Published 07 October 2023

လွန်ခဲ့တဲ့ ဆယ်စုနှစ် ၃ ခုလောက်က ဘရာဇီးလ်သုတေသီများဟာ ငှက်ပျောသီးပင့်ကူ ကိုက်ခံရခြင်းရဲ့ ဘေးထွက်ဆိုးကျိုးတွေကို လေ့လာခဲ့ကြကာ ထိုအဆိပ်က ကိုက်ခံရသူတွေမှာ ကျားအင်္ဂါထောင်မတ်ခြင်း ပြဿနာရှိတယ်လို့ တွေ့ရှိခဲ့ပါတယ်။

သိပ္ပံပညာရှင်တွေက ထိုပင့်ကူအဆိပ်မှ အစွမ်းသတ္တိအချို့ကို အသုံးပြုကာ မော်လီကျူးတစ်မျိုးကို ဖန်တီးပြီး ထောင်မတ်ခြင်းပြဿနာကို ကုသနိုင်မယ့် ဂျယ်လ်ကိုထုတ်လုပ်ရန် စိတ်ကူးရခဲ့ကာ ယခုအခါ လက်တွေ့စမ်းသပ်မှုများ ပြုလုပ်နေပြီဖြစ်ပါတယ်။

ထိုပင့်ကူဟာ အညိုရောင်ရှိတဲ့ အမွှေးအမျှင်ထူများ ဖုံးလွှမ်းနေကာ အရွယ်အစား ၆ လက်မအများဆုံးအထိ ရှိတတ်ပြီး ကမ္ဘာပေါ်မှာ အဆိပ်အပြင်းဆုံးပင့်ကူတွေထဲက တစ်မျိုးဖြစ်ပါတယ်။

တောင်အမေရိကနိုင်ငံ အများအပြားမှာ တွေ့ရပြီး ငှက်ပျောပင်တွေမှာ တွေ့ရတတ်တဲ့အတွက် ငှက်ပျောသီးပင့်ကူလို့ အမည်ပြောင်ခေါ်ကြတာ ဖြစ်ပါတယ်။

ဘယ်လိုဟော်ရီဇုံတေရှိ အက်ဇ်ကွယ်ဒီယက်ဇ် ဖောင်ဒေးရှင်း (FUNED)ဆေးဘက်ဆိုင်ရာ သုတေသနစင်တာမှ ဇီဝပညာရှင်တစ်ဦးက ထိုပင့်ကူတစ်ကောင်ကို ဖမ်းယူကာ အဆိပ်ထုတ်ယူခဲ့ပါတယ်။

ဒီနောက် မိုင်နာစ်ဂျရေ့စ် ဖက်ဒရယ်တက္ကသိုလ် (UFMG)သို့ အဆိပ်ကိုပေးပို့ကာ ဘယ်ပါဝင်ပစ္စည်းက ထောင်မတ်ခြင်းပြဿနာကို ဖြေရှင်းနိုင်မလဲဆိုတာကို ရှာဖွေခဲ့ကြပါတယ်။

ဘရာဇီးလ် ဘိုင်အိုတက်ခ်ကုမ္ပဏီ ဘိုင်အိုဇုစ်က ထိုမော်လီကျူးကို မူပိုင်ခွင့်တင်ခဲ့ပါတယ်။

ကုမ္ပဏီက ဒါကိုလိမ်းဆေးအဖြစ် ရောင်းချချင်နေပြီး လိုအပ်တဲ့အချိန်မှာ ကျားအင်္ဂါတံမှာ သုတ်လိမ်းခြင်းဖြင့် မိနစ်အနည်းငယ်အတွင်း ထောင်မတ်လာစေမှာ ဖြစ်တယ်လို့ UFMG မှ သုတေသီ မာရီယာအယ်လီနာ ဒီလီမာက ပြောကြားခဲ့ပါတယ်။

သွေးလည်ပတ်မှု ကောင်းစေပြီး သွေးကြောတွေ ကျယ်လာစေကာ ထောင်မတ်ခြင်းကို ဖြစ်စေတဲ့ နိုက်ထရစ်အောက်ဆိုဒ်ကို ထိုမော်လီကျူးက ထုတ်လွှတ်စေတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဆီးကျိတ်ကင်ဆာအတွက်လည်း အသုံးပြုနိုင်ဖို့ကို လေ့လာနေပါတယ်။

စမ်းသပ်မှု ပထမအဆင့်ကို ဘရာဇီးလ် အန်ဗီဆာထိန်းချုပ်ကွပ်ကဲရေးမှ အသိအမှတ်ပြုပြီးနောက် ရောင်းချမှုမပြုခင်မှာ ဒုတိယအဆင့် စမ်းသပ်မှုများ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

အဆိုပါတွေ့ရှိမှုတွေဟာ တိရိစ္ဆာန်များ ပျက်စီးရာ ပျက်သုဥ်းကြောင်းကို ဦးတည်တာမဟုတ်ဘဲ နောက်ထပ် မသိရှိရသေးတဲ့ မော်လီကျူး အများအပြား ရှိနေနိုင်သေးတယ်လို့ ဒီလီမာက ပြောကြားသွားပါတယ်။
Source: Bangkok Post
#World_Science
#Published_ 07 October 2023
#YMG #Yangon_Times #Yangon_Media_Group