၂၁ စက်တင်ဘာ ၂၀၂၄

Stuxnet စတပ်နက်သည် သမားရိုးကျမဟုတ်သည့် ဖျက်အားပြင်းဗိုင်းရပ်စ်တစ်မျိုးဖြစ်ပြီး အီရန်ကိုသာမက အခြားကမ္ဘာ့နိုင်ငံများကိုပါ ကူးစက်တိုက်ခိုက်ခဲ့သည့် ဆိုက်ဘာလက်နက်တစ်ခုဖြစ်ခဲ့

(စီအိုင်အေနှင့်မော့ဆက်ဟူသည့်အမေရိကန်နှင့်အစ္စရေးစပိုင်အဖွဲ့များပူးပေါင်းကာ စတပ်နက်အမည်ရ ဖျက်အားပြင်းဗိုင်းရပ်စ်တစ်ခုဖန်တီး၍ ဆိုက်ဘာလက်နက်အဖြစ်အသုံးချခဲ့ပုံကို သတင်းစာဆရာ ဆာမီယန် မစ်ဟရာ Samiran Mishraက အိန္ဒိယသတင်းမီဒီယာ NDTV  တွင် စုံစမ်းထောက်လှမ်း   သတင်း Investigative Report ရေးသားထားသည်မှာ စိတ်ဝင်စားဖွယ်ကောင်းသဖြင့် YMG က မြန်မာဘာသာသို့ပြန်ဆို ဖော်ပြပေးပါသည်။ အယ်ဒီတာ )

 

၂၀၀၉ ခုနှစ် ဇွန်လ..။

တီဟီရန်၏ လမ်းမများတွင် သမ္မတရွေးကောက်ပွဲရလဒ်အပေါ် ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့သည်။ လက်ရှိသမ္မတ မာမွတ်အာမက်ဒိုင်ဂျက်သည် မီယာဟိုစိန် မောဆာဗီအပေါ် အပြတ်အသတ်အနိုင်ယူကာ အောင်ပွဲခံခဲ့သည်။  ဆန္ဒပြသူတွေက ရွေးကောက်ပွဲသည် အလိမ်အညာဟု စွပ်စွဲသည်။  ဆန္ဒပြသူများထဲ  မှ နီဒါအက်ဟာဆိုတန်ဆိုသူ အမျိုးသမီးတစ်ဦးသည် အဓိကဆန္ဒပြပွဲကြီးများတွင် ပါဝင်ရန်အတွက် သူမ၏ ကားကို စုရုံးနေသည့်နေရာနှင့် မနီးမဝေးတစ်နေရာတွင် ရပ်လိုက်သည်။  ကား၏ လေအေးပေး စက်က အလုပ်မလုပ်သဖြင့် သူမက ကားထဲမှ ထွက်လိုက်သည်။ သူမက လတ်ဆတ်သောလေကို တစ်ဝကြီးရှုလိုက်သည်။ ထိုအချိန်တွင် အစိုးရက ငွေကြေးထောက်ပံ့ပေးထားသည့် စစ်ဝန်ထမ်းအဖွဲ့ဝင်တစ်ဦးက စနိုက်ပါဖြင့် သူမ၏ ရင်ညွန့်ကို ချိန်ကာပစ်ချလိုက်သည်။ သူမသေဆုံးခဲ့ရပြီ။

ယခုအဖြစ်အပျက် တီဟီရန်တွင်ဖြစ်နေစဉ်တွင် တီဟီရန်နှင့် ၃၀၀ ကီလိုမီတာ ခန့်ဝေးသည့် တောင်ဘက် အရပ်တွင် နာတန်နျူကလီးယားအဆောက်အဦတွင်လည်း ထူးဆန်းသော အဖြစ်အပျက်များ ဖြစ်နေ သည်။နာတန်သည် အီရန် နျူကလီးယားအစီအစဉ်၏ ဗဟိုချက်မဖြစ်သည်။

နီဒါသေဆုံးပြီး ရက်အနည်းငယ်အကြာတွင်  စီအိုင်အေသည် အဆိုပါနျူကလီးယားအဆောက်အဦအား ဆိုက်ဘာစစ်ဆင်ရေးတစ်ခု ဦးစီးလုပ်ဆောင်ဖို့ အတည်ပြုချက်တစ်ခုရရှိခဲ့သည်။ ထိုစစ်ဆင်ရေးတွင် Stuxnet စတပ်နက် ဟုအမည်ရသည့် ဗိုင်းရပ်စ်တွေကို အီရန်၏ ဟာ့ဒ်ဝဲအတွင်း ပို့လွှတ်ရန် ပါဝင်သည်။  စတပ်နက်ကို အမေရိကန်နှင့်အစ္စရေးတို့ ပူးပေါင်းပြီး ဖန်တီးထားခဲ့သည်မှာ နှစ်အနည်းငယ်ရှိခဲ့ပြီ။  ယင်းသည် ကမ္ဘာပေါ်တွင် ပထမဆုံးသော ဒစ်ဂျစ်တယ်လက်နက်လည်းဖြစ်သည်။

