Published_ 07 October 2023

ဘာဘယ်တီးနဲ့ အိန္ဒိယမဆလာ လက်ဖက်ရည်တို့လို နို့လက်ဖက်ရည်တွေဟာ လတ်တလောနှစ်တွေမှာ တရုတ်နဲ့ အာရှနိုင်ငံများကြား လူကြိုက်များလာကြပါတယ်။

ဒါပေမဲ့ နို့လက်ဖက်ရည် သောက်သုံးခြင်းနဲ့ စိတ်ကျန်းမာရေး ပြဿနာကြား ဆက်စပ်မှုကို မကြာသေးမီက တွေ့ရှိထားပါတယ်။

နို့လက်ဖက်ရည် သောက်သုံးခြင်းဖြင့် စွဲလမ်းမှုဖြစ်စေကာ စိတ်ဓာတ်ကျခြင်း၊ ပူပန်သောကရောက်ခြင်းတို့နဲ့ သိသာစွာ ဆက်စပ်နေကြောင်း အံ့အားသင့်ဖွယ် တွေ့ရှိခဲ့ကြပါတယ်။

တရုတ်ပြည် ဆင်ဟွာတက္ကသိုလ်နဲ့ ဗဟိုဘဏ္ဍာစီးပွားတက္ကသိုလ်တို့မှ ပညာရှင်များက ကောလိပ်ကျောင်းသား  ၅,၂၈၁ ဦးတို့ရဲ့ ဘဝကို လေ့လာခဲ့ကြပါတယ်။

နို့လက်ဖက်ရည် စွဲလမ်းခြင်း လက္ခဏာတွေ အမှန်တကယ်ရှိမရှိ ဆိုတာနဲ့ စိတ်ဓာတ်ကျခြင်း၊ ပူပန်သောကရောက်ခြင်းတို့နဲ့ ဆက်စပ်နေခြင်းရှိမရှိ ဖော်ထုတ်ရန် ရည်ရွယ်ခဲ့ကြပါတယ်။

နို့လက်ဖက်ရည်ကို အလွန်အမင်း သောက်သုံးချင်စိတ်နဲ့ အလွန်အကျွံ သောက်သုံးခြင်း အခြေအနေတို့ကို တွက်ချက်ကာ ငယ်ရွယ်တဲ့လူတွေက နို့လက်ဖက်ရည် စွဲလမ်းနေတာကို ရှင်းလင်းစွာ တွေ့ရှိခဲ့ကြပါတယ်။

ပါဝင်စမ်းသပ်သူတွေထဲက တဝက်ခန့်နီးပါးဟာ တစ်ပတ်ကို နို့လက်ဖက်ရည် အနည်းဆုံးတစ်ခွက် သောက်ဖြစ်တယ်လို့ ဝန်ခံခဲ့ကြပါတယ်။

နို့လက်ဖက်ရည်တွေဟာ သကြားအများအပြား ပါဝင်တဲ့အပြင် ကဖင်းဓာတ်လည်း ပါဝင်တာကြောင့် ဆယ်ကျော်သက်များမှာ စိတ်အခြေအနေ မမှန်ခြင်း၊ လူမှုပေါင်းသင်းရေး အထီးကျန်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။

ဖြစ်ရတဲ့ အကြောင်းအရင်းကို သေချာမသိရသေးတာကြောင့် ထိုကဲ့သို့ လူကြိုက်များလာတဲ့ သောက်စရာတွေကို နောက်ထပ်လေ့လာမှုတွေ ပြုလုပ်ရဦးမှာ ဖြစ်ပါတယ်။

လူငယ်တွေက စိတ်ခံစားချက်အတိုင်း ဦးစားပေးကာ စိတ်အခြေအနေ ထိန်းညှိဖို့အတွက် နို့လက်ဖက်ရည်ကို သောက်သုံးလာကြတာ ဖြစ်တယ်လို့ သုတေသီများက ခန့်မှန်းထားပါတယ်။

ဒါကြောင့်ဆိုရင်တော့ ဒီသောက်စရာတွေဟာ စွဲလမ်းတတ်ပြီး ဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်ပါတယ်။

နို့လက်ဖက်ရည်ကြောင့် ဖြစ်နိုင်တဲ့ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာများအပြင် အဝလွန်ခြင်း၊ သွားပိုးစားခြင်း၊ စွဲလမ်းခြင်း၊ စိတ်ဓာတ်ကျခြင်း စတာတွေ လျော့ပါးစေရန် တိုင်းတာဆောင်ရွက်ကြဖို့ သုတေသီများ တောင်းဆိုနေကြပါတယ်။
Source: WION
#World_Health
#YMG #Yangon_Times #Yangon_Media_Group