#World_Health
Published 16 January 2023

 

အိန္ဒိယအမျိုးသားတစ်ဦးဟာ သူ့ရဲ့မျက်နှာမှာ အရည်ပျော်နေကျသကဲ့သို့ဖြစ်ပေါ်နေတဲ့ ရှားပါးရောဂါတစ်ခုခံစားနေရတာကြောင့် လှောင်ပြောင်ခံနေရပါတယ်။

 

"လူတွေက ကျွန်တော့်ကိုလှောင်ပြောင်ပြီး အမျိုးမျိုးခေါ်ဝေါ်နေကြပေမယ့် ဂရုမစိုက်ပါဘူး" လို့ အသက် ၅၂ နှစ်အရွယ် 'ဂိုဗာဒန်ဒက်စ်'က Jam Press ကို ပြောကြားခဲ့ပါတယ်။

 

ဈေးဆိုင်ဖွင့်တဲ့ထိုအမျိုးသားကြီးဟာ neurofibromatosis လို့ခေါ်တဲ့ အလွန်ရှားပါးမျိုးဗီဇရောဂါဖြစ်နေကာ အရေပြားအရောင်ပြောင်းလဲခြင်း၊ အရေပြား ဦးနှောက် အခြားအစိတ်အပိုင်းတလျှောက်ရှိ အာရုံကြောတွေမှာ အကျိတ်တွေကြီးထွားလာတာဖြစ်ပါတယ်။

 

Von Recklinghausen’s ရောဂါလို့လည်းခေါ်ပြီး မျက်နှာပျက်စီးယိုယွင်းတဲ့အခြေအနေဟာ လူ ၄,၀၀၀ မှာ ၁ ယောက်ဖြစ်နိုင်ချေရှိပါတယ်။

 

'ဒက်စ်'ဟာ အသက် ၂၀ မတိုင်ခင်အထိ လက္ခဏာမပြသေးဘဲ နောက်ပိုင်းမှာတော့ မျက်နှာပေါ်မှာ အကျိတ်များဖောထွက်လာကာ မျက်နှာညာဘက်တစ်ခြမ်းလုံး ဖုံးလွှမ်းသွားပါတယ်။

 

ဆယ်စုနှစ် ၃ ခုလောက်အတွင်း အကျိတ်ထုထည်ကြီးက ညာဘက်နားရွက်၊ မျက်လုံး၊ ပါးစပ်တခြမ်းပျောက်ကွယ်တဲ့အထိ တွဲကျလာကာ နှာခေါင်းကလည်း အတော်ရှည်ထွက်လာပါတယ်။

 

ဗီဒီယိုရိုက်ကူးချက်ထဲမှာ ဆိုင်ရှင်ရဲ့အကျိတ်တွေက မျက်နှာပေါ်မှာ အတွဲလိုက်ကျနေပါတယ်။

 

သူ့ရဲ့ရောဂါပြဿနာက အမြင်မသင့်ရုံမက မြင်ရ စားရ စကားပြောရာမှာခက်ခဲပြီး ချွေးထွက်တဲ့အခါ အရေပြားပူစပ်ပြီး ယားယံနေရပါတယ်။
အဆိုးဆုံးကတော့ ဒီရောဂါအတွက် ကုသနည်းမရှိတာပါပဲ။

 

ရောဂါအခြေအနေက ဦးနှောက်နဲ့ဆက်စပ်နေတာကြောင့် ဆရာဝန်တွေက ခွဲစိတ်ပေးဖို့ ငြင်းဆန်ခဲ့ကြပါတယ်။

 

"လူတွေက ကျုပ်ကိုဝိုင်းကြည့်ကြပြီး ကလေးတွေက လန့်နေကြတာကြောင့် ဈေးသွားရင် မသက်မသာဖြစ်ရပါတယ်၊ ဒါပေမဲ့ မိသားစုဝင်တွေနဲ့ နယ်ခံတွေကတော့ ကျုပ်ကိုချစ်ခင်လေးစားကြပါတယ်" လို့ ပြောကြားလိုက်ပါတယ်။

 

ဒီရောဂါကိုခံစားရပြီး ဘဝကိုအရှုံးမပေးတဲ့သူတွေထဲမှာ 'ဒက်စ်'က ပထမဆုံးမဟုတ်သေးပါဘူး။

 

အင်္ဂလန် မန်ချက်စတာမှ အမျိုးသမီးတစ်ဦးကလည်း ဒီဝေဒနာကြောင့် မျက်စိဆုံးရှုံးလိုက်ရပေမယ့် အကောင်းမြင်စိတ်နဲ့ ဆက်လက်ရှင်သန်လျက်ရှိပုံကို TikTok မှာမြင်တွေ့နိုင်ပါတယ်။

Source: NY Post
#Yangon_Media_Group