၁၅ ဇွန် ၂၀၂၁

ဒီတစ်ပတ် ကမ္ဘာ့သတင်းတွေထဲမှာ  တုန်လှုပ်ခဲ့ကြရတဲ့ ခေါင်းစီးသတင်းတစ်ပုဒ်ရှိခဲ့ပါတယ်။ အဲဒါကတော့ အီကွေဒေါနိုင်ငံ  က ဘယ်လာမွန်တိုယာ ဆိုတဲ့ အမျိုးသမီးတစ်ဦးကို သေဆုံးသွားပြီလို့ ကြေညာခဲ့ပြီးမှ သူမဟာ ခေါင်း တလားထဲကနေ အသက်ရှင်တဲ့ လက္ခဏာပြသလို့ မိသားစုဝင်တွေ အံအားတသင့်ဖြစ်ခဲ့ကြရတဲ့ သတင်းပဲဖြစ်ပါတယ်။

“ အားလုံးတုန်လှုပ်သွားကြတယ်” လို့ မွန်တိုယာရဲ့သား ဂီလ်ဘာတို ဘာဘာရာက အေပီသတင်းဌာနကိုပြောပါတယ်။

“ အခေါင်းထဲကသေနေတဲ့သူ နိုးထလာတယ်ဆိုတာ ဖြစ်တောင့်ဖြစ်ခဲပဲ” လို့ အင်ဂလီယာရပ်စ်ကင် ဆေးတက္ကသိုလ်မှ အကြီးတန်းကထိက ဒေါက်တာ စတီဖင် ဟတ်ခ်က NPR သတင်းဌာနကိုပြောပါတယ်။

ဆရာဝန်တွေက သေဆုံးပြီလို့ မှားယွင်းကြေညာခဲ့တဲ့ ကိစ္စမျိုးတွေက တစ်ကမ္ဘာလုံးမှာ တစ်နှစ် တစ်နှစ်ကို လက်တစ်ဆုပ်စာလောက်ပဲ ရှိပါတယ်လို့ သူက ခန့်မှန်းပြောဆိုပါတယ်။

ဒါပေမယ့် တစ်ခါတစ်ခါတော့လည်း ဒါမျိုးဖြစ်တာပဲ လို့သူကဖြည့်စွက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကလည်း နယူးယောက်က အသက် ၈၂နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦး  ဘိုးဘွားရိပ်သာမှာ သေဆုံးပြီလို့ကြေညာအပြီး နာရီပိုင်းအကြာမှာ အသုဘအခမ်းအနားကျင်းပရာနေရာမှာ ပြန်ပြီးအသက်ရှင်လာတဲ့ ဖြစ်ရပ်  ဖြစ်ပွာခဲ့ပါသေးတယ်။

လူတစ်ယောက်ကို သေမသေ ပထမဦးဆုံး တုန့်ပြန်မှုရှိမရှိစစ်ဆေးပါတယ်။ အဲဒီနောက် သွေးခုန် မခုန်စမ်းပါတယ်။ အဲဒီနောက် သူငယ်အိမ် တုန့်ပြန်မှုရှိမရှိစစ်ဆေးပါတယ်။ အဲသလိုအဆင့်ဆင့်စစ်ဆေးပြီးလို့ ဘာတစ်ခုမှအလုပ်မလုပ်ရင် တော့ သေဆုံးပြီလို့ပြောနိုင်ပါတယ်။

တစ်ခါတစ်ခါကြတော့လည်း အသက်ရှင်နေသေးတဲ့သူကို သေပြီလို့မှားယွင်းဆုံးဖြတ်တတ်ကြပါတယ်လို့ ဟတ်ချ်က ပြောပါတယ်။ ဆရာဝန်တွေက အလျင်စလိုနှင့် သေသေချာချာ မစစ်ဆေးမိတာနှင့် ဆေးပညာပိုင်းအသိပညာအားနည်းမှု တွေကြောင့်ဖြစ်တယ်လို့လည်း သူကဆက်ပြောပါတယ်။

တစ်ခါတစ်ခါတော့လည်း စက်မှုပိုင်းဆိုင်ရာအားနည်းချက်ကနေ မှားယွင်းစွာအဖြေပေးမိတာလည်းရှိနိုင်တယ်လို့ သူကပြောပါတယ်။  တစ်ကမ္ဘာလုံးမှာ တစ်နှစ်ကို ဒီလိုမျိုးကိစ္စ သုံးခုကနေ လေးခုလောက်တွေ့ဖူးတယ် လို့လည်း သူက  ဆက်ပြောပါတယ်။

Source NPR