှာ တရားဝင် ဖော်ပြခဲ့ပါတယ်။

■ ဒီအပင်ဟာ နှစ်ရှည်ခံ အပင်ငယ်အမျိုးအစားဖြစ်ပြီး သစ်ရွက်ကြီးကြီး၊ အကြောအပြိုင်တွေပါကာ အဖြူရောင် ပန်းပွင့်သေးသေးလေးတွေ စုပြုံပွင့်လေ့ရှိပါတယ်။ စိုစွတ်ပြီး အရိပ်ရတဲ့ နေရာတစ်ခုမှာ ပေါက်ရောက်နေတာကို သုတေသီတွေ တွေ့ခဲ့ကြတာပါ။ သူက ကော်ဖီပင်တို့ပါဝင်တဲ့ Rubiaceae မျိုးရင်းထဲက Ophiorrhiza မျိုးစုမှာ ပါဝင်ပါတယ်။

■ ဒီအပင်မျိုးစုဟာ ဘာလို့ အရေးပါတာလဲ

■ Ophiorrhiza ဆိုတဲ့ အပင်မျိုးစုဟာ ရုက္ခဗေဒ စာရင်းထဲမှာ နာမည်တစ်ခု တိုးလာတာထက် ပိုမိုအရေးပါပါတယ်။ ဘာလို့လဲဆိုတော့ ဒီမျိုးစုထဲမှာပါတဲ့ အပင်တွေဟာ အူမကြီး ကင်ဆာ အပါအဝင် ခေတ်သစ် ကင်ဆာဆေးဝါးအများအပြား ထုတ်လုပ်ရာမှာ မရှိမဖြစ်လိုအပ်တဲ့ Camptothecin ဆိုတဲ့ ဒြပ်ပေါင်းကို ထုတ်လုပ်ပေးနိုင်လို့ပဲ ဖြစ်ပါတယ်။

■ ဒါကြောင့် ဒီလို အပင်မျိုးသစ်တစ်မျိုးကို တွေ့ရှိတာဟာ ရုက္ခဗေဒပညာရှင်တွေတင်မကဘဲ ဆေးဝါးထုတ်လုပ်ရေးလောကအတွက်ပါ အလွန်စိတ်ဝင်စားဖို့ကောင်းတဲ့ သတင်းဖြစ်ပါတယ်။
ရင်ခုန်စရာကောင်းတဲ့ ဒီတွေ့ရှိမှုနဲ့အတူ စိုးရိမ်စရာတစ်ခုလည်း ရှိနေပါတယ်။

■ လက်ရှိမှာ Ophiorrhiza assamensis ကို စတာဂွန် လမ်းဘေးအနီးက နေရာသေးသေးလေးတစ်ခုမှာပဲ တွေ့ရှိထားရသေးတာပါ။ ဒါဟာ ကမ္ဘာပေါ်မှာ ဒီအပင်ရှိတဲ့ တစ်ခုတည်းသော စိုက်ပျိုးပေါက်ရောက်ရာ နေရာလည်း ဖြစ်နေနိုင်ပါတယ်။

■ ဒီလို နေရာကျဉ်းကျဉ်းလေးမှာပဲ တွေ့ရတာမို့ လမ်းချဲ့ထွင်တာ၊ မြေနေရာ အသုံးပြုမှု ပြောင်းလဲလိုက်တာ ဒါမှမဟုတ် သစ်တောပြုန်းတီးတာမျိုးတွေ ဖြစ်လာရင် သုတေသီတွေ အသေးစိတ် မလေ့လာရသေးခင်မှာပဲ ဒီအပင်မျိုးစိတ်တစ်ခုလုံး ပျောက်ကွယ်သွားနိုင်ခြေ ရှိနေပါတယ်။

■ ဒါကြောင့် သုတေသီတွေ က ဒီအပင်ကို IUCN Guidelines ရဲ့ စာရင်းအရ "အချက်အလက် မပြည့်စုံသေးတဲ့ အပင်အဖြစ် ယာယီသတ်မှတ်ထားဖို့ အကြံပြုထားပါတယ်။

■ ဒီလိုသတ်မှတ်ထားခြင်းအားဖြင့် အပင်ရဲ့ အခြေအနေကို အမြဲတမ်း စောင့်ကြည့်သွားနိုင်မှာဖြစ်ပြီး အနာဂတ်မှာ ပိုမိုအသေးစိတ်ကျတဲ့ လေ့လာမှုတွေကိုလည်း ဆက်လက်ပြုလုပ်သွားနိုင်မှာ ဖြစ်ပါတယ်။

Source:WION