#World_Health
Published 20 October 2026
■ သုတေသနတွေအရ အသက်ကြီးလာခြင်းအပေါ် အကောင်းမြင်စိတ်ထားရှိသူတွေဟာ ကိုယ့်ကိုယ်ကို အသက်ငယ်သလို ခံစားရနိုင်ပြီး အသက်ပိုရှည်နိုင်ခြေလည်း ရှိပါတယ်။ ဒါဆို အသက်အရွယ်ကြောင့် ဖြစ်ပေါ်လာတဲ့ ခွဲခြားဆက်ဆံမှုကို ကိုယ့်ဘဝထဲမှာ ဘယ်လိုကျော်လွှားနိုင်မလဲ။
■ “အသက်အရွယ်အပေါ် ခွဲခြားဆက်ဆံမှုဟာ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုမြင်သလဲဆိုတာကို ပြောင်းလဲသွားစေနိုင်ပါတယ်” လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ အသက်အရွယ်အပေါ် ခွဲခြားဆက်ဆံမှုဆိုင်ရာ ကမ္ဘာလုံးဆိုင်ရာ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
■ အသက်အရွယ်ကို အခြေခံပြီး တခြားသူတွေအပေါ်ဖြစ်စေ၊ ကိုယ့်ကိုယ်ကိုယ်အပေါ်ဖြစ်စေ အန္တရာယ်ဖြစ်စေနိုင်တဲ့ အတွေးအခေါ်တွေ၊ ခံစားချက်တွေနဲ့ အပြုအမူတွေ ရှိနေခြင်းကို Ageism လို့ ခေါ်ပါတယ်။
■ ဒီလို ခွဲခြားဆက်ဆံမှုတွေကိုဖြေရှင်းဖို့ဟာ လူတိုင်းတန်းတူညီမျှစွာ နေထိုင်နိုင်တဲ့ လူ့အဖွဲ့အစည်းတစ်ခုတည်ဆောက်ဖို့အရေးကြီးပါတယ်။
■ ဒါ့အပြင် အသက်အရွယ်အပေါ် အဆိုးမြင်စိတ်ထားတွေကို ကျော်လွှားနိုင်ခြင်းက ကျန်းမာရေးအတွက်လည်း အကျိုးရှိနိုင်ပါတယ်။ သုတေသနတွေအရ အသက်ကြီးလာခြင်းကို အကောင်းမြင်တဲ့သူတွေဟာ ကိုယ့်ကိုယ်ကို အသက်ငယ်သလို ခံစားရနိုင်သလို အသက်ပိုရှည်နိုင်ခြေလည်း ရှိပါတယ်။
■ တကယ်တော့ အသက်အရွယ်ကြောင့် ခွဲခြားဆက်ဆံခံရတာဟာ အသက်ကြီးသူတွေအတွက်ပဲ မဟုတ်ပါဘူး။ ဥပမာ ၁၉၉၇ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အတွင်း မွေးဖွားသူတွေဖြစ်တဲ့ Gen Z လူငယ်တွေကိုလည်း အသက်ကြီးသူတချို့က “ပျင်းရိတယ်” လို့ သတ်မှတ်ပြောဆိုတာမျိုး ရှိပါတယ်။
■ ဒါပေမဲ့ Ageism ရဲ့ သက်ရောက်မှုကို အများဆုံးခံစားရတာကတော့ သက်ကြီးရွယ်အိုတွေ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအကြောင်းနဲ့ပတ်သက်တဲ့ သုတေသနအများစုဟာ အသက်ကြီးသူတွေကို အဓိကထား လေ့လာကြတာပါ။
■ ဗြိတိန်နိုင်ငံမှာ လူသုံးဦးမှာ တစ်ဦးခန့်ဟာ အသက်အရွယ်အပေါ် အခြေခံတဲ့ မလိုမုန်းထားမှု ဒါမှမဟုတ် ခွဲခြားဆက်ဆံမှုကို ကြုံတွေ့နေရပါတယ်။
■ အမေရိကန်နိုင်ငံမှာ အသက် ၅၀ ကနေ ၈၀ ကြား လူကြီး ၂,၀၀၀ ကို လေ့လာခဲ့တဲ့ သုတေသနတစ်ခုမှာလည်း ၉၃ ရာခိုင်နှုန်းဟာ နေ့စဉ်ဘဝမှာ အသက်အရွယ်ကြောင့် ခွဲခြားဆက်ဆံခံရမှု တစ်မျိုးမျိုးကို ကြုံတွေ့ခဲ့ရတယ်လို့ ဖြေဆိုခဲ့ကြပါတယ်။
