#WorldHealth

Published - 14 November 2021

ကိုရိုနာဗိုင်းရပ်စ်ရောဂါကို ပြင်းထန်စွာခံစားရနိုင်တဲ့သူတွေမှာ အသုံးပြုလို့ရမယ့် ဆေးအသစ် ၂ မျိုးကို ဥရောပဆေးဝါးအေဂျင်စီက အသိအမှတ်ပြုညွှန်ကြားလိုက်ပါတယ်။မျိုးပွားဆဲလ်တစ်ခုတည်းကနေ antibody ခုခံအားထုတ်လုပ်ပေးတဲ့ casirivimab, imdevimab နဲ့ regdanvimab  ဆေးတို့ကို တွဲစပ်အသုံးပြုဖို့ EU ဆေးဝါးအဖွဲရဲ့တာဝန်ရှိသူတစ်ဦးက ကြာသပတေးနေ့မှာ ပြောကြားသွားပါတယ်။

အဆိုပါဆေးတွေဟာ ကိုဗစ်ရောဂါကို ပြင်းထန်စွာခံစားရနိုင်တဲ့လူနာတွေမှာ ဆေးရုံတက်ကုသရမှုနဲ့ အသက်သေဆုံးမှုနှုန်းကို သိသိသာသာလျှော့ချနိုင်ကြောင်း အချက်အလက်တွေအရ သိရပါတယ်။

ဥရောပဆေးဝါးအေဂျင်စီက ဆေး ၂ မျိုးစလုံးကို ဘေးကင်းစိတ်ချရကြောင်း ဖော်ပြထားပြီး ဘေးထွက်ဆိုးကျိုးအနည်းငယ်ရှိပေမယ့်လည်း ဆေးမှရရှိမယ့်အကျိုးကျေးဇူးတွေက ဆိုးကျိုးထက်သာလွန်တယ်လို့ ပြောပါတယ်။ Roche ကုမ္ပဏီကထုတ်လုပ်တဲ့ casirivimab, imdevimab တွဲဖက်ဆေးတွေကို ပြီးခဲ့တဲ့နိုဝင်ဘာလက အမေရိကန်အစားအစာနဲ့ ဆေးဝါးကွပ်ကဲရေးမှ အသိအမှတ်ပြု အသုံးပြု ခွင့် ပေးလိုက်ပြီဖြစ်ပါတယ်။

ဥရောပဆေးဝါးအေဂျင်စီက casirivimab, imdevimab တွဲဖက်ဆေးနဲ့ regdanvimab  ဆေးတို့ကို အောက်ဆီဂျင်ထောက်ပံ့မှုမလိုအပ်သေးတဲ့ အသက် ၁၂ နှစ်အထက်လူတွေမှာ အသုံးပြုသင့်ကြောင်း ပြောခဲ့ပြီး ကိုဗစ်ရောဂါပိုမိုဆိုးရွားလာနိုင်တဲ့ အန္တရာယ်တော့ သတိထားရမှာဖြစ်ပါတယ်။အဲဒီတွဲဖက်ဆေးတွေကို ရောဂါကာကွယ်တဲ့အနေနဲ့လည်း အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။

ဆေး ၂ မျိုးစလုံးကို အကြောဆေးထိုးသွင်းတဲ့ပုံစံနဲ့ အသုံးပြုရတာဖြစ်ပါတယ်။ Regdanvimab ဆေးကို ဟန်ဂေရီနိုင်ငံရှိ Celtrion Healthcare ကုမ္ပဏီက ထုတ်လုပ်တာဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံက မကြာသေးမီကမှ အသိအမှတ်ပြုထားပါတယ်။

antibody ခုခံအားထွက်ပေါ်စေတဲ့ ကုသနည်းဟာ ကိုဗစ်ရောဂါဆိုးရွားမှုကို သက်သာစေနိုင်တဲ့ နည်းလမ်းတွေထဲက တစ်မျိုးဖြစ်နေပါတယ်။

ရောဂါပြင်းထန်ခြင်းမရှိဘဲ ဆေးရုံတက်ကုသမှုခံယူစရာမလိုတဲ့ လူနာတွေမှာ ဒီကုသနည်းတစ်မျိုးသာ ထိရောက်တဲ့နည်းလမ်းအဖြစ် ရှိနေပါတယ်။

ဒီဆေးတွေဟာ ဗိုင်းရပ်စ်ကိုဟန့်တားပြီး ရောဂါကူးစက်မှုကို တိုက်ဖျက်ပေးနိုင်တဲ့ ဓာတ်ခွဲခန်းထုတ်ဆေးတွေဖြစ်ပါတယ်။antibody ၁ မျိုး ဒါမှမဟုတ် ၂ မျိုးထုတ်လုပ်ပေးကာ လူနာကို ရောဂါကုသပေးနိုင်တဲ့ဆေးဖြစ်ပါတယ်။

Source: AP News