Published 27 May 2022

အမေရိကန်နိုင်ငံတစ်လွှား အချစ်တော် ခွေးကလေးနှင့်အတူ အားလပ်ရက် အိပ်မက် ခရီးသွားခဲ့တဲ့ ဘရာဇီးနိုင်ငံသား influencer တစ်ဦးဟာ သူ့အိပ်မက်ခရီး အဆုံးသတ်ဖို့ ရက်တွေမကုန်ဆုံးခင်မှာ ကားမတော်တဆမှုကြောင့် သူ့ခွေးကလေးနှင့်အတူ သေဆုံးခဲ့ရပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့ မနက်ပိုင်းမှာ သူ့ရဲ့ ၁၉၇၈ထုတ် ဗောက်စ်ဝက်ဂင် လိပ်ခုံးကားကလေးဟာ ဖို့ဒ်အက်စ်ကေ့ဗ်ကားနှင့် အမေရိကန်နိုင်ငံ အော်ရီဂွန်ပြည်နယ် ဆဲလ်မာအနီး ၁၉၉ အမြန်လမ်းမကြီးပေါ်မှာ တိုက်မိကြပြီးနောက် အသက်၂၉နှစ်အရွယ် ဂျက်ဆီကောဇ်ဟာ ချက်ခြင်းသေဆုံးသွားခဲ့ရတာဖြစ်ပါတယ်။

ကော့ဇ်နှင့်အတူ သူသွားလေရာပါတဲ့ သူ့ရဲ့ ဂိုးဒင်းရီထရီဗာ ခွေးကလေး ရှုရာစတေလည်း သေဆုံးခဲ့ရပါတယ်။ ဖို့ဒ်ကားမောင်း တဲ့ အမျိုးသမီးကတော့ အသက်မသေဘဲ ဒဏ်ရာတွေရလို့ ဆေးရုံတင်ပို့ခဲ့ရပါတယ်။

“ အကြီးမားဆုံးအိပ်မက်နှင့်ရှင်သန်နေတဲ့ သူရဲကောင်းအဖြစ် သူသေခဲ့ရတာပါ” လို့ ကြေကွဲနေတဲ့ သူ့ပရိသတ်တစ်ဦးက အင်စတာဂရမ်မှာ ရေးခဲ့ပါတယ်။ “ ခရီးသည်တွေရဲ့ ကမ္ဘာမှာ ရှင်သန်တက်ကြွမှုကြီးတစ်ခု ဆုံးရှုံးခဲ့ရပြီ” လို့လည်း သူကရေးပါတယ်။

ကော့ဇ်ဟာ ပြီးခဲ့တဲ့(၃)လလုံးလုံး အမေရိကန်ပြည်ထောင်စု တစ်လွှား လိပ်ခုံးကားကလေးနှင့် ခရီးလှည့် လည်နေသူဖြစ်ပါတယ်။ သူ့ခရီးစဉ်တစ်လျောက်ပုံတွေကို သူဟာ အင်စတာဂရမ်မှာတင်ပေးခဲ့ပါတယ်။ သူ့ အင်စတာဂရမ်မှာ ဖော်လိုဝါပေါင်း ၃၅၉,၀၀၀ ကျော်နှင့် likes လုပ်သူပေါင်း သန်းကျော်ရှိပါတယ်။

သူဟာ အယ်လာစကာကို ဦးတည်မောင်းနှင်နေတုန်း မတော်တဆမှုဖြစ်ခဲ့ရတာပါ။ အဲဒီနေရာကို သူရာ ဒီတစ်ပတ်နှောင်းပိုင်း ရောက်ဖို့ မှန်းထားတာဖြစ်ပါတယ်။

သူဟာ ဘရာဇီးကနေ အမေရိကန်အထိ ကားမောင်းဖို့ စိတ်ကူးအိပ်မက် မက်ခဲ့တာကြာခဲ့ပါပြီ။ ခရီးကိုလည်း သူဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက စီစဉ်ခဲ့ပါတယ်။ကိုဗစ်ကြောင့် မတ်၂၀၂၀ မှာ တောင်ပိုင်းဝင်ပေါက်ကနေ ကမ္ဘာလှည့်တွေ  ကို အမေရိကန်က ပိတ်ပစ်လိုက်ပြီးနောက် သူ့ခရီးကလည်း ပျက်ပြယ်သွားခဲ့ရပါတယ်။

စိတ်ပိုင်းဖြတ်ထားပြီးတဲ့ ကော့ဇ်ဟာ ဒီနှစ်အစမှာ သူ့ခရီးစဉ်ကို ပြန်စတင်ခဲ့ပါတယ်။ ဖေဖော်ဝါရီလဆန်းပိုင်းမှာ သူဟာ အမေရိကန်တစ်လျှောက် ကားမောင်းခရီးစဉ်စခဲ့ပါတယ်။

ကော့ဇ်နှင့် သူ့အချစ်တော်ခွေးကလေးဟာ ကာလီဖိုနီးယား တစ်လျှောက် ပြီးတော့ အရှေ့ဖက်ကမး်ခြေမှာ အဆုံးမသတ်ခင် ဖလော်ရီဒါကိုဖြတ်သန်းခဲ့ပါတယ်။

သူတို့ဟာ နယူးယောက်စီးတီးကို ပြီးခဲ့တဲ့လက ရောက်ခဲ့ပါတယ်။ သူနှင့် သူ့လိပ်ခုံးကားကလေး တိုင်းမ်စကွဲယားမှာ ရပ်ထား တာကို ဆိုရှယ်မီဒီယာတွေမှာ ဓာတ်ပုံရိုက်တင်ကြပါတယ်။

သူနှင့်သူ့ခွေးကလေးဟာ အနောက်ဖက်ကမ်းခြအထိ ခရီးသွားဖို့ စီစဉ်ထားပါတယ်။ အဲဒီနောက် ကနေဒါကိုဖြတ်ပြီး နောက်ဆုံး အယ်လာစကာအထိဖြစ်ပါတယ်။

သူမသေခင်လေးရက်တုန်းက သူဟာဆန်ဖရန်စစ္စကိုက ဂိုးလ်ဒင်းဂိတ်တံတားကြီးရှေ့မှာ ဓာတ်ပုံရိုက်တင်ခဲ့ပါတယ်။ “ လွတ်လပ်မှုမရှိရင် ပျော်ရွှင်မှုဆိုတာမရှိ.. အခြားသူတွေက ကျွန်တော့်အတွက် ဆုံးဖြတ်ချက်ချပေးတဲ့ ကျွန်တော့်ရဲ့ ဘဝဟောင်း အကျဉ်းထောင်ကနေ ထွက်လာခဲ့ပြီ။  ကျွန်တော်လိုချင်တာရွေးချယ်လို့ရတဲ့ လွတ်လပ်မှုကို ကျွန်တော်ရနိုင်ပြီ” လို့ သူက ပုံနှင့်အတူ စာလည်းရေးခဲ့ပါတယ်။

ကော့ဇ်မိသားစုဟာ သူ့ရုပ်အလောင်းကို ဘရာဇီးကိုပြန်သယ်ဖို့ စီစဉ်နေကြကြောင်း ဒေလီမေးလ်က ရေးသားပါတယ်။

Source NY Post

road trip influencer death 08