#WorldHealth

Published 25 December 2021

 

အောက်စ်ဖိုဒ်တက္ကသိုလ် ဓာတ်ခွဲခန်းတွေ့ရှိချက်အရ အက်စ်ထရာဇန်နီကာ ကိုဗစ်ကာကွယ်ဆေး ၃ ကြိမ်ထိုးနှံခြင်းဖြင့် ကူးစက်မြန်အိုမီခရွန်မျိုးဗီဇကွဲကို ထိရောက်စွာကာကွယ်ပေးနိုင်မှာဖြစ်ကြောင်း အက်စ်ထရာဇန်နီကာကုမ္ပဏီက ကြာသပတေးနေ့က ပြောကြားလိုက်ပါတယ်။
ထိုနည်းတူ ဖိုင်ဇာ-ဘိုင်အိုတက်ခ်နဲ့ မိုဒါနာကာကွယ်ဆေးတို့ဟာလည်း ၃ ကြိမ်ထိုးနှံခြင်းဖြင့် အိုမီခရွန်မျိုးဗီဇကွဲကို ကာကွယ်နိုင်ကြောင်း ကြေညာထားပါတယ်။

 

ကာကွယ်ဆေး ၂ ကြိမ်ထိုးခြင်းဖြင့် ဒယ်လ်တာမျိုးဗီဇကွဲကို ကာကွယ်နိုင်တဲ့နည်းတူ အက်စ်ထရာဇန်နီကာကထုတ်တဲ့ ဗက်ဇီဗရီယာ (Vaxzevria) ကိုဗစ်ကာကွယ်ဆေး ၃ ကြိမ်ထိုးနှံခြင်းဟာ အိုမီခရွန်ကို ကာကွယ်ချေဖျက်ပေးနိုင်မှာဖြစ်ကြောင်း တွေ့ရှိရပါတယ်။

 

"အိုမီခရွန်အကြောင်းကို ကျွန်တော်တို့ သိရှိလာပြီဖြစ်ပြီး တီဆဲလ်တုန့်ပြန်မှုက ရောဂါပြင်းထန်ဆိုးရွားမှုနဲ့ ဆေးရုံတက်ကုသရမှုတို့ကို ထိရောက်စွာကာကွယ်ပေးနိုင်မယ်လို့ ယုံကြည်ထားပါတယ်" လို့ အက်စ်ထရာဇန်နီကာ ဇီဝဆေးဝါးသုတေသနဖွံ့ဖြိုးရေးဌာနမှ မင်းန်ပန်ဂလော့စ်က ဆိုလိုက်ပါတယ်။

 

booster အားမြှင့်ကာကွယ်ဆေးထိုးပြီး ရရှိလာတဲ့ antibody ခုခံအားပမာဏက ကိုဗစ်ရောဂါကူးစက်ပြီး ပြန်လည်သက်သာလာတဲ့ လူတွေရဲ့ antibody ခုခံအားထက် ပိုမိုသာလွန်တယ်လို့ ကုမ္ပဏီက ပြောကြားလိုက်ပါတယ်။

 

အက်စ်ထရာဇန်နီကာက အခြားကာကွယ်ဆေးထုတ်လုပ်ရေးကုမ္ပဏီများနည်းတူ အိုမီခရွန်ကို ပစ်မှတ်ထားတဲ့ကိုဗစ်ကာကွယ်ဆေးထုတ်လုပ်ဖို့ အောက်စ်ဖိုဒ်တက္ကသိုလ်နဲ့ လက်တွဲလုပ်ကိုင်လျက်ရှိပါတယ်။

 

အောက်စ်ဖိုဒ်တက္ကသိုလ်လေ့လာရာမှာ ကိုဗစ်ကူးစက်ဖူးတဲ့လူတွေရဲ့ သွေးနမူနာ၊ ကိုဗစ်ကာကွယ်ဆေး ၂ ကြိမ်နဲ့ booster အားမြှင့်ကာကွယ်ဆေးထိုးထားတဲ့ လူတွေရဲ့ သွေးနမူနာ၊ အခြားမျိုးဗီဇကွဲကူးစက်ဖူးသူတွေရဲ့ သွေးနမူနာများအပါအဝင် ဗက်ဇီဗရီယာကာကွယ်ဆေး ၃ ကြိမ်ထိုးထားတဲ့ လူ ၄၁ ယောက်ရဲ့ သွေးနမူနာတွေကို စမ်းသပ်လေ့လာခဲ့ပါတယ်။

 

အိုမီခရွန်မျိုးဗီဇကွဲက ကမ္ဘာတဝန်းမှာ ကူးစက်ပျံ့နှံ့နေပြီဖြစ်ပြီး ကူးစက်မှုကို ထိန်းချုပ်နိုင်ရန်အတွက် အားလပ်ရက်ပွဲများမတိုင်ခင် ထိန်းချုပ်ကန့်သတ်ချက်တွေထုတ်ပြန်ဖို့ ပြင်ဆင်နေပြီဖြစ်တာကြောင့် သိပ္ပံပညာရှင်တွေနဲ့ အစိုးရတွေက ကာကွယ်ဆေးတွေနဲ့ အိုမီခရွန်ကို ကာကွယ်နိုင်ဖို့ ကြိုးစားနေကြပါတယ်။

 

booster အားမြှင့်ကာကွယ်ဆေးက အိုမီခရွန်ကြောင့်ဖြစ်နိုင်တဲ့ ရောဂါအခြေအနေကို သိသိသာသာ ကာကွယ်နိုင်တာကြောင့် ဗြိတိန်မှာ booster အားမြှင့်ကာကွယ်ဆေးထိုးဖို့ ညွှန်ကြားထားပါတယ်။

Source: The Jerusalem Post.

#Yangon_Media_Group