■ အဲဒီထဲမှာ ကိုယ့်ကိုယ်ကိုယ် အသက်အရွယ်နဲ့ပတ်သက်တဲ့ အဆိုးမြင်အယူအဆတွေ ယုံကြည်လက်ခံမိခြင်းက အများဆုံးဖြစ်ပြီး အသက်အရွယ်အပေါ် ခွဲခြားဆက်ဆံတဲ့ အကြောင်းအရာတွေကို ထိတွေ့ရခြင်းက ဒုတိယအများဆုံး ဖြစ်ပါတယ်။
■ ကနေဒါနိုင်ငံ McMaster Institute for Research on Aging ရဲ့ သိပ္ပံဆိုင်ရာဒါရိုက်တာ Parminder Raina ကတော့ ဒီဖြစ်စဉ်ရဲ့ စိတ်ဝင်စားစရာအချက်တစ်ခုကို ထောက်ပြပါတယ်။
■ “အသက်အရွယ်ကြောင့် ခွဲခြားဆက်ဆံတဲ့သူဟာလည်း တစ်နေ့ကျရင် အသက်ကြီးလာမယ့်သူပါပဲ။ ဒါပေမဲ့လူတွေက ဒီကိစ္စဟာကိုယ်နဲ့လည်းသက်ဆိုင်တယ်ဆိုတာကို သတိမပြုမိကြပါဘူး” လို့ သူက ပြောပါတယ်။
■ ၂၀၃၀ ပြည့်နှစ်မှာ ကမ္ဘာ့လူဦးရေ ခြောက်ဦးမှာ တစ်ဦးဟာ အသက် ၆၀ နဲ့အထက် ဖြစ်လာမယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ခန့်မှန်းထားပါတယ်။
■ အသက်ကြီးလာခြင်းအပေါ် အဆိုးမြင်တဲ့အမြင်တွေဟာ ငယ်စဉ်ကတည်းက မိဘတွေ၊ မီဒီယာတွေ ဒါမှမဟုတ် ကိုယ်မှတ်မိထားတဲ့ အတွေ့အကြုံတွေကနေတစ်ဆင့် ကူးစက်လာတတ်ပါတယ်။ သုတေသနတချို့အရ ကလေးအသက် သုံးနှစ်ဝန်းကျင်ကတည်းက ဒီလိုအယူအဆတွေ စတင်ဖြစ်ပေါ်နိုင်ပါတယ်။
■ ဒါကြောင့် ကလေးတွေကို ငယ်ရွယ်စဉ်ကတည်းက အသက်ကြီးလာခြင်းအကြောင်း မှန်မှန်ကန်ကန် သင်ကြားပေးဖို့ လိုအပ်တယ်လို့ သုတေသီတချို့က အကြံပြုထားပါတယ်။ ဒီလိုသင်ကြားပေးခြင်းက လူ့ဘဝရဲ့ အဆင့်ဆင့်ပြောင်းလဲမှုကို နားလည်စေပြီး ကိုယ်တိုင်အသက်ကြီးလာတဲ့အခါ ကြုံတွေ့ရမယ့်အခြေအနေတွေအတွက်လည်း ကြိုတင်ပြင်ဆင်နိုင်စေပါတယ်။
■ “အသက်ကြီးလာခြင်းဟာ ပျက်စီးယိုယွင်းစေတဲ့ အင်အားတစ်ခု မဟုတ်ပါဘူး။ တကယ်တော့ ဒါဟာ ခေတ်မီပြည်သူ့ကျန်းမာရေးစနစ်ရဲ့ ထူးခြားတဲ့ အောင်မြင်မှုတစ်ခုပါပဲ။”
■ ကိုယ့်ယုံကြည်ချက်က ကိုယ့်ဘဝကို ပြန်လည်သက်ရောက်စေခြင်း
■ အသက်အရွယ်အပေါ် ခွဲခြားဆက်ဆံမှုကြောင့် သက်ကြီးရွယ်အိုတွေဟာ ကိုယ့်ကိုယ်ကိုယ် အဆိုးမြင်တဲ့ပုံစံနဲ့ စတင်မြင်လာနိုင်ပါတယ်။
■ ဥပမာ ကိုယ်တကယ်လုပ်နိုင်စွမ်းရှိနေပေမဲ့ “ငါက အသက်ကြီးနေပြီ၊ အသစ်တွေ သင်ယူဖို့ မဖြစ်နိုင်တော့ဘူး” လို့ တွေးလာနိုင်ပါတယ်။ ဒီလိုတွေးမိတဲ့အခါ အခွင့်အလမ်းသစ်တွေကို လက်လွှတ်လိုက်တာ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလျော့နည်းလာတာမျိုး ဖြစ်လာနိုင်ပါတယ်။
■ စိတ်ပညာမှာ ဒီဖြစ်စဉ်ကို Stereotype Embodiment Theory လို့ ခေါ်ပါတယ်။ ဆိုလိုတာက လူ့အဖွဲ့အစည်းထဲမှာ ရှိနေတဲ့ ပုံသေယူဆချက်တွေကို ကိုယ်တိုင်မသိလိုက်ဘဲ လက်ခံမိပြီး အဲဒီအယူအဆတွေက ကိုယ့်အပြုအမူနဲ့ ကျန်းမာရေးအပေါ် သက်ရောက်လာခြင်းပါပဲ။