စတပ်နက်သည် အီရန်၏ နျူကလီးယားအခြေခံအဆောက်အအုံအတွင်း အသစ်ရောက်ရှိခြင်းမဟုတ်ပါ။ စတပ်နက်က ဖြတ်တ်တောက်မှုများစွာကို နှစ်ပေါင်းများစွာကတည်းက လုပ်ဆောင်ခဲ့ပြီးဖြစ်သည်။ သို့သော် ယခုဗားရှင်းအသစ်က အလွန်ပြင်းထန်စွာတိုက်ခိုက်နိုင်သည်။

စတပ်နက်ဖန်တီးတည်ဆောက်မှုနှင့် ဖြန့်ကျက်ရောက်ရှိမှုတို့က ခပ်စောစောနှစ်များကတည်းက ရှိနေခဲ့ပြီးဖြစ်သည်။ ၂၀၀၀ပြည့်လွန်နှစ်အစောပိုင်းကာလကတည်းက စတပ်နက်ကို ခြေရာခံမိခဲ့ကြသည်။

ထိုအချိန်သည် အီရန်တို့ အနောက်နိုင်ငံများအကြား အီရန်၏ ရည်ရွယ်ချက်ကြီးမားလှသည့် နျူကလီးယား အစီအစဉ်အပေါ် တင်းမာမှုများရှိနေခဲ့ကြသည့်အချိန်လည်းဖြစ်သည်။

ဘုရှ်အစိုးရသည်အီရန်က နျူကလီးယားလက်နက်များထုတ်လုပ်လာနိုင်မည်ကို စိတ်ပူနေသည်။ ထို့ကြောင့် အီရန်၏နျူကလီးယားအစီအစဉ်ကို ကြားဖြတ်ဟန့်တားနိုင်မည့် သမားရိုးကျမဟုတ်သော နည်းလမ်းတွေကို အမေရိကန်ကရှာဖွေနေသည်။

သိုနှင့်ပင်  အိုလံပစ်အားကစားပွဲ 'Olympic Games' ဟူသော သင်္ကေတအမည်ဖြင့်  လျို့ဝှက် စစ်ဆင်ရေး တစ်ခု မွေးဖွားလာတော့သည်။

ယင်းစစ်ဆင်ရေးကိုအမေရိကန်၏ စီအိုင်အေ၊အင်န်အက်စ်အေ NSA နှင့် အစ္စရေး၏ မောဆက်တို့ ပူးပေါင်း စတင်ခဲ့ကြသည်။သူတို့သည် ကနဦးအနေဖြင့် အီရန်၏ နျူကလီးယား သန့်စင်ရေးလုပ်ဆောင်နိုင်စွမ်း   တွေကို ဖြတ်တောက်ပစ်နိုင်မည့် နျူကလီးယားလက်နက်တစ်ခုကို ဖန်တီးကြဖို့ဖြစ်သည်။

စတပ်နက်သည် သာမာန်ဗိုင်းရပ်စ်တစ်ခုမဟုတ်။ ဆိုက်ဘာလက်နက်များနယ်ပယ်တွင် အလွန်ပင်   ဆန်းပြား ခေတ်မီလှသော ဗိုင်းရပ်စ်ပုံံစံတစ်ခုဖြစ်သည်။ စတပ်နက်က Siemens Step7 ဆော့ဖ်ဝဲကို ပစ်မှတ်ထားသည်။ Siemens Step7 သည် စက်ပစ္စည်းအစိတ်အပိုင်များကို ထိန်းချုပ်ရာတွင်သုံးလေ့ရှိ ပြီး အထူးသဖြင့် အီရန်၏ နာတန်ယူရေနီယမ်သန့်စင်ရေးစက်ရုံ၏ စက်ဒလက်များ centrifuges ကို အဓိက   ထားထိန်းချုပ် သည်။ အဆိုပါစက်ဒလက်များသည် ယူရေနီယမ်သန့်စင်ရေးတွင် မပါမဖြစ်အစိတ်အပိုင်း ဖြစ်ကာ မြန်နှုန်းမြင့်လည်ပတ်နေသည်။ ယင်းစက်ဒလက်များ မှန်မှန်ကန်ကန်အလုပ်လုပ်နိုင်ဖို့ အလွန် တိကျ သောထိန်းချုပ်မှုတွေလိုအပ်သည်။

