#World_Health
Published 02 November 2026
■ အသက်ကြီးလာတာနဲ့အမျှ ကျန်းမာရေးကောင်းကောင်းနဲ့ အသက်ရှည်ရှည်နေထိုင်နိုင်ဖို့ဆိုတာ အစားအသောက်နဲ့ နေထိုင်မှုပုံစံကို ဂရုစိုက်ဖို့လိုလာပါတယ်။
■ အဲဒီလိုကျန်းမာရေးကို အထောက်အကူပြုစေမယ့် အလေ့အကျင့်ကောင်းတွေထဲမှာ ညအိပ်ရာမဝင်ခင် နွားနို့တစ်ခွက်သောက်ပေးတာလည်းပါဝင်ပါတယ်။
■ ငယ်ငယ်တုန်းက အိပ်ရာမဝင်ခင် နွားနို့ပူပူလေး သောက်ခဲ့ဖူးကြမှာပါ။ အဲဒီအလေ့အကျင့်ဟာ ကလေးတွေအတွက်သာမက လူကြီးတွေအတွက်လည်း အာဟာရအကျိုးကျေးဇူးတွေ အများကြီးရှိတယ်လို့ အာဟာရပညာရှင် Danielle VenHuizen က ပြောပါတယ်။
■ ဒါဆို ညအိပ်ရာမဝင်ခင် နွားနို့တစ်ခွက် သောက်ပေးခြင်းက အသက်အရွယ်ကြီးလာတဲ့အခါ ကျန်းမာရေးကို ဘယ်လိုအထောက်အကူပြုနိုင်ပါသလဲ။
■ ■ ၁။ ကြွက်သားတွေ သန်မာနေစေဖို့ ပရိုတင်းဓာတ် ပေးစွမ်းတယ်
■ အသက်ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်ရဲ့ ကြွက်သားထုထည်ဟာ သဘာဝအတိုင်း တဖြည်းဖြည်း လျော့နည်းလာတတ်ပါတယ်။
■ ဒါကြောင့် အသက်ကြီးလာသူတွေအတွက် ပရိုတင်းဓာတ် လုံလောက်စွာ ရရှိဖို့ အရေးကြီးပါတယ်။
■ နွားနို့မှာ ခန္ဓာကိုယ်က အလွယ်တကူ စုပ်ယူအသုံးပြုနိုင်တဲ့ ပရိုတင်းဓာတ်တွေ ပါဝင်ပါတယ်။
■ ကြွက်သားသန်မာမှုကို ထိန်းသိမ်းဖို့ အထောက်အကူပြုပါတယ်။
■ အာဟာရပညာရှင် VenHuizen ရဲ့ ပြောကြားချက်အရ နွားနို့သောက်ခြင်းကို ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း၊ အထူးသဖြင့် အလေးမခြင်းလို ကြွက်သားအားဖြည့်လေ့ကျင့်ခန်းတွေနဲ့ တွဲလုပ်ပေးမယ်ဆိုရင် အသက်ကြီးလာချိန်မှာ ကြွက်သားဆုံးရှုံးမှုကို လျှော့ချနိုင်ပါတယ်။
■ ■ ၂။ အရိုးကျန်းမာရေးအတွက် ကယ်လ်စီယမ်ဓာတ် ကြွယ်ဝတယ်
■ အသက်ကြီးလာတဲ့အခါ ကြွက်သားတွေသာမက အရိုးတွေကိုလည်း အထူးဂရုစိုက်ဖို့ လိုပါတယ်။
■ နွားနို့ဟာ ကယ်လ်စီယမ်ဓာတ် ကြွယ်ဝတဲ့ အစားအစာတစ်မျိုးဖြစ်ပြီး အရိုးနဲ့ ကြွက်သားကျန်းမာရေးအတွက် အရေးပါပါတယ်။
