Published 07 October 2023

ဘိုလစ်ဗီးယားလူမျိုး ၃၀၀ ခန့်ဟာ သောကြာနေ့က လာပက်ဇ်မြို့အထက်ပိုင်းမှာ တည်ရှိနေတဲ့ အင်ကာချာကာ ရေကာတာအနီးရှိ ဖုန်ထူထပ်ရာ ကွင်းပြင်သို့ နေပူပြင်းပြင်းထဲ ချီတက်ကာ မိုးရွာသွန်းစေရန်နဲ့ ရေရရှိမှုကို ခြိမ်းခြောက်နေတဲ့ မိုးခေါင်ရေရှားမှုကြီး အဆုံးသတ်စေရန် စုရုံးဆုတောင်းပူဇော်ခဲ့ကြပါတယ်။

လူဦးရေ ၂.၂ သန်းနေထိုင်ရာ လာပက်ဇ်မြို့ကို ရေထောက်ပံ့ပေးနေတဲ့ ရေလှောင်တံမံ ၁၀ ခုမှာ ၁၃၅ ရက်စာအတွက်သာ ရေကျန်ရှိတော့ကြောင်း ဘိုလစ်ဗီးယားနိုင်ငံပိုင် ရေဖြန့်ဖြူးရေးကုမ္ပဏီ EPSAS က သတိပေးလိုက်ပါတယ်။

ယောက်ျားလေးတွေက ဗုံတွေ၊ ပလွေတွေ တီးခတ်နေကြကာ အမျိုးသမီးတွေက နေရောင်ကာကွယ်ရန် ထီးများဆောင်းထားကြပါတယ်။

မျက်လုံးများမှိတ်၊ လက်များက ကောင်းကင်သို့ ဆန့်တန်းကာ ဒူးထောက်ပြီး သူတို့ရဲ့ ဘာသာစကားများဖြင့် ဆုတောင်းပြုကြပါတယ်။

မိုးရွာသွန်းစေရန် ဆုတောင်းပူဇော်ဖို့ တောင်ထိပ်ကို ရောက်ရှိလာကြတာဖြစ်ကြောင်း ဒေသခံ ခရစ်ယာန်ဘုရားကျောင်းမှ အဖွဲ့ဝင် ဆူဆာနာလာရူတာက ပြောပြခဲ့ပါတယ်။

မိုးများများ မရွာဘူးဆိုရင် အမြင့်ပေအထက်ပိုင်းမှာရှိတဲ့ ယင်းမြို့ရဲ့ ရေထောက်ပံ့ရရှိမှုက ဖေဖော်ဝါရီလမှာ ကုန်ဆုံးမှာဖြစ်ပါတယ်။

မိုးရာသီက ဒီဇင်ဘာလမှာ စတင်မှာဖြစ်ပေမယ့် နောက်ဆုံးရ မိုးလေဝသခန့်မှန်းချက်တွေကတော့ အားရစရာမရှိပါဘူး။

အယ်လ်နီညို ရာသီဥတုပုံစံကြောင့် မိုးဖွဲလေးသာ ရွာရန်ခန့်မှန်းရကြောင်း အမျိုးသား မိုးလေဝသဌာနက ဆိုပါတယ်။

ပစိဖိတ်သမုဒ္ဒရာ အရှေ့ပိုင်းနဲ့ အလယ်ပိုင်းတို့ရှိ ရေမျက်နှာပြင် အပူချိန်မြင့်တက်လာစေတဲ့ အယ်လ်နီညိုကြောင့် ရာသီဥတု အစွန်းရောက်တာမျိုး ဖြစ်ပွားနေရပါတယ်။

ရာသီဥတုဖောက်ပြန်မှုကြောင့် ဒီလိုအပြောင်းအလဲတွေ ဖြစ်နေရတာပါလို့ ဒေသခံမက်သဒစ်ဂိုဏ်းအုပ် ဘာနာဒိုဗီဒီယာက ပြောပြခဲ့ပါတယ်။

ကမ္ဘာမြေပေါ် မိုးရွာသွန်းပေးဖို့ ဒေသခံတွေ အတူတကွ ဘုရားသခင်ထံ လာရောက်ဆုတောင်းကြတာ ဖြစ်တယ်လို့ ပြောပြသွားပါတယ်။
Source: Reuters
#World_News
#YMG #Yangon_Times #Yangon_Media_Group