အမေရိကန်က တင်နက်ဆီပြည်နယ်ရှိ အောက်ရစ်ချ်ဝင်းတွင် အီရန်၏နျူကလီးယားစက်ရုံ ပုံစံတူတစ်ခု တည်ဆောက်ခဲ့သည်။ ထိုပုံစံတူစက်ရုံတွင်  စက်ဒလက်များကို အသေးစိတ်လေ့လာသည်။ ထောက်    လှမ်းမသိရှိရဘဲ ထိုစက်ဒလက်များကို မည်သို့ဖျက်ဆီးပစ်ရမည်ကို နားလည်အောင် လုပ်သည်။

၂၀၀၇ခုနှစ်တွင် စတပ်နက်၏ ပထမဆုံးသောဗိုင်းရပ်ဗားရှင်းထွက်လာသည်။ ဗားများမှ ဖိအားများလျှော့ချ မှုကို တားဆီးခြင်းဖြင့် ထိုစက်ဒလက်များကို ပစ်မှတ်ထားလိုက်သည်။ ဖိအားလျှော့ချမှုပိတ်လိုက် ခြင်းကြောင့် ယူရေနီယမ်ဓာတ်ငွေ့များသည် ခဲသွားသည်။ ထိုအခါညစက်ဒလက်များ လည်ပတ်ရာတွင်  ထိန်းသိမ်းနိုင်စွမ်းမရှိတော့ဘဲ အကြီးအကျယ်ပျက်စီးသွားစေတော့သည်။

အီရန်၏နျူကလီယားစက်ရုံသည် air-gapped လေခံကွန်ယက်ဟုခေါ်သော ကွန်ယက်ပြင်ပအလုပ်လုပ်   သည့် အမျိုး အစား ဖြစ်သည်။ထို့ကြောင့် စတပ်နက်ကို USB drive ကိုသုံးပြီး  ထည့်သွင်းပေးဖို့လိုအပ်လာ    သည်။ ဗိုင်းရပ်စ်ကို ရှာမတွေ့နိုင်အောင် rootkit ဗိုင်းရပ်စ်တစ်မျိုးကို အသုံးပြုထားသည်။ rootkit က ခြေရာ ဖျောက်နိုင်သည့်အပြင် တရားဝင်အမိန့်ပေးသည့် ပုံစံဖြင့် ဒစ်ဂျစ်တယ်သက်သေခံလက်မှတ်တွေ   ကို ခိုးယူပေးနိုင်သည်။ အကျိုးသက်ရောက်မှုကောင်းသော်လည်း စတပ်နက်၏ ကနဦးဗားရှင်းသည် အီရန်   ၏ အစီအစဉ်ကို နှေးကွေး၍သာ သွားစေပြီး အလုံးစုံဖျက်ဆီးပစ်နိုင်စွမ်းမရှိခဲ့ပေ။

ယင်းကိုတုန့်ပြန်သည့်အနေဖြင့် အမေရိကန် သုတေသနပညာရှင်တွေက ပိုပြီးပြင်းထန်သည့် စတပ်နက် ဗားရှင်းအသစ်ကို ဖန်တီးကြသည်။သူတို့က zero-day ဟုခေါ်သည့် ဆိုက်ဘာ တိုက်ခိုက်ရေးဗက်တာကို လေးခုအသုံးပြုခဲ့ပြီး ဗားရှင်းအသစ်က အမိန့်ပေးနိုင်သည့် သီးသန့် သော့များ private keys ကိုခိုးယူ  နိုင်စွမ်းရှိလာသည်။ ပြီးတော့ ကူးစက်မှုကလည်း အလွန်လျင်မြန်လာသည်။ ယင်းက လေခံကွန်ယက်ကို     ပင် ခုန်ကျော်ကူးစက်နိုင်စွမ်းရှိသည်။ ဟာ့ဒ်ဝဲများ လုပ်ဆောင်မှုမှားယွင်းအောင် ဖျက်စီးစေနိုင်သလို စက်ဒလက်များ သူ့ဘာသာဖျက်ဆီးပစ်နိုင်မည့် ပရိုဂရမ်အသစ် ထုတ်လုပ်လာနိုင်သည်။

