#WorldPolitics


Published -  23 December 2021

ဇန်နဝါရီ ၆ ရက်နေ့က အမေရိကန်လွှတ်တော်ရုံးမှာ အဓိကရုဏ်းဖြစ်ပွားခဲ့ရာ ထိုဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့အမျိုးသားတစ်ဦးက သူ့ဇနီးရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ တင်ထားတဲ့အကြောင်းအရာကြောင့် ဖမ်းဆီးခံခဲ့ရပါတယ်။

တနင်္လာနေ့က စီရင်ချက်ချရာမှာ ထိုအမျိုးသမီးက လူမှုကွန်ရက်ပေါ်မှာ ပြောထားတဲ့အကြောင်းအရာကြောင့် ခင်ပွန်းဖြစ်သူဒုက္ခရောက်စေမယ်လို့ မထင်မိခဲ့ဘူးလို့ ဆိုပါတယ်။

ပန်ဆယ်လ်ဗေးနီးယားပြည် ချာ့ချ်ဗီလ်နယ်မှ ဂယ်ရီအက်ဒ်ဝါ့ဒ်ကို ပုန်ကန်မှုမှာပါဝင်ခဲ့တဲ့အတွက် ဒေါ်လာ ၂၅၀၀ ဒဏ်ကြေးနဲ့ လျော်ကြေးငွေ ဒေါ်လာ ၅၀၀ ဆောင်ခိုင်းပြီး ၁ နှစ်ထိန်းသိမ်းစောင့်ကြည့်ဖို့ တရားရုံးက စီရင်ချက်ချခဲ့ကြောင်း Insider သတင်းဌာနက ဖော်ပြထားပါတယ်။

အက်ဒ်ဝါ့ဒ်ကို စီရင်ချက်ချရာမှာ ဇနီးဖြစ်သူ လင်းအက်ဒ်ဝါ့ဒ်က သူ့ခင်ပွန်းဖြစ်သူ အဓိကရုဏ်းမှာ ရောက်ရှိနေတဲ့အကြောင်းကို ဖေ့စ်ဘွတ်မှာ comment မဆင်မခြင်ရေးလိုက်မိပြီး အခုတော့ တင်ထားတဲ့အကြောင်းအရာတွေကို ဖျက်လိုက်ပြီလို့ တရားသူကြီးကို ပြောကြားခဲ့ကြောင်း The Philadelphia Inquirer မီဒီယာက ဖော်ပြထားပါတယ်။

"ကျွန်မ ဖေ့စ်ဘွတ်မှာတင်လိုက်တဲ့ အကြောင်းအရာကြောင့် ကျွန်မအမျိုးသားအဖမ်းခံရလိမ့်မယ်လို့ တစ်ခါမှ မထင်ခဲ့မိဘူး" လို့ တရားရုံးမှာဆိုခဲ့ကြောင်း ဖော်ပြထားပါတယ်။

အဓိကရုဏ်းစတင်ဖြစ်ပွားတဲ့အချိန်မှာ လင်းအက်ဒ်ဝါ့ဒ်က "ငါ့အမျိုးသားက ရိုတန်ဒါလွှတ်တော်ရုံးထဲမှာ ရောက်နေတာဆိုတော့ အဲဒီမှာ ဘာတွေဖြစ်နေလဲဆိုတာ ငါပြောပြမယ်" လို့ ဖေ့စ်ဘွတ်မှာ အရင်ရေးသားခဲ့ကြောင်း FBI က ပြောပြပါတယ်။

သူ့အမျိုးသားက ရဲတွေနဲ့ စကားပြောဆိုခဲ့ပုံ၊ အလံကိုင်ပြီး နိုင်ငံတော်သီချင်းသီဆိုနေခဲ့ကြတဲ့ လူတွေကို မြင်တွေ့ခဲ့ရပုံတို့ကို ဆက်ပြောသွားပါတယ်။
လင်းအက်ဒ်ဝါ့ဒ်တင်ထားတဲ့ တခြားအကြောင်းအရာတွေကတော့ "ဒီမှာရှိနေတဲ့လူတွေက နိုင်ငံတော်အာဏာပိုင်တွေက အခြေခံဥပဒေကို မထီမဲ့မြင်လုပ်လို လူ့အခွင့်အရေးချိုးဖျက်ခံခဲ့ရတဲ့လူတွေပါ။ သူတို့ရဲ့မဲဆန္ဒတွေ လုယူခံလိုက်ရတဲ့လူတွေပါ။ ဒီသက်သေအထောက်အထားတွေကို ချပြဖို့ အခွင့်မရခဲ့တဲ့သူတွေပါ" လို့ ရေးသားထားကြောင်း FBI က ဆိုပါတယ်။

အမည်မဖော်လိုသူတစ်ယောက်က လင်းအက်ဒ်ဝါ့ဒ်တင်ထားတဲ့ ဖေ့စ်ဘွတ်ပေါ်က အကြောင်းအရာတွေပါဝင်တဲ့ဓာတ်ပုံကို FBI ဆီ ပေးပို့ခဲ့တာဖြစ်ပါတယ်။

နယူးယော့ခ်တိုင်းမ်ရဲ့ ဗီဒီယိုကိုကြည့်ပြီး သူ့အမျိုးသားနဲ့အတူ ဝါရှင်တန်ဒီစီက အဓိကရုဏ်းပွဲမှာ ပါဝင်ချင်ခဲ့ကြောင်းလည်း လင်းအက်ဒ်ဝါ့ဒ်က တရားသူကြီးကို ပြောကြားခဲ့ပါတယ်။

ဂယ်ရီအက်ဒ်ဝါ့ဒ်က စက်တင်ဘာလက အပြစ်ရှိကြောင်း ဝန်ခံခဲ့ပါတယ်။
FBI က အင်တာနက်ကနေ အဓိကရုဏ်းမှာ ပါဝင်ခဲ့တဲ့သူတွေကို ရှာဖွေခဲ့ပြီး လူမှုကွန်ရက်ပေါ်ကနေ အများအပြားဖမ်းဆီးမိခဲ့ပါတယ်။

အမျိုးသမီးတစ်ဦးက အွန်လိုင်းမှာ တွေ့ဆုံတဲ့ နယူးယော့ခ်မှအမျိုးသားတစ်ဦးက လွှတ်တော်အဓိကရုဏ်းမှာ ပါဝင်ခဲ့တယ်လို့ ပြောခဲ့တဲ့အကြောင်းအရာကို FBI ဆီ ပေးပို့တိုင်ကြားခဲ့တာကြောင့် ထိုအမျိုးသားကို ဖမ်းဆီးရမိခဲ့ပါတယ်။

မီချီဂန်မှအမျိုးသားတစ်ဦးကလည်း အဓိကရုဏ်းမှာ ပါဝင်ခဲ့တဲ့အကြောင်းကို လူမှုကွန်ရက်ပေါ်မှာ ကြွားပြီးတင်ခဲ့တာကြောင့် ဒီဇင်ဘာလမှာ အဖမ်းခံခဲ့ရပါတယ်။

လွှတ်တော်ရုံးကို ပုန်ကန်ဆန္ဒပြဖို့ ဖေ့စ်ဘွတ်မှာ စုဝေးစီစဉ်ခဲ့ကြကြောင်း အတွင်းသတင်းတစ်ခုမှာ ဖော်ပြထားပါတယ်။
Source:Business  Insider.