#World_Health
Published_ 15 June 2023

အဝလွန်ခြင်းအခြေအနေကြောင့် အဆီနဲ့အချိုများစားပြီးနောက် ပြည့်ဝသွားပြီဆိုတဲ့ခံစားချက်ကို ဦးနှောက်ကသိရှိနိုင်စွမ်း ထိခိုက်နိုင်ကြောင်း လေ့လာတွေ့ရှိထားပါတယ်။

ဒါ့အပြင် ကိုယ်အလေးချိန်သိသိသာသာ လျော့ကျသွားတာတောင် အဆိုပါဦးနှောက်ခံစားချက်ပြောင်းလဲမှုက ဆက်လက်ရှိနေပါသေးတယ်။

အဝလွန်ခြင်းက ရောဂါတစ်မျိုးဖြစ်ပြီး ဦးနှောက်ကိုအမှန်တကယ် ပြောင်းလဲသွားစေကြောင်း ဘော့စ်တွန်အမျိုးသမီးဆေးရုံနဲ့ ဟားဗတ်ဒ်ဆေးတက္ကသိုလ်မှ ဆေးဘက်ဆိုင်ရာပရော်ဖက်ဆာ ဒေါက်တာ'ကယ်ရိုလင်းအေပိုဗီယန်'က ပြောပြခဲ့ပါတယ်။

အဝလွန်သူ ၃၀ ဦးနဲ့ သာမန်အလေးချိန်ရှိသူ ၃၀ ဦးတို့ကို ဂလူးကို့စ်၊ အဆီ၊ ရေတို့ဖြင့် အစာအိမ်ထဲတိုက်ရိုက်ရောက်အောင် ပြွန်ဖြင့်ကျွေးမွေးခဲ့ပါတယ်။

ပါးစပ်ကိုကျော်ပြီး ဦးနှောက်နဲ့အစာအိမ်ချိတ်ဆက်ပုံကို ကြည့်ချင်တာကြောင့်ဖြစ်တယ်လို့ နယူးဟေဗင် ယေးလ်ဆေးတက္ကသိုလ်မှ ပရော်ဖက်ဆာဒေါက်တာ'မီရေးလ်ဆာလီ'က ပြောပြခဲ့ပါတယ်။

အဆီနဲ့ဂလူးကို့စ်တွေက စားစရာအမျိုးမျိုးနဲ့ပတ်သက်ပြီး ဦးနှောက်အစိတ်အပိုင်းများမှာ လှုံ့ဆော်ပေးပုံကို စိတ်ဝင်စားခဲ့ကြပါတယ်။

ပုံမှန်လူတွေမှာဆိုရင် အစားအစာက အစာအိမ်ကိုရောက်တဲ့အခါ နောက်ထပ်စားချင်စိတ်မရှိတော့ပါဘူး။

ဒိုပါမင်းဟော်မုန်းပမာဏများလာကာ ဦးနှောက်ဗဟိုစင်တာတွေ လှုပ်ရှားသွားပါတယ်။

ဒီအစားအစာတွေကိုပဲ အဝလွန်သူတွေစားသုံးတဲ့အခါ ဦးနှောက်လှုပ်ရှားမှု နှေးသွားခြင်းမရှိသလို ဒိုပါမင်းလည်း မြင့်တက်မလာပါဘူး။

ထိုသူတွေအလေးချိန်လျော့ကျတဲ့အခါမှာလည်း ကျန်းမာရေးကောင်းမွန်စေပေမယ့် စမ်းသပ်ချက်များအရ ကိုယ်အလေးချိန်ကျပေမယ့် ဦးနှောက်ထဲကပုံစံတွေကတော့ ပြန်လည်ပြောင်းလဲတာမျိုးမရှိခဲ့ပါဘူး။

စားချင်စိတ်ပြည့်ဝသွားတဲ့ခံစားချက်မျိုးကို ဦးနှောက်က ဆက်လက်မတုန့်ပြန်ဘဲရှိနေတုန်းဖြစ်ပါတယ်။
ဒီအချက်ကြောင့် ကိုယ်အလေးချိန်ကျသွားသူတွေဟာ ခဏအကြာမှာ ပြန်ပြီးကိုယ်အလေးချိန်တက်လာတာဖြစ်နိုင်ပါတယ်။

အဝလွန်ခြင်းက မျိုးရိုးဗီဇနဲ့သက်ဆိုင်နေပြီး ဦးနှောက်ရှိတုန့်ပြန်မှုတွေအပေါ် သက်ရောက်နေပါတယ်။

အဆီတစ်ရှူးတွေ၊ စားလိုက်တဲ့စားစရာတွေ၊ အခြားအကြောင်းအရာတွေက ဒီလိုသက်ရောက်နေတယ်ဆိုတာကိုသိရဖို့ နောက်ထပ်သုတေသနတွေ ထပ်လုပ်ရဦးမှာဖြစ်ပါတယ်။

အဝလွန်ခြင်းပြဿနာရှိနေတဲ့သူများအတွက် ဦးနှောက်တုန့်ပြန်မှုလွဲမှားနေတာကို နားလည်သိရှိထားဖို့လိုအပ်ပါတယ်လို့ ဆာလီကဆိုပါတယ်။

Source: CNN Health
#YMG #Yangon_Media_Group