#Health_Technology
Published 6 June 2022

အသက် ၂၀ အရွယ်အမျိုးသမီးတစ်ဦးမှာ သေးငယ်ပြီးပုံစံမမှန်တဲ့ညာဘက်နားရွက်ပါရှိနေပြီး သူ့ရဲ့ကိုယ်ပိုင်ဆဲလ်များဖြင့် 3D ပရင့်တာဖြင့် နားရွက်အစားထိုးခွဲစိတ်မှု ခံယူခဲ့ကြောင်း အဆိုပါနည်းပညာထုတ်လုပ်သူများက ကြာသပတေးနေ့က ပြောကြားလိုက်ပါတယ်။

 

ဒီခွဲစိတ်မှုဟာ အဆိုပါဆေးကုသမှုဆိုင်ရာနည်းပညာကို ပထမဆုံးအကြိမ်အောင်မြင်စွာစမ်းသပ်မှုကြီးရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့ပြီး တစ်ရှူးခွဲစိတ်ခြင်းနည်းပညာအဆင့်မြင့်မားလာပုံကို ဖော်ပြနေကြောင်း ကျွမ်းကျင်သူများက သုံးသပ်ခဲ့ပါတယ်။

 

အမျိုးသမီးရဲ့ဘယ်ဘက်နားရွက်ပုံစံအတိအကျအတိုင်း ပရင့်ထုတ်ပြီး နားရွက်အသစ်ပုံစံပြုလုပ်ခဲ့ကြောင်း ကွင်းစ်အခြေစိုက် 3D Bio Therapeutics ဆဲလ်အသစ်ပွားခြင်းဆိုင်ရာဆေးပညာကုမ္ပဏီက ဆိုပါတယ်။

 

မတ်လကပြုလုပ်ခဲ့တဲ့ နားရွက်ခွဲစိတ်မှုဟာ အရိုးနုတစ်ရှူးတွေထွက်လာမှာဖြစ်ပြီး တကယ့်နားရွက်အတိုင်းခံစားမြင်တွေ့ရမှာဖြစ်ကြောင်း ကုမ္ပဏီကဆိုပါတယ်။

 

တာဝန်ရှိသူများက စမ်းသပ်မှုအတိုင်းအတာများကို ပြန်လည်သုံးသပ်ပြီး တင်းကြပ်တဲ့စံချိန်စံညွှန်းတွေ သတ်မှတ်သွားမှာဖြစ်ကာ လေ့လာလိုအပြီးမှ ဆေးဘက်ဆိုင်ရာဂျာနယ်မှာ အချက်အလက်တွေ ဖော်ပြသွားမှာဖြစ်ကြောင်း ကုမ္ပဏီဘက်က ပြောကြားခဲ့ပါတယ်။

 

လူနာ ၁၁ ယောက်မှာ လက်တွေ့စမ်းသပ်မှုများ ပြုလုပ်နေပြီး အစားထိုးခွဲစိတ်မှုက မအောင်မြင်တာမျိုးနဲ့ မမျှော်လင့်နိုင်တဲ့ ကျန်းမာရေးပြဿနာများတွေ့ရနိုင်ပါတယ်။

 

ဒါပေမဲ့ လူနာရှင်ကိုယ်တိုင်ရဲ့ဆဲလ်တွေကိုပဲ ယူသုံးတာကြောင့် ခန္ဓာကိုယ်ကလက်မခံနိုင်စရာတော့မရှိဘူးလို့ ဆရာဝန်များက ဆိုပါတယ်။

 

ဒါဟာ ကိုယ်တွင်းအင်္ဂါနဲ့တစ်ရှူးအစားထိုးခွဲစိတ်ခြင်း ၇ နှစ်အတွင်း 3D Bio ရဲ့ အောင်မြင်မှုတွေထဲက တစ်ခုဖြစ်ပါတယ်။

 

ဇန်နဝါရီလတုန်းက မယ်ရီလန်းမှခွဲစိတ်ဆရာဝန်တွေက နှလုံးရောဂါရှိနေတဲ့ အသက် ၅၇ နှစ်အရွယ် လူတစ်ယောက်ကို မျိုးရိုးဗီဇပြုပြင်ထားတဲ့ ဝက်နှလုံးဖြင့် အစားထိုးခွဲစိတ်ခဲ့ရာ အသက်ရှင် နေထိုင်ချိန်သက်တမ်း ၂ လဆွဲဆန့်ပေးနိုင်ခဲ့ပါတယ်။

 

အလှူရှင်တွေ လှူဒါန်းတဲ့အင်္ဂါများ အလေအလွင့်မဖြစ်ရဘဲ တာရှည်ခံနိုင်စေရန် သိပ္ပံပညာရှင်များက နည်းပညာများ တီထွင်နေကြပါတယ်။

 

3D ပုံစံနဲ့ ခြေလက်အစားထိုးခွဲစိတ်မှုများ ပြုလုပ်ဖူးပေမယ့် ပုံစံမမှန်တဲ့နားရွက်ကနေဆဲလ်ယူပြီးခွဲစိတ်တာမျိုးကတော့ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

 

ကျောရိုးဆစ်ကြားခံပစ္စည်း၊ နှာခေါင်း၊ ဒူးခေါင်းဆုံကြားခံပစ္စည်း၊ ပခုံးဆုံကြား ကြွက်သားအရွတ်တို့လို ခန္ဓာကိုယ်အခြားအစိတ်အပိုင်းတွေမှာလည်း ဒီနည်းပညာကိုအသုံးပြုနိုင်ပြီး အသည်း၊ ကျောက်ကပ်၊ ပန်ကရိယတို့လို ပိုမိုရှုပ်ထွေးခက်ခဲတဲ့ ကိုယ်တွင်းအင်္ဂါတွေမှာပါ အသုံးပြုနိုင်ပါတယ်။

 

နားရွက်အသစ်အစားထိုးခွဲစိတ်ခဲ့တဲ့လူနာက ပထမဆုံးအောင်မြင်စွာ ခွဲစိတ်ခဲ့သူတွေထဲကတစ်ဦးဖြစ်ပြီး ဒေါက်တာ'ဘွန်နေလာ'က ဦးဆောင်စမ်းသပ်မှု ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

လူနာရှင်မိန်းကလေးက အရင်ကသူ့ရဲ့ညာဘက်နားရွက်ကို ဆံပင်ရှည်နဲ့ဖုံးအုပ်ထားရလေ့ရှိပြီး လူတွေသတိမထားမိအောင် နေထိုင်ခဲ့ရပေမယ့် အခုဆိုရင်တော့ ဆံပင်ကိုအနောက်ထိစည်းပြီးနေနိုင်ပြီလို့ ပြောပြသွားပါတယ်။

 

Source: New York Times
#Yangon_Media_Group