#World_Health
Published 02 October 2026
■ ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံတိုင်းက ရိုးရာ ယဉ်ကျေးမှုတိုင်း အလိုလိုမှာ အချဉ်ဖောက်ထားတဲ့ အစားအစာတွေ ကိုယ်စီရှိကြပါတယ်။
■ ဒိန်ချဉ်၊ မုန်လာချဉ် ၊ ကင်မ်ချီ၊ ကက်ဖီးယား စတဲ့ အစားအစာတွေကို အဏုဇီဝသက်ရှိလေးတွေ နဲ့ ပြုပြင်ဖန်တီးထားတာပါ။
■ ရေခဲသေတ္တာတွေ မပေါ်ခင် ခေတ်အဆက်ဆက်ကတည်းက အစားအစာတွေကို တာရှည်ခံအောင်နဲ့ ထူးခြားတဲ့ အရသာ၊ အထိအတွေ့တွေ ရရှိအောင် အချဉ်ဖောက်တဲ့နည်းကို သုံးခဲ့ကြတာ ဖြစ်ပါတယ်။
■ ဒါပေမဲ့ ဒီဘက်ခေတ်မှာတော့ အချဉ်ဖောက်ထားတဲ့ အစားအစာတွေရဲ့ အာဟာရဆိုင်ရာ ကောင်းကျိုးတွေကို သုတေသနတွေက ပိုမိုဖော်ထုတ်လာနိုင်တာကြောင့် ပြန်လည်ရေပန်းစားလာခဲ့ပါတယ်။
■ အချဉ်ဖောက်ထားတဲ့ အစားအစာတွေကို စားပေးတာဟာ ခန္ဓာကိုယ်ထဲက ရောင်ရမ်းမှုတွေကို လျှော့ချပေးနိုင်တယ်၊ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်တယ်၊ အူလမ်းကြောင်းထဲမှာရှိတဲ့ အကျိုးပြုဘက်တီးရီးယား အမျိုးအစားစုံလင်မှုကို တိုးတက်စေတာမို့ နာတာရှည်ရောဂါ ဖြစ်ပွားနိုင်ခြေကိုလည်း လျှော့ချပေးနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက တွေ့ရှိထားကြပါတယ်။
■ ဒါဟာ အချဉ်ဖောက်ထားတဲ့ အစားအစာတွေမှာ ကျန်းမာရေးအတွက် အလွန်ကောင်းမွန်တဲ့ ပရိုဘိုင်အိုတစ် (Probiotics) လို့ခေါ်တဲ့ အကျိုးပြုဘက်တီးရီးယားလေးတွေ ကြွယ်ဝစွာ ပါဝင်နေလို့ပါပဲ။
■ ဒီအကျိုးပြုဘက်တီးရီးယားလေးတွေက မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင် K နဲ့ B တို့ကို ထုတ်လုပ်ပေးသလို၊ ကျန်းမာရေးကို အထောက်အကူပြုတဲ့ အဆီအက်ဆစ်တို တွေကိုလည်း ဖြစ်ပေါ်စေပါတယ်။
■ ဒါ့ပြင် သံဓာတ်၊ ဇင့် နဲ့ အခြားသတ္တုဓာတ်တွေကို ခန္ဓာကိုယ်က ပိုမိုစုပ်ယူရလွယ်ကူအောင် ကူညီပေးပြီး အစားအစာတွေကိုလည်း အစာကြေလွယ်စေပါတယ်။
■ တကယ်လို့ သင်ကအချဉ်ဖောက်ထားတဲ့ အစားအစာတွေကို ပုံမှန်မစားဖြစ်ဘူးဆိုရင်တော့ အစာအာဟာရ တန်ဖိုးအမျိုးမျိုး ရရှိနိုင်ဖို့အတွက် အမျိုးအစားစုံစုံလင်လင် ပုံမှန်စားပေးဖို့ စဉ်းစားသင့်ပါတယ်။
■ အချဉ်ဖောက်ထားတဲ့ အစားအစာဆိုတာ ဘာလဲ။
■ ၂၀၂၁ ခုနှစ်မှာ သိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့က အချဉ်ဖောက်ထားတဲ့ အစားအစာဆိုတာကို "အဏုဇီဝသက်ရှိတွေရဲ့ ပွားများမှုနဲ့ အင်ဇိုင်းတွေရဲ့ ပြောင်းလဲပေးမှုကြောင့် ဖြစ်ပေါ်လာတဲ့ အစားအစာများ" လို့ အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပါတယ်။
■ ဒီအဓိပ္ပာယ်ဖွင့်ဆိုချက်က စနစ်တကျ ထိန်းချုပ်ပြီး အကျိုးပြုအောင် ဖန်တီးထားတဲ့ အချဉ်ဖောက်အစားအစာတွေနဲ့ မတော်တဆ ပုပ်သိုးသွားတဲ့ အစားအစာတွေကို ကွဲကွဲပြားပြား သိရှိစေပါတယ်။
■ ကမ္ဘာပေါ်မှာ နို့ထွက်ပစ္စည်း၊ ပဲ၊ ဟင်းသီးဟင်းရွက်၊ ဝိုင်၊ ဆိုဒါ နဲ့ ဘီယာ စတဲ့ အချဉ်ဖောက်ထားတဲ့ အစားအစာပေါင်း သောင်းနဲ့ချီ ရှိပါတယ်။ အနောက်နိုင်ငံတွေမှာတော့ ဒိန်ချဉ်၊ ကွန်ဘူချာ နဲ့ ကက်ဖီးယား စတဲ့ အသက်ရှိ အကျိုးပြုဘက်တီးရီးယားတွေ ပါဝင်တဲ့ အစားအစာတွေကို အများဆုံး စားသုံးကြပါတယ်။
■ ဥပမာ ဒိန်ချဉ်ဆိုရင် နို့ကို အပူပေးပြီး Lactobacillus bulgaricus နဲ့ Streptococcus thermophilus စတဲ့ ဘက်တီးရီးယားလေးတွေ ထည့်ပေးလိုက်တာပါ။
■ အဲဒီ ဘက်တီးရီးယားလေးတွေက နို့ထဲမှာပါတဲ့ လက်တို့စ် (Lactose) ကို လက်တစ်အက်ဆစ် (Lactic acid) အဖြစ် ပြောင်းလဲပေးလိုက်တာမို့ အနှစ်ပျစ်ပျစ်နဲ့ ချဉ်ဖြုတ်ဖြုတ် အရသာလေး ဖြစ်လာတာပါ။
■ ဒီလိုအချဉ်ဖောက်ထားတဲ့ အစားအစာတွေကို စားသုံးတဲ့အခါ အထဲမှာပါတဲ့ ဘက်တီးရီးယားတွေဟာ အစာခြေစနစ်ကိုလွန်မြောက်ပြီး အူသိမ်၊ အူမကြီးတွေထဲအထိ ရောက်ရှိသွားနိုင်တယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။
■ အဲဒီနေရာရောက်ရင် သူတို့က အကျိုးပြုဓာတ်ပေါင်းတွေကို ထုတ်ပေးတာ၊ မကောင်းတဲ့ ဘက်တီးရီးယားတွေကို နှိမ်နင်းပေးတာနဲ့ အူလမ်းကြောင်း ကျန်းမာရေးကို မြှင့်တင်ပေးတာတွေကို လုပ်ဆောင်ပေးပါတယ်။
Source - TORONTO SUN