■ တစ်နည်းအားဖြင့် ကိုယ်ယုံကြည်ထားတဲ့ အဆိုးမြင်အယူအဆက ကိုယ့်အတွက် တကယ်ဖြစ်လာအောင် တွန်းပို့နိုင်ပါတယ်။
■ ဒါကို Self-fulfilling Prophecy လို့ ခေါ်ပါတယ်။
■ ဥပမာ “အသက်ကြီးသူတွေက အလုပ်တစ်ခုကို ကောင်းကောင်းမလုပ်နိုင်ဘူး” လို့ ကိုယ်တိုင်ယုံကြည်ထားရင် အဲဒီအလုပ်ကို လုပ်တဲ့အခါ စိတ်မချမှုတွေ ဖြစ်လာပြီး ကိုယ့်စွမ်းဆောင်ရည်ပါ ကျဆင်းလာနိုင်ပါတယ်။
■ Stereotype Threat လို့ခေါ်တဲ့ ဖြစ်စဉ်ကလည်း ဒီနေရာမှာ အရေးကြီးပါတယ်။ လူတစ်ယောက်ကို အလုပ်တစ်ခု မလုပ်ခင် သူ့အသက်အရွယ်ကို အထူးသတိပေးလိုက်တဲ့အခါ အဲဒီလူဟာ အမှန်တကယ်လုပ်နိုင်စွမ်းရှိနေပေမဲ့ စွမ်းဆောင်ရည် ကျဆင်းသွားနိုင်ပါတယ်။
■ ဗြိတိန်နိုင်ငံ Kent တက္ကသိုလ်က လူမှုရေးနဲ့ အဖွဲ့အစည်းဆိုင်ရာ စိတ်ပညာသုတေသီ Hannah Swift ကတော့ ဒီလိုဖြစ်ရခြင်းရဲ့ အကြောင်းရင်းတစ်ခုဟာ စိုးရိမ်ပူပန်မှုကြောင့် ဖြစ်နိုင်တယ်လို့ ရှင်းပြပါတယ်။
■ “ကိုယ့်ထက် အသက်ငယ်တဲ့သူနဲ့ ယှဉ်ပြီး ကိုယ့်ကို အကဲဖြတ်တော့မယ်ဆိုရင် စိတ်ပူလာနိုင်ပါတယ်။ အဲဒီလို အကဲဖြတ်ခံရမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ အသက်အရွယ်အပေါ် ကပ်ငြိနေတဲ့ အဆိုးမြင်အယူအဆတွေကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လျော့နည်းသွားနိုင်ပါတယ်” လို့ သူက ဆိုပါတယ်။
■ အသက်ကြီးသူတွေအားလုံးဟာ အားနည်းပြီး သူတစ်ပါးအကူအညီလိုအပ်သူတွေ ဖြစ်တယ်ဆိုတဲ့ အယူအဆကလည်း မှားယွင်းနေတယ်လို့ Raina က ထောက်ပြပါတယ်။
■ တကယ်တော့ သက်ကြီးရွယ်အိုအများစုဟာ မိမိတို့နေထိုင်ရာ လူမှုအသိုင်းအဝိုင်းထဲမှာပဲ လွတ်လပ်စွာ နေထိုင်ကြပါတယ်။ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ကိုယ်တိုင်လုပ်ကိုင်ကြပြီး စေတနာ့ဝန်ထမ်းလုပ်ငန်းတွေ၊ လူမှုအသိုင်းအဝိုင်းအတွက် အကျိုးရှိတဲ့ လုပ်ဆောင်မှုတွေမှာလည်း ပါဝင်ကြပါတယ်။
■ သက်ကြီးရွယ်အိုတချို့မှာတော့ ရှုပ်ထွေးတဲ့ ကျန်းမာရေးပြဿနာတွေ ရှိနိုင်ပါတယ်။ ဒါပေမဲ့ ကျန်းမာသန်စွမ်းပြီး လုပ်ငန်းဆောင်တာတွေကို လွတ်လပ်စွာဆောင်ရွက်နိုင်တဲ့ သက်ကြီးရွယ်အိုတွေလည်း အများကြီးရှိနေပါတယ်။
■ အသက်ကြီးသူတွေကို အဆိုးမြင်တဲ့ပုံစံနဲ့ သတ်မှတ်ထားခြင်းဟာ လူ့အဖွဲ့အစည်းက ဖန်တီးထားတဲ့ အယူအဆတွေဖြစ်နိုင်ကြောင်းလည်း ဆောင်းပါးကထောက်ပြထားပါတယ်။
Source-Bbc