■ နွားနို့တစ်ခွက်မှာ ကယ်လ်စီယမ် ၃၀၉ မီလီဂရမ်ခန့် ပါဝင်ပြီး တစ်နေ့တာလိုအပ်တဲ့ ကယ်လ်စီယမ်ပမာဏရဲ့ ၃၀ ရာခိုင်နှုန်းခန့် ရရှိနိုင်ပါတယ်။
■ ကယ်လ်စီယမ်ဓာတ် လုံလောက်စွာရရှိခြင်းက အရိုးတွေကို သန်မာစေပြီး အရိုးကျိုးနိုင်ခြေကို လျှော့ချရာမှာလည်း အထောက်အကူပြုပါတယ်။
■ အထူးသဖြင့် အသက်ကြီးလာသူတွေမှာ အရိုးကျိုးသွားရင် လှုပ်ရှားသွားလာနိုင်မှု လျော့နည်းလာတာ၊ ကိုယ်လက်မသန်စွမ်းဖြစ်လာတာနဲ့ နေ့စဉ်ဘဝမှာ သူတစ်ပါးအကူအညီ လိုအပ်လာတာမျိုးတွေ ဖြစ်နိုင်ပါတယ်။
■ ■ ၃။ ခန္ဓာကိုယ်ဆဲလ်တွေရဲ့ ကျန်းမာရေးကို အထောက်အကူပြုနိုင်တယ်
■ ခန္ဓာကိုယ်ထဲက ဆဲလ်လေးတွေ ကျန်းမာနေဖို့ဟာ အသက်အရွယ်ကြီးလာတဲ့အခါ အလွန်အရေးကြီးပါတယ်။
■ ဆဲလ်တွေ ပျက်စီးယိုယွင်းလာတာနဲ့အမျှ ရောင်ရမ်းမှုတွေ၊ အသက်အရွယ်နဲ့ဆက်စပ်တဲ့ ရောဂါတွေ ဖြစ်ပွားနိုင်ခြေ မြင့်တက်လာနိုင်ပါတယ်။
■ နွားနို့မှာပါတဲ့ အဆီပမာဏကလည်း ဆဲလ်တွေရဲ့ အိုမင်းမှုနဲ့ ဆက်စပ်မှုရှိနိုင်တယ်လို့ သုတေသနအချို့က ဖော်ပြထားပါတယ်။
■ ဒါကြောင့် အာဟာရပညာရှင် VenHuizen က နေ့စဉ် နွားနို့သောက်လေ့ရှိသူတွေအတွက် အဆီပါဝင်မှု ၁ ရာခိုင်နှုန်း ဒါမှမဟုတ် ၂ ရာခိုင်နှုန်းရှိတဲ့ နွားနို့ကို ရွေးချယ်သောက်သုံးဖို့ အကြံပြုထားပါတယ်။
■ ■ ၄။ ဦးနှောက်နဲ့ မှတ်ဉာဏ်ကျန်းမာရေးကို အထောက်အကူပြုနိုင်တယ်
■ အသက်ကြီးလာတာနဲ့အမျှ မှတ်ဉာဏ်နဲ့ ဦးနှောက်ကျန်းမာရေးကိုလည်း ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။
■ နွားနို့မှာ ဗီတာမင်၊ သတ္တုဓာတ်နဲ့ Antioxidants လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်တာကြောင့် အာဟာရပြည့်ဝတဲ့ အစားအစာတစ်မျိုး ဖြစ်ပါတယ်။
■ သုတေသနအချို့အရ နို့ထွက်ပစ္စည်းတွေကို သင့်တင့်မျှတစွာ စားသုံးခြင်းဟာ အသက်ကြီးသူတွေရဲ့ ဦးနှောက်နဲ့ မှတ်ဉာဏ်ကျန်းမာရေးကို အထောက်အကူပြုနိုင်ပါတယ်။
