#World_Health
Published 4 May 2023


မျက်လုံးက ဦးနှောက်အတွက် ပြတင်းပေါက်လိုဖြစ်ပြီး မျက်လုံးအနောက်၊ အမြင်အာရုံကြော၊ မျက်ကြည်လွှာတို့ကို ကြည့်ခြင်းဖြင့် အာရုံကြောစနစ်ထဲသို့ တိုက်ရိုက်တွေ့မြင်နိုင်ကြောင်း ဖလော်ရီဒါမှ မျက်စိအထူးကုဒေါက်တာ'ခရစ္စတင်းဂရီယာ'က CNN ကိုပြောကြားလိုက်ပါတယ်။

 

လက္ခဏာမစမီကပင် မျက်လုံးကိုစစ်ဆေးခြင်းဖြင့် အယ်လ်ဇိုင်းမားရောဂါရှိ/မရှိ စစ်ဆေးနိုင်ဖွယ်ရှိကြောင်း လေ့လာတွေ့ရှိထားပါတယ်။

 

ရောဂါအစောပိုင်းအဆင့်တွေကတည်းက တွေ့ရှိနိုင်ရင် ကျန်းမာစွာနေထိုင်နိုင်ပြီး သွေးပေါင်ချိန်မြင့်ခြင်း၊ ကိုလက်စ်ထရောလ် ဆီးချိုမြင့်ခြင်းတို့ကို ထိန်းချုပ်နိုင်မှာဖြစ်ကြောင်း အာရုံကြောပညာရှင် ဒေါက်တာ'ရစ်ချတ်အစ်ဆက်ဆန်'က ပြောကြားလိုက်ပါတယ်။

 

သုတေသီတွေက သိမြင်နိုင်စွမ်းချို့တဲ့လာတဲ့ လူပေါင်း ၈၆ ယောက်ရဲ့ မျက်ကြည်လွှာတွေနဲ့ ဦးနှောက်များထံမှ လှူဒါန်းထားတဲ့ တစ်ရှူးတွေကို လေ့လာခဲ့ကြပါတယ်။

 

ဒီလေ့လာမှုဟာ မျက်ကြည်လွှာနမူနာနဲ့ပတ်သက်ပြီး အကြီးမားဆုံးလေ့လာမှုဖြစ်ပါတယ်။


ဒီနောက် အယ်လ်ဇိုင်းမားနောက်ပိုင်းအဆင့်ဖြစ်နေတဲ့ လူတွေကို သာမန်သိမြင်နိုင်စွမ်းရှိတဲ့သူတွေရဲ့ နမူနာတွေနဲ့ နှိုင်းယှဉ်ခဲ့ကြပါတယ်။

 

အယ်လ်ဇိုင်းမားနဲ့ မှတ်ဉာဏ်ကျဆင်းသူများမှာ အဓိကအမှတ်အသားဖြစ်တဲ့ ဘီတာအမယ်လွိုက်ပရိုတိန်း သိသိသာသာများလာကြောင်း Acta Neuropathologica ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။

 

မှတ်ဉာဏ်ပြဿနာရှိသူတွေမှာ မိုက်ခရိုဂလိုင်ယယ်ဆဲလ်များ ၈၀ ရာခိုင်နှုန်းလျော့နည်းသွားပါတယ်။

 

ဒီဆဲလ်တွေက ဦးနှောက်နဲ့ မျက်ကြည်လွှာတို့မှ ရှင်းလင်းတဲ့ဘီတာအမယ်လွိုက်များ အပါအဝင် အခြားဆဲလ်များပြုပြင်ထိန်းသိမ်းဖို့လည်း တာဝန်ရှိနေပါတယ်။

 

မြင်လွှာအစွန်အဖျားရှိဆဲလ်များမှာ တစ်ရှူးကျုံ့ခြင်းနဲ့ ရောင်ရမ်းခြင်းတို့က နောင်ဖြစ်လာမယ့်သိမြင်နိုင်မှုအခြေအနေအတွက် အကြီးမားဆုံးကြိုတင်ခန့်မှန်းချက်တွေဖြစ်ကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။

 

ဒီတွေ့ရှိချက်များကြောင့် ဆရာဝန်များအနေနဲ့ အယ်လ်ဇိုင်းမားရောဂါ အစောပိုင်းနဲ့ ပိုမိုတိကျစွာသိရှိနိုင်စေမယ့် ပုံရိပ်ဖော်နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာစေရန် ဦးတည်လာနိုင်တယ်လို့ အစ်ဆက်ဆန်မှ ပြောကြားခဲ့ပါတယ်။

 

Source: The Jerusalem Post #World_Health #အယ်လ်ဇိုင်းမားကနဦးလက္ခဏာ
#YMG #Yangon_Media_Group