နာတန်တွင်ရှိသော သူတို့၏ အတွင်းလူတစ်ဦးက စတပ်နက်ဗားရှင်းအသစ်ကို စက်ထဲထည့်ပေးလိုက် သည်။ သို့ရာတွင် စတပ်နက်ဗားရှင်းအသစ်၏ ပြင်းထန်လှသော သဘာဝကြောင့် မရည်ရွယ်သော အကျိုး ဆက်တွေဆက်ဖြစ်လာသည်။ ဗိုင်းရပ်စ်က နာတန်တစ်ခုတည်းသာမကတော့ဘဲ အီရန်တစ်နိုင်ငံလုံးရှိ ကွန်ပျူတာများနှင့် နောက်ဆုံး ကမ္ဘာကြီးအတွင်းထိ ထိုးဖောက်ပျံ့နှံ့သွားသည်။

စတပ်နက်၏ ထိန်းချုပ်မရအောင်သောင်းကျန်းလှသော အမြန်နှုန်းကို စီအိုင်အေက သတိမူမိလိုက်သည်။ ထို့ကြောင့် စစ်ဆင်ရေးကို ဆက်လုပ်မည်ဟု စီအိုင်အေက ဆုံးဖြတ်လိုက်လေသည်။

သို့ရာတွင် ဆိုက်ဘာလုံခြုံရေးကုမ္ပဏီ Symantec က စတပ်နက်ကို ရှာဖွေတွေ့ရှိသွားပြီး ယင်းဗိုင်းရပ်စ် နှင့်ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို ဖွင့်ချလိုက်သည့်အခါ စီအိုင်အေ၏ မျှော်လင့် ထားသမျှတွေ မှေးမှိန်သွားရသည်။

အီရန်ကလည်း ဆိုင်ဘာတိုက်ခိုက်မှု၏ အတိုင်းအဆကို သိရှိသဘောပေါက်သွားကာ နျူကလီယား အစီ အစဉ်တွေကို ကာကွယ်ရမည့် နည်းလမ်းများကြံဆလာသည်။ စတပ်နက်ကြောင့် သူတို့အစီအစဉ် နောက် ပြန်ရောက်သွားသော်လည်း အီရန်က ယင်း၏ နျူကလီယားအစီအစဉ်ရည်မှန်းချက်ကြီးကို ဆက်လုပ်ဖို့ သန္နိဋ္ဌာန်ချလိုက်လေသည်။

စတပ်နက်တည်ရှိနေမှုနှင့်ပတ်သက်ပြီး ၂၀၁၀ ဇွန်လတွင် အစောဆုံးသဲလွန်စများထဲက တစ်ခုရခဲ့သည်။ ဘယ်လာရုစ် ဆိုက်ဘာလုံခြုံရေးကုမ္ပဏီတစ်ခုက အီရန်ကွန်ပျူတာတစ်လုံးတွင် တွေ့နေကျမဟုတ်သည့် ဗိုင်းရပ်စ်တစ်မျိုးရှာတွေ့ခဲ့ခြင်းဖြစ်သည်။ထို့နောက် ကမ္ဘာတစ်လွှားက ဆိုက်ဘာလုံခြုံရေးပညာရှင်များ သည် ယင်း၏ ကုတ်သင်္ကေတကို ခွဲခြမ်းစိတ်ဖြာလေ့လာမှုတွေလုပ်ခဲ့ကြသည်။ ယင်း၏ ရှုပ်ထွေးမှုနှင့် ရည်ရွယ်ချက်များကို ပညာရှင်များက မင်သက်အံ့ဩဖြစ်ခဲ့ကြရသည်။

အီရန်နျူကလီးယား အစီအစဉ်အပေါ် စတပ်နက်၏ အကျိုးသက်ရောက်မှုက သိသာလှသော်လည်း ချက်ခြင်းလက်ငင်းကြီး ကပ်သင့်ခဲ့ခြင်းမရှိခဲ့။

CIA Mossad2

၂၀၀၉ခုနှစ်အရောက်တွင် အီရန်သည် နာတန်သည် စက်ဒလက်ပေါင်း ၇၀၀၀ ကျော် တပ်ဆင်ပြီး ဖြစ်ခဲ့ သည်။ ထို့ကြောင့်  စက်ဒလက် ၁၀၀၀ခန့်သာ စတပ်နက်ကြောင့် ပျက်စီးခဲ့ရသည်။ ယင်းကြောင့် အီရန်  သည် ယင်း၏ သန့်စင်ရေးလုပ်ငန်းများ ခေတ္တရပ်တန့်ခဲ့ပြီး ပျက်စီးသွားသော ကိရိယာများကို အသစ် လဲလှယ်တပ်ဆင်ခဲ့သည်။အီရန်၏ကြိုးပမ်းမှုများက လပေါင်းများစွာမှသည် နှစ်ချီသည်အထိတော့ နှောင့် နှေးသွားသည်။

