#World_News
Published_ 4 May 2023

ယူကရိန်းဒရုန်းတွေက ညသန်းခေါင်ကျော်မှာ ရုရှားသမ္မတ'ဗလာဒီမာပူတင်'ရဲ့အသက်ကို ဇီဝိန်ချွေဖို့ ကရင်မ်လင်ရုံးချုပ်ကို တိုက်ခိုက်ခဲ့တယ်လို့ ယူဆရကြောင်း ရုရှားသမ္မတရုံးက အတည်ပြုလိုက်ပါတယ်။

ဒီဖြစ်ရပ်ကို အကြမ်းဖက်တိုက်ခိုက်မှုနဲ့ ရုရှားသမ္မတအား လုပ်ကြံသတ်ဖြတ်ရန်ကြိုးပမ်းမှုလို့ ကရင်မ်လင်နန်းတော်က သတ်မှတ်ဖော်ပြလိုက်ပါတယ်။

စစ်ရေးပဋိပက္ခ နေ့ချင်းညချင်းတင်းမာမှုမြင့်တက်လာခြင်းနဲ့ ပတ်သက်လို့ တုန့်ပြန်ဆောင်ရွက်မှာဖြစ်ကြောင်း ရုရှားက အခိုင်အမာဆိုလိုက်ပါတယ်။

"ညက ယူကရိန်းအစိုးရဟာ ရုရှားဖက်ဒရေးရှင်းသမ္မတရဲ့ ကရင်မ်လင်နေအိမ်ကို ဒရုန်းဖြင့်တိုက်ခိုက်ရန် ကြိုးပမ်းခဲ့ကြပါတယ်။ နန်းတော်ကို ဒရုန်း ၂ စင်းက ပစ်မှတ်ထားခဲ့ပါတယ်" လို့ ကရင်မ်လင်သတင်းဌာနက ဖော်ပြထားပါတယ်။

"ဒီလုပ်ရပ်တွေကို အကြမ်းဖက်လုပ်ရပ်အဖြစ်သတ်မှတ်ပြီး ရုရှားသမ္မတရဲ့အသက်ကို လုပ်ကြံဖို့ကြိုးစားခဲ့တာဖြစ်တယ်။ တိုက်ခိုက်ချိန်တုန်းက ပူတင်ဟာ အဆောက်အအုံထဲမှာ ရှိမနေခဲ့ဘူး" လို့ ဖော်ပြထားပါတယ်။

"ဒီလိုလုပ်ကြံမှုကို ရုရှားအနေနဲ့ သင့်လျော်တဲ့ မည်သည့်အချိန်နေရာမှာမဆို တုန့်ပြန်ခွင့်ရှိပါတယ်" လို့လည်း ဖော်ပြခဲ့ပါတယ်။

ဒီစွပ်စွဲမှုနဲ့ပတ်သက်ပြီး ယူကရိန်းအရာရှိတွေဘက်က ဖြေကြားခြင်းမရှိသေးပါဘူး။

ညသန်းခေါင်ကျော် ၂ နာရီခန့် မီးများမှိတ်သွားတဲ့အချိန်မှာ ကရင်မ်လင်နံရံအနောက်ဘက်ကနေ ပေါက်ကွဲသံ ၂ ခုကြားခဲ့ရကြောင်း ရုရှားပြည်သူများက ပြောပြပါတယ်။

ပြည်သူတွေရိုက်ကူးထားတဲ့ ဗီဒီယိုတွေထဲမှာ ကရင်မ်လင်နန်းတော်အထက် ကောင်းကင်မှာ မီးခိုးတွေပြည့်နေခဲ့ပါတယ်။

ယူကရိန်းဒရုန်း ၂ စင်းက တိုက်ခိုက်တာဖြစ်ပြီး ၂ စင်းစလုံးဖျက်ဆီးခံလိုက်ရပြီဖြစ်ကြောင်း အာဏာပိုင်များက ဆိုပါတယ်။

ထိခိုက်ဒဏ်ရာရသူမရှိခဲ့ဘူးလို့ TASS သတင်းဌာနက ဖော်ပြထားပါတယ်။

ရုရှားကလက်ရှိအချိန်မှာ နှစ်စဉ်မေလ ၉ ရက်ဒုတိယကမ္ဘာစစ်အောင်ပွဲ အထိမ်းအမှတ်ပွဲများမတိုင်မီ လုံခြုံ​ရေးအစီအမံများ ပြင်ဆင်လျက်ရှိပြီး နာဇီဂျာမနီတွေအပေါ် ဆိုဗီယက်ပြည်ထောင်စုအောင်ပွဲနေချိန် ဖြစ်ပါတယ်။

စစ်ပွဲလုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကြောင့် အရာရှိများက လူထုစုဝေးပွဲများကို ထိန်းချုပ်ကန့်သတ်ထားပါတယ်။
Source: WION
#World_News ##ကရင်မ်လင်နန်းတော် #ပူတင်လွတ်မြောက်ခဲ့
#YMG #Yangon_Media_Group