၁၀ အောက်တိုဘာ ၂၀၂၄

Tata ကုမ္ပဏီအုပ်စုကြီးကို ဆော့ဖ်ဝဲမှသည် ပြိုင်ကားအထိ ထုတ်ကုန်မျိုးစုံထုတ်လုပ်သော ပြန့်ကျဲ   နေသည့် နိုင်ငံတကာကုမ္ပဏီကြီးတစ်ခုအဖြစ် အသွင်ပြောင်းလဲခဲ့တဲ့  မစ္စတာ တာတာဟာ ဗုဒ္ဓဟူးနေ့က ကွယ်လွန်သွားပါတယ်။ ကွယ်လွန်ချိန်မှာ သူဟာ အသက် ၈၆နှစ်   ရှိပြီဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံတော်အလံကို ရစ်ပတ်ထားတဲ့ သူ့ရဲ့ခေါင်းတလားကို ဂုဏ်ပြုတပ်ဖွဲ့က စစ်တီးဝိုင်းနှင့်အတူ ဂုဏ်ပြုခဲ့ပါတယ်။

မွမ်ဘိုင်းမြို့က ဝမ်းနည်းဖွယ်နေ့အဖြစ် ကြေညာခဲ့ပြီး သူ့ရဲ့ အသုဘအခမ်းအနားကို ကြာသပတေးနေ့ မွန်းလွဲပိုင်းမှာ ပြုလုပ်မှာဖြစ်ပါတယ်။

“ အိန္ဒိယစက်မှုလုပ်ငန်း၏ အထင်ကရကြီး” လို့ ဟိန္ဒူသတင်းစာက မျက်နှာဖုံးသတင်းကနေ သူ့ကို ရည်ညွှန်းခဲ့ပြီး “ အိန္ဒိယသည် နိုင်ငံ့အဆောင်အယောင်ကို ဆုံးရှုံးခဲ့ရပြီ” လို့လည်း ဟိန္ဒူစတန်တိုင်းမ်စ် သတင်းစာကရေးသားပါတယ်။

အာရှရဲ့ အချမ်းသာဆုံးသူဋ္ဌေးကြီး မူကက်ရှ်အမ်ဘာနီကလည်း “ ကြီးမားတဲ့ဆုံးရှုံးမှု။ တာတာ အုပ်စု အတွက်သာမက အိန္ဒိယနိုင်ငံသားတစ်ဦးချင်းအတွက်လည်းဆုံးရှုံးမှုကြီး” လို့ ဝမ်းနည်းစကားဆိုပါတယ်။

တာတာဟာ ၁၉၃၇ခုနှစ်မှာ မွမ်ဘိုင်းမှာ မွေးဖွားခဲ့ပါတယ်။ သူက နယူးယောက်ရဲ့ ကော်နယ်လ် တက္ကသိုလ်မှဘွဲ့ရပြီးနောက် သူ့ဘဝကို ဗိသုကာတစ်ဦးအဖြစ်နှင့် နေထိုင်ဖို့ရည်ရွယ်ခဲ့ပါတယ်။ ဒါပေမယ့်  သူ အိန္ဒိယကို ၁၉၆၂ခုနှစ်မှာ ပြန်ရောက်တဲ့အခါ သူ့အဖွားက သူ့ကို မိသားစုစီးပွားရေးလုပ်ငန်းထဲ ဝင် လုပ်ဖို့ တောင်းပန်ခဲ့ပါတယ်။ အဲဒါကြောင့်သူဟာ စက်ရုံအောက်ခြေအလုပ်သမားအဖြစ် အလုပ်စလုပ်ခဲ့ပြီး အလုပ်သင်ဘဝနှင့် စက်ရုံရဲ့ ဘော်ဒါဆောင်မှာ အိပ်စက်ခဲ့ပါတယ်။

သူဟာ ၁၉၉၁ခုနှစ်မှာ မိသားစုရဲ့စီးပွားရေးအင်ပါယာကြီးကို လွှဲယူခဲ့ပါတယ်။ အဲဒီနောက် ချက်ခြင်း ဆိုသလိုပဲ လွတ်လပ်တဲ့ဈေးကွက်ပြုပြင်ပြောင်းလဲမှုကြီးကို လုပ်ဆောင်ခဲ့ပါတော့တယ်။

တာတာရဲ့ ၂၁နှစ်ကြာ စီမံခန့်ခွဲမှုကြောင့် တာတာအုပ်စုကြီးဟာ ဆားမှသည် သံမဏိအထိ ထုတ်လုပ်တဲ့ ကမ္ဘာအထိခြေဆန့်တဲ့ ကုမ္ပဏီကြီးဖြစ်လာခဲ့ပါတယ်။

တာတာအုပ်စုဟာ နိုင်ငံပေါင်း ၁၀၀ကျော်မှာ ကုမ္ပဏီပေါင်း ၃၀ကျော်နှင့် လုပ်ငန်းလည်ပတ်နေ  တာဖြစ်ပါတယ်။

ဒါပေမယ့် မစ္စတာတာတာဟာ ပပလွှားလွှားနေတတ်သူမဟုတ်ဘဲ ရိုးရိုးကုပ်ကုပ်နေသူဖြစ်ပါတယ်။ သူ့မှာ အရှိန်ဩဇာကြီးမားပေမယ့် သူဟာ ဘီလျံနာစာရင်းတွေထဲ တစ်ခါမှ မပါဖူးခဲ့ပါဘူး။

“တာတာဟာ အမြင်ကျယ်တဲ့ စီးပွားရေးခေါင်းဆောင်ဖြစ်တယ်။ ကြင်နာတဲ့နှလုံးသားရှိတဲ့ အာဂလူသား တစ်ဦးဖြစ်တယ်“လို့ အိန္ဒိယ ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီကပြောပါတယ်။

မဟာရာရှာထရာပြည်နယ်ရဲ့ အစိုးရရုံးတွေမှာ ဝမ်းနည်းခြင်းအထိမ်းအမှတ် အလံတိုင်ဝက်လွှင့် ထူခဲ့ပြီး သူ့ကို နိုင်ငံတော်ဈာပနအဆင့် သင်္ဂြိုလ်မှာဖြစ်ပါတယ်။

သူ့ရဲ့ထင်ရှားလှတဲ့ အဆိုအမိန့်တွေထဲက အချို့ကတော့..

“  မှန်ကန်တဲ့ဆုံးဖြတ်ချက်ချတယ်ဆိုတာကို ကျွန်တောမယုံကြည်ဘူး။  ကျွန်တော်ဟာ ဆုံးဖြတ်ချက် ချတယ်။ ပြီးတော့မှ အဲဒါကို မှန်ကန်အောင်လုပ်တယ်”

“ ခေါင်းဆောင်မှုဆိုတာ တာဝန်ယူမှု တာဝန်ခံမှုဖြစ်တယ်။ ဆင်ခြေပေးဖို့မဟုတ်ဘူး”

“ အတော်ဆုံးခေါင်းဆောင်ဆိုတာ သူတို့ရဲ့ အနီးအနားမှာ သူတို့ထက် ပိုပြီးစမတ်ဖြစ်တဲ့ လက်ထောက်တွေ၊ တွဲဖက်တွေနှင့် ဝန်းရံဆောင်ရွက်ကြသူတွေဖြစ်တယ်”

Source : AFP/NDTV