■ ညဘက်မှာ နွားနို့တစ်ခွက် သောက်ရင်း အာဟာရပိုမိုပြည့်ဝစေချင်တယ်ဆိုရင် ဘယ်ရီသီး၊ အခွံမာသီးနဲ့ အစေ့အဆန်ပါဝင်တဲ့ မုန့်ကြမ်းလေးတွေနဲ့ တွဲစားနိုင်ပါတယ်။
■ ■ ၅။ ညဘက် ကောင်းကောင်းအိပ်ပျော်စေဖို့ ကူညီနိုင်တယ်
■ နွားနို့ပူပူလေး သောက်ရင် အိပ်ပျော်လွယ်တယ်ဆိုတဲ့ အယူအဆကို လူအများ သိကြပါတယ်။
ဒါဟာ ရိုးရာယုံကြည်မှုသက်သက်တော့ မဟုတ်ပါဘူး။
■ နွားနို့မှာပါတဲ့ ကယ်လ်စီယမ်နဲ့ မဂ္ဂနီဆီယမ်ဓာတ်တွေဟာ ခန္ဓာကိုယ်ကို ပြေလျော့စေပြီး အိပ်စက်မှုကို အထောက်အကူပြုနိုင်ပါတယ်။
■ သုတေသနအချို့အရ နို့သောက်ခြင်းဟာ အိပ်ချိန်ကြာမြင့်မှုနဲ့ အိပ်စက်မှုအရည်အသွေးကို တိုးတက်စေနိုင်ပါတယ်။
■ အိပ်ရေးဝဝ အိပ်စက်ခြင်းဟာ ဦးနှောက်ကျန်းမာရေး၊ နှလုံးကျန်းမာရေးနဲ့ သွေးတွင်းသကြားဓာတ် ထိန်းညှိမှုတို့အတွက်အရေးကြီးပါတယ်။
■ ဒါကြောင့် ညဘက် အိပ်ရေးဝဝ အိပ်နိုင်ခြင်းကလည်း အသက်ကြီးလာတဲ့အခါ ကျန်းမာရေးကောင်းမွန်နေဖို့ အထောက်အကူပြုတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။
■ နွားနို့တစ်ခွက် သောက်ရုံနဲ့ကျန်းမာစွာအသက်ကြီးလာနိုင်တာတော့ မဟုတ်ပါဘူး။ နေ့စဉ်နေထိုင်မှုပုံစံတစ်ခုလုံးကိုလည်း ဂရုစိုက်ဖို့လိုပါတယ်။
■ အသက်အရွယ်ကြီးလာတဲ့အခါ ကျန်းမာရေးကောင်းမွန်စွာနဲ့ အသက်ရှည်ရှည်နေထိုင်နိုင်ဖို့ဆိုတာ ငယ်ရွယ်စဉ်ကတည်းက အလေ့အကျင့်ကောင်းတွေ မွေးမြူထားဖို့ လိုအပ်ပါတယ်။
■ ညအိပ်ရာမဝင်ခင် နွားနို့တစ်ခွက် သောက်ပေးခြင်းဟာ ပရိုတင်းနဲ့ ကယ်လ်စီယမ်ဓာတ်တွေ ရရှိစေပြီး ကြွက်သား၊ အရိုး၊ ဦးနှောက်နဲ့ အိပ်စက်မှုကျန်းမာရေးတို့ကို အထောက်အကူပြုနိုင်တဲ့ ရိုးရှင်းတဲ့ အလေ့အကျင့်ကောင်းတစ်ခုပါ။
■ ဒါပေမဲ့ နွားနို့သောက်ရုံနဲ့ အသက်အရွယ်ကြီးလာမှုကို တားဆီးနိုင်တာ မဟုတ်ပါဘူး။ အာဟာရမျှတစွာ စားသောက်ခြင်း၊ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း၊ အိပ်ရေးဝဝ အိပ်ခြင်းနဲ့ လူမှုဆက်ဆံရေးကောင်းမွန်ခြင်းတို့ကိုပါ ပေါင်းစပ်လုပ်ဆောင်ဖို့ လိုပါတယ်။
Source-EatingWell