၂၁ အောက်တိုဘာ ၂၀၂၄

အင်ဒိုနီးရှားနိုင်ငံမှာ ပရာဘိုဝိုဆူဘီယန်တို သမ္မတသစ်အဖြစ် စတင်တာဝန်ယူပြီးနောက်မှာ အရေးကြီးတဲ့ အစိုးရဝန်ကြီးတစ်နေရာဖြစ်တဲ့ နိုင်ငံခြားရေးဝန်ကြီးနေရာကို  ဂါရင်ဒရာပါတီဒုတိယ ဥက္ကဋ္ဌဖြစ်တဲ့ ဆူဂီယိုနိုကို ခန့်အပ်လိုက်ပါတယ်။  ဆူဂီယိုနိုဟာ ဟောဟောဒိုင်းဒိုင်းပြောတတ်တဲ့ ယခင်အစိုးရ နိုင်ငံ  ခြားရေးဝန်ကြီး ရက်တနို မာဆူဒီ ရဲ့ နေရာကို အစားထိုးတာဝန်ယူမှာဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ မြို့တော်ဂျာကာတာမှာ တနင်္ဂနွေညနေခင်းမှာ ပြုလုပ်တဲ့ ဝန်ကြီးအဖွဲ့အသစ် ဖွဲ့စည်းမှု မှာ အရေးကြီးဝန်ကြီးဌာနနေရာတော်တော်များများမှာ အသစ်တွေခန့်အပ်ထားတာတွေ့ရပါတယ်။

အဲဒီအပြင် ဂီလိုရာပါတီက နိုင်ငံရေးသမား အန်နစ်မက်တာ၊က ကုလသမဂ္ဂဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံ  အမြဲတမ်းကိုယ်စားလှယ် အာမန်နန်သာနာဆီယာနှင့် ဂျာမနီနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံအမတ်ကြီး အာရစ် ဟာဗက်စ်အိုဂအီဂရိုဆီနိုတို့ကိုလည်း ဒုတိယနိုင်ငံခြားရေးဝန်ကြီးများအဖြစ်ခန့်အပ်လိုက်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးအသစ်ဖြစ်တဲ့ အသက် ၄၅နှစ်အရွယ် ဆူဂီယိုနိုဟာ အင်ဒိုနီးရှားစစ်တပ် အထူးတပ်ဖွဲ့ ဝင်ဟောင်းတစ်ဦးဖြစ်ပါတယ်။ သူဟာ စစ်တပ်ကထွက်ပြီးနောက် ယခုသမ္မတသစ်ဖြစ်လာတဲ့ ပရာဘိုဝိုရဲ့ ဂါရင်ဒရာပါတီကို ဝင်ရောက်ခဲ့ပါတယ်။သူဟာ အင်ဒိုနီးရှားပါလီမန်ရဲ့ နိုင်ငံခြားရေးရာ၊ကာကွယ်ရေးနှင့် လုံခြုံရေးကော်မရှင် အဖွဲ့ဝင်လည်းလုပ်ခဲ့ပါတယ်။

သူဟာ ပါရာဘိုဝိုရဲ့ ပုဂ္ဂိုလ်ရေးအတွင်းရေးမှူးလည်းလုပ်ခဲ့ဖူးပြီး နော်ဝစ်တက္ကသိုလ်ကျောင်းဆင်းဖြစ်ကာ သိုသိသိပ်သိပ်နေတတ်သူတစ်ဦးဖြစ်ပါတယ်။ သူဟာ သမ္မတသစ်ပရာဘိုဝိုရဲ့ အယုံအကြည်ရဆုံး အတွင်း လူတွေထဲကတစ်ဦးဖြစ်ပြီး ပရာဘိုဝိုရဲ့ အတွေးအခေါ်ခံယူသူလို့ အင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံပိုင်မီဒီယာ အန်တာရာကရေးသားပါတယ်။

“ ကျွန်တော်ဟာစစ်သားတစ်ယောက်ပါ။ ဘာတာဝန်ပေးပေး၊ အပြည့်အဝေတာဝန်ယူပြီး အကောင်းဆုံး လုပ်မှာပါ” လို့ ပရာဘိုဝိုနှင့် အောက်တိုဘာ ၁၄ရက်က ပရာဘိုဝိုအိမ်မှာ တွေ့ဆုံခဲ့အပြီးမှာ သတင်း ထောက်တွေကိုပြောခဲ့ပါတယ်။

အနားယူသွားတဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဟောင်း ရက်တနို မာဆူဒီဟာ သမ္မတဟောင်း ဂျိုကိုဝီဒိုဒိုရဲ့ အစိုးရအဖွဲ့မှာ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ၂၀၁၄ မှ ၂၀၂၄ အထိ ဆယ်နှစ်တိတိလုပ်ခဲ့သူ ဖြစ်ပါတယ်။  သူမဟာ နိုင်ငံခြားရေးဝန်ကြီးမဖြစ်ခင် နယ်သာလန်၊အိုက်စ်လန်နှင့် နော်ဝေတို့မှာ အင်ဒိုနီးရှားသံအမတ်ကြီးလုပ်ခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနဝန်ထမ်းဘဝကနေ ရာထူး အဆင့်ဆင့်ရယူခဲ့သူဖြစ်ပါတယ်။

Ref: News Wires