အီရန်အစိုးရသည် စက်ဒလက်များပျက်စီးရခြင်း အကြောင်းရင်းကို သိရှိသွားပြီးနောက်  ဆိုက်ဘာ ကျူးကျော်မှုအန္တရာယ်ကို သဘောပေါက်လက်ခံလာသည်။ အများအမြင်တွင်တော့ စတပ်နက်၏ အကျိုး သက်ရောက်မှုကို မဖြစ်စလောက်ဟု အီရန်က လျှော့ပြောနေသော်လည်း အတွင်းထဲတွင်မူ အီရန်သည် ဆိုက်ဘာလုံခြုံရေးနှင့် ဆိုက်ဘာထိုးစစ်များတွင် ရင်နှီးမြှပ်နှံမှုများ ပုံအောလုပ်လာသည်။

ယင်းနောက်ပိုင်းနှစ်များတွင် အီရန်နျူကလီးယားသိပ္ပံပညာရှင်များကို ပစ်မှတ်ထားလုပ်ကြံသတ်ဖြတ်မှု များဖြစ်ခဲ့ကာ ယင်းက သူတို့၏ နျူကလီးယားအစီအစဉ်ကို အကြီးအကျယ်ထိခိုက်စေခဲ့သည်။ ကားဗုံးခွဲ ခြင်းများနှင့် အခြားသော တိုက်ခိုက်မှုများဖြင့် ခေါင်းဆောင်အများအပြားကို သုတ်သင်ခဲ့သည်။ ယင်းလုပ်ကြံခံရသူများထဲတွင် နာတန်စက်ရုံညွှန်ကြားရေးမှူးတစ်ဦးလည်းပါသွားသည်။

စတပ်နက်သည်  အီရန်တစ်နိုင်ငံတည်းမှာပဲ သူ့ကိုယ်သူ ထိန်းသိမ်းထားနိုင်မှုမရှိခဲ့ပါ။ စတပ်နက်သည် အိန္ဒိယ၊အင်ဒိုနီးရှား၊ပါကစ္စတန်အပါအဝင် အခြားသော နိုင်ငံများသို့ပါ ကူးစက်ပျံ့နှံ့သွားကာ ကမ္ဘာ  တစ်လွှားရှိ စက်မှုစနစ်ကြီးအပေါ် အကျိုးသက်ရောက်သွားခဲ့သည်။ သတင်းများအရ ကွန်ပျူတာအလုံး ပေါင်း ရှစ်သောင်းကျော် ကူးစက်ခံရသည်။ ဓာတ်အားပေးစက်ရုံနှင့် ကုန်ထုတ်စက်ရုံ  တော်တော်များများ အလားတူ တိုက်ခိုက်မှုများ ကြုံတွေ့ခဲ့ကြရသည်။

၂၀၁၃ခုနှစ်တွင် အိန္ဒိယသည် အမျိုးသား ဆိုက်ဘာလုံခြုံရေးမူဝါဒတစ်ခုကို ချမှတ်ခဲ့ကာ ယင်းမူဝါဒက ဆိုက်ဘာ အာကာသတွင် သတင်းပြန်ကြားရေးအခြေခံအဆောက်အအုံများကာကွယ်ရေး၊ သတင်းပြန်    ကြားရေးဆိုင်ရာအချက်အလက်လုံခြုံစိတ်ချရမှု၊ တည်မြဲမှုနှင့် ရရှိစေမှုတို့ကို ထိန်းသိမ်းစောင့်ရှောက်ရေး   များ အပေါ် အာရုံ စိုက်ထားသည်။

ယင်းနောက်ပိုင်းတွင်လည်း အိန္ဒိယသည် အမျိုးသားအဆင့်အရေးကြီးသတင်းအချက်အလက်အခြေခံ    အဆောက်အအုံကာကွယ်ရေးစင်တာတစ်ခုကို တည်ထောင်ကာ အိန္ဒိယ၏ ဆိုက်ဘာလုံခြုံရေးကို ထိန်းသိမ်းစောင့်ရှောက်လျက်ရှိနေသည်။